Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၁ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၁ )

(မိုးမခ) ဇန်နဝါရီ  ၂၆၊ ၂၀၂၄


25/1/24

Diary in the darkness


မနေ့က မိုးကုတ်မြို့ပေါ် ဗုံးကျတယ်။ မိုးကုတ်က အမျိုးတွေ မန္တလေးနဲ့ ရန်ကုန်ကို စစ်ရှောင်ဖို့ ထွက်လာကြပြီ။ ကားပေါ်မှာ ပစ္စည်းအပြည့် တင်သွားကြတယ်။ မိုးကုတ် မန်း ကားလိုင်း လက်မှတ် လကုန်အထိ ရောင်းပြီး။ တမြို့လုံးလိုလို ဆိုင်ကယ်တွေ၊ ကားတွေနဲ့ မြို့ကနေ ထွက်ခွာနေကြတယ်။ အိမ်စောင့် တစ်ယောက် နှစ်ယောက်လောက်ပဲ ကျန်ရစ်ကြတယ်။ ကျန်ရစ်သူတွေက ထွက်ခွာသူတွေရဲ့ ဆိုင်ကယ်နဲ့ ကားတန်းတွေကို‌ ငေးကြည့်ရင်း ပြောမပြနိုင်တဲ့ ဝေဒနာကို ခံစားကြရတယ်။ 

မိုးမိတ်နဲ့ မဘိန်းက မိတ်ဆွေတွေကတော့ ရောက်မလာသေးဘူး။ ဝင်းမှည့်နေတဲ့ တောင်ယာ စပါးခင်းတွေ၊ ကျွန်းအိမ်ကြီးတွေ၊ စပါးကျီကြီးတွေကို စွန့်ပစ်မထားရက်ကြဘူး။ အထူးသဖြင့် လူကြီးပိုင်းက အိုးအိမ်တွေကို စွန့်ခွာဖို့ ငြင်းဆန်နေကြတယ်။ ဈေးကြီးကတော့ ပြာပုံဖြစ်သွားပြီ။ စစ်ကောင်စီတပ်က ဗုံးကြဲလိုတဲ့။ ဒီတခါ ဗုံးကြဲတာ စစ်လေယာဉ်တွေကို မသုံး၊ အရပ်ဘက်လေယာဉ်တွေကို သုံးကြတာတဲ့။ 

ရန်ကုန်နဲ့ မန္တလေးက အမျိုးတွေက စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းတွေ ပြင်သူပြင်၊ သူတို့လုံခြုံရေးအတွက် စီစဉ်သူစီစဉ် ဗျာများနေကြတယ်။

မိုင်းလားက သူငယ်ချင်း ဖုန်းဆက်တယ်။ မိုင်းလားရောက် လောက်ကိုင်စစ်ဘေးရှောင်တွေ လောက်ကိုင်ကို ပြန်ကြပြီ။ စစ်ဒဏ်ခံထားရတဲ့ အိမ်တွေကို သန့်ရှင်းရေးလုပ်ဖို့ မိုင်းလားက အလုပ်သမားတွေကို ခေါ်သွားကြတယ်တဲ့။ လောက်ကိုင်အစိုးရကလည်း မြို့နေလူထုကို ပြန်လာလို့ရပြီလို့ ကြေညာထားတယ်လို့ သိရတယ်။

ကရင် နယ်ခြားစောင့်တပ် PGF ခေါင်းဆောင် စောချစ်သူ က စစ်ကောင်စီရဲ့ လစာငွေကို လက်မခံတော့ဘူးလို့ ကြေညာလိုက်တဲ့ သတင်းကို စိတ်ဝင်စားသူ များနေပါတယ်။

ကျွန်တော်တို့လည်း ဆွေမျိုး စစ်ရှောင်တွေကို လက်ခံနိုင်ဖို့ ပြင်နေရတယ်။ ဆယ်အိမ်မှူးကိုတော့ ပြောပြထားတယ်။ မနေ့က ရပ်ကွက်ရုံးက လူကြီးတွေ တအိမ်တက် တအိမ်ဆင်း လူဦးရေ စာရင်းလိုက်ကောက်တယ်။ ဘာမှ အကြောင်းပြချက်မပေးဘူး။

နယ်တွေမှာ ဓာတ်ဆီပြတ်လို့ ဆိုင်တချို့ ပိတ်လိုက်ရပြီ။ ရန်ကုန် ဘယ်တော့ ဖြစ်မလဲ စိုးရိမ်နေကြတယ်။ 

တော်လှန်ရေးတပ်တွေက မြောက်ပိုင်း သိမ်းပြီးတာနဲ့ နေပြည်တော်အလှည့်လို့ ပြောနေကြတယ်။ 

ငါတို့ အလှည့် ဘယ်တော့လဲ။ 

စစ်ရှောင်ဧည့်သည်တွေ လာရင် အဆင်ပြေအောင် ချဉ်ပေါင်ပျိုးခင်း တခင်း၊ ခရမ်းချဉ်ပျိုးခင်း တခင်း (၅ပေ x၂ ပေ) နှစ်ခင်းတော့ စိုက်ထားတယ်။ ကုန်ဈေးနှုန်းအကြောင်းတော့ ပြောမနေတော့ပါဘူး။ 

တော်လှန်ရေးကာလအတွင်း ဆွေမျိုးတွေ ပြန်ဆုံရတော့မှာမို့ ရင်ခုန် စိတ်လှုပ်ရှားမိတာတော့ အမှန်ပါပဲ။

အန်ကယ် တူမီး

25/1/23



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar