ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၆
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၆
(မိုးမခ) ဇန်နဝါရီ ၂၆ ၊ ၂၀၂၄
အနောက်ဘက်ကျို့ခေတ်၏ အစောပိုင်းကာလ (သို့မဟုတ်) စန်းကျန်းကျီးလွမ် ပြည်တွင်းစစ်
ကျို့ခေတ်ရဲ့ အစောပိုင်းကာလတွေကို အနောက်ဘက်ကျို့ခေတ် (Western Zhou) လို့ ခေါ်ပါတယ်။ တရုတ်ဘာသာနဲ့တော့ ရှီးကျို့(西周Xizhou) လို့ ခေါ်ပါတယ်။
ကျို့နိုင်ငံငယ်ရဲ့ဘုရင် ဝူ က ရှန်းခေတ်ရဲ့နောက်ဆုံးဧကရာဇ် ရှင်း ကို ထီးနန်းက ဖြုတ်ချပြီးနောက်မှာ ကျို့ခေတ်ကို စတင်ပါတယ်။ ပထဝီအနေအထားကို ကြည့်ရင် ရှန်းရဲ့ နန်းတော်ဟာ မြစ်ဝါမြစ်ဝှမ်းမှာ ရှိပြီး၊ ရှန်းရဲ့ လက်အောက်ခံ ကျို့နိုင်ငံငယ်ဟာ မြစ်ဝါမြစ်ထဲကို စီးဝင်နေတဲ့ မြစ်လက်တက်ဖြစ်တဲ့ ဝေမြစ်ဝှမ်းမှာ ရှိပါတယ်။ တရုတ်ပြည်ရဲ့ မြစ်ကြီးတွေဟာ ယေဘုယျအားဖြင့် အနောက်က အရှေ့ကို စီးဝင်ကြတာမို့ ရှန်း မြို့တော်ဟာ အရှေ့ဘက်မှာ ရှိပြီး၊ ကျို့ဟာ ရှန်းပြည်ထောင်ရဲ့ အနောက်ဘက်မှာ ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ကျို့ခေတ်ကို တည်ထောင်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ပြည်တွင်းစစ်ကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ စန်းကျန်းကျီးလွမ် (三监之乱Sān Jiàn zhī Luàn) လို့ခေါ်တဲ့ ပြည်တွင်းစစ်ကြီးပါ။ နယ်စောင့်သုံးယောက်ရဲ့ပုန်ကန်မှု (Rebellion of the Three Guards) လို့ ဘာသာပြန်ကြပါတယ်။ ဖြစ်ပုံက ဒီလိုပါ။
ရှန်းပြည်ထောင်ကို သိမ်းပိုက်ပြီးတဲ့နောက် ကျို့ခေတ်ကို စတင်ပြီး ဧကရာဇ်ဖြစ်လာတဲ့ ဝူ ဟာ သူ့ရဲ့ မြို့တော်ကို အနောက်ဘက်မှာပဲ ဆက်ထားပါတယ်။ (အနောက်ဘက်ကျို့ခေတ်က မြို့တော်တွေဟာ ဒီနေ့ခေတ် ရှီအန်း (Xian) မြို့ တည်ရှိရာ ရှန်းစီးပြည်နယ် (Shaanxi) ထဲမှာ တည်ရှိခဲ့တာ ဖြစ်ပါတယ်။) ကျို့ ပြည်ထောင် တစ်ခုလုံးကို လွှမ်းခြုံတဲ့ အာဏာရဲ့ ဗဟိုချက်ဟာ အနောက်ဘက်မှာ ရှိနေတာမို့ အနောက်ဘက်ကျို့ခေတ် လို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။
ဝူ ဟာ အနောက်ဘက်မှာ နန်းစံနေချိန်မှာ အရှေ့ဘက်အခြမ်းကို ခွဲဝေပြီး တာဝန်ယူဖို့ သူ့ရဲ့ ညီတော် ၃ ပါးဖြစ်တဲ့ ကွမ်းရှူ (管叔Guanshu) ၊ ချိုက်ရှူ (蔡叔Caishu) နဲ့ ဟောက်ရှူ (霍叔Huoshu) တို့ သုံးဦးကို တာဝန်ပေးပါတယ်။
ဧကရာဇ် ဝူ ဟာ ကျို့မင်းဆက်ကို ထူထောင်ပြီး နှစ်နှစ်၊ သုံးနှစ် အကြာမှာပဲ နတ်ရွာလားပါတယ်။ တချို့က ဘီစီ ၁၀၄၃ မှာ လို့ ဆိုပါတယ်။ သူ့ရဲ့သားဖြစ်သူက ချန်း (成Cheng) က ကျို့ပြည်ထောင်ရဲ့ ထီးနန်းကို ဆက်ခံပါတယ်။ ချန်းကို ဘီစီ ၁၀၅၅ မှာ မွေးတယ်လို့ သမိုင်းအချက်အလက်တွေက ဆိုပါတယ်။ ကျို့ခေတ်ထူထောင်တဲ့ ၁၀၄၆ မှာ ချန်းရဲ့ အသက်ဟာ ကိုးနှစ်သားပဲ ရှိပါဦးမယ်။ ဒါကြောင့် ဧကရာဇ်ဝူ သေဆုံးတဲ့ ဘီစီ ၁၀၄၃ မှာ သူ့ရဲ့အသက်ဟာ ၁၂ နှစ်ဝန်းကျင်ပဲ ရှိနိုင်ပါတယ်။ တချို့သမိုင်းတွေက သူ့ရဲ့နန်းသက်ဟာ ဘီစီ ၁၀၄၂ မှာ စတယ်လို့ ရေးတာ တွေ့ရပါတယ်။ ဝူ သေဆုံးပြီး နောက်တစ်နှစ်လို့ ဆိုရမှာပါ။
အသက်အရွယ် သိပ်နုနယ်သေးပြီ ကလေးအရွယ်ပဲ ရှိတဲ့ ဧကရာဇ်ချန်း ဟာ ထီးနန်းကို ထိန်းချုပ်ဖို့ မလွယ်ကူလှပါဘူး။ တိုင်းရေးပြည်ရာကို စီမံကွပ်ကဲဖို့ဆိုတာ ပိုလို့တောင် ဝေးပါသေးတယ်။ ဒါကြောင့် ကျို့မြို့တော်ကို တာဝန်ယူရတဲ့ တန်(Dan) က ချန်းကို ရုပ်သေးရုပ်ဧကရာဇ်အဖြစ်ထားပြီး ထီးနန်းအာဏာတွေကို ရယူကျင့်သုံးပါတယ်။ တန် ဟာ ဝူဧကရာဇ် ရဲ့ အဖေလည်းတူ၊ အမေလည်းတူတဲ့ ညီတော်အရင်း ဖြစ်ပါတယ်။
အဲဒီမှာ ပြည်တွင်းစစ် စဖို့ အကြောင်းဖန်တော့တာပါပဲ။ တိုင်းပြည်ရဲ့ အနောက်ဘက် အာဏာရဲ့ဗဟိုချက်ကို တန် က ဆုပ်ကိုင်လိုက်တဲ့အပေါ် အရှေ့ဘက်မှာ လုံခြုံရေးယူထားပေးရတဲ့ ညီနောင်သုံးဖော်က သဘောမတွေ့တော့ပါဘူး။ ဒါကြောင့် တန် ကို ပြန်တိုက်ပြီး ဖြိုချဖို့ ကြိုးစားပါတော့တယ်။
တကယ်လို့သာ ဝူသာ နောက်ကျပြီးကွယ်လွန်ခဲ့ရင် ဒီလို ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါမှမဟုတ် ဝူ ရဲ့ သား ချန် ထီးနန်းရချိန်မှာ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အသက်အရွယ်ရှိနေရင်လည်း ဒီလို ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ နှောင်းခေတ် ရာဇဝင်ဆရာတွေ ထည့်ပြီး စဉ်းစားကြတဲ့ နောက်ထပ် အချက်တစ်ချက်ကတော့ ညီနောင်သုံးဖော်ထဲက ကွမ်းရှူ နဲ့ တန် တို့ရဲ့ အသက်အရွယ် ကိစ္စပါပဲ။ သူတို့နှစ်ယောက်မှာ ထီးနန်းကို ထိန်းချုပ်ထားတဲ့ တန် က ငယ်ပြီး ကွမ်းရှူက အသက်ကြီးပါတယ်။ ထီးနန်းကို လိုအပ်လို့ ထိန်းချုပ်ရရင်တောင် အစဉ်အလာအရ အစ်ကိုကြီးဖြစ်တဲ့ ကွမ်းရှူကသာ ထိန်းချုပ်ရမှာ ဖြစ်တယ်လို့ ကွမ်းရှူကိုယ်တိုင်ကရော၊ ကျန်တဲ့ ညီနှစ်ယောက်ကပါ ယူဆကြပါလိမ့်မယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် တိုင်းပြည်ရဲ့ ကံကြမ္မာလို့ပဲ ပြောရမှာပါပဲ။ ပြည်တွင်းစစ်ကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ကျို့ပြည်ထောင်ရဲ့ အရှေ့ဘက် နယ်မြေတွေကို စောင့်ရှောက်ပေးနေတဲ့ နယ်စောင့်ကြီးတွေရဲ့ ပုန်ကန်မှုဖြစ်တာကြောင့် (三监之乱Sān Jiàn zhī Luàn)၊ တနည်းအားဖြင့် (Rebellion of the Three Guards) လို့ သမိုင်းမှတ်တမ်းရေးထိုးကြတာပါ။
အဲဒီလို ညီနောင်တွေ စိတ်ဝမ်းကွဲနေချိန်မှာ ရှန်းခေတ်က အာဏာစက်ရဲ့ အကြွင်းအကျန်တွေကလည်း ရှိနေပါသေးတယ်။ သူတို့ကလည်း အခြေအနေပေးရင်ပေးသလို ကျို့ပြည်ကို ပြန်ဖြိုခွဲဖို့၊ ပြန်တိုက်ဖို့ ကြံစည်နေနိုင်တာပါပဲ။ ဒီနေရာမှာ ရှန်းခေတ်ရဲ့ နောက်ဆုံးဧကရာဇ် ရှင်း နဲ့ ဆက်စပ်တဲ့ အချက်အလက်အချို့ကို ပြန်ပြောဖို့ လိုအပ်ပါတယ်။
အဘက်ဘက်က ပျက်စီးယိုယွင်းနေတဲ့ ရှန်းဧကရာဇ်ကို ပြုပြင်ပြောင်းလဲဖို့ သူ့ရဲ့ ညီတော် စုန့်နယ်စား ဝေးဇီ(Weizi)၊ ဦးရီးတော် ပီးကန် (Bigan) နဲ့ ကျီးဇီ (JiZi) တို့က ဖျောင့်ဖျခဲ့ကြပါတယ်။ (တရုတ်သမိုင်း မှတ်စုတို ၁၂ မှာ တင်ပြခဲ့ပါတယ်။) ဝေးဇီက ညီဖြစ်နေတာမို့ လေပြေထိုးပြီး ချော့မော့ ပြောပေမယ့်၊ ပီးကန် နဲ့ ကျီးဇီ က ဦးရီးတော်တွေ ဖြစ်တာကြောင့် အတော်လေး ပြင်းပြင်းထန်ထန် ပြောကြပုံရပါတယ်။ ကျီးဇီ ကို ရှင်းက ထောင်ချလိုက်ပါတယ်။ ပီးကန် ကိုတော့ သတ်လိုက်တယ်လို့ ဆိုပါတယ်။ အချို့ပုံပြင်တွေက ရှင်းက ပညာရှိ ဆိုသူတွေရဲ့ နှလုံးမှာ အပေါက် ၇ ပေါက် ပါတယ်ဆိုတာ ဟုတ်၊ မဟုတ် သိရအောင် ပီးကန်ရဲ့ ရင်ကိုခွဲပြီး နှလုံးကို ဆွဲနုတ်ပစ်ခိုင်းတယ်လို့တောင် ရေးကြပါတယ်။
အဲဒီလို ဖြစ်လာချိန်မှာ ညီတော် ဝေးဇီလည်း ရာထူးကို ပြန်အပ်ပြီး နန်းရိပ်က ခွာလာပါတော့တယ်။ ကြာလာရင် နောက်ထပ် အသတ်ခံရမယ့်သူက သူ ဖြစ်လာနိုင်တယ် မဟုတ်ပါလား။ ဝေးဇီ နန်းတော်က ထွက်လာတဲ့အချိန်မှာ ရှင်းဧကရာဇ်ရဲ့ သားတော်တစ်ပါး ဖြစ်တဲ့ ဝူကွမ်း (武庚Wǔgēng) လည်း ပါလာပါတယ်။ သူတို့တွေက ကျို့ ကို ထွက်ပြေးကြပြီး ကျို့ဘုရင်ရဲ့ အစောင့်အရှောက်နဲ့ နေထိုင်ခဲ့ကြပါတယ်။
ရှန်းခေတ် ကျဆုံးသွားပြီး ကျို့ခေတ် စတင်ချိန်မှာ ကျို့ဧကရာဇ် ဝူ က ဝူကွမ်းကို ရှန်းမြို့တော်ဟောင်း ယင် မှာ ပြန်ထားပေးပါတယ်။ ကျို့ပြည်ထောင်ရဲ့ ပဏ္ဏာဆက်နယ်စားတစ်ဦးအဖြစ်နဲ့ပါ။ ဝေးဇီကိုလည်း စုန့်နယ်စားအဖြစ်နဲ့ ပြန်ထားပေးပါတယ်။ ဧကရာဇ်ဝူ က အဲဒီလို ရှန်းရဲ့ မင်းမျိုးမင်းနွယ်တွေကို နေရာပေးတာ အကြောင်း ရှိပါတယ်။ တိုင်းပြည်ကို ကျို့ပြည်ထောင် ပြန်လည်ထူထောင်နေတဲ့အချိန်မှာ ရှန်း ကို သစ္စာခံခဲ့တဲ့ အရှေ့ဘက်က နိုင်ငံငယ်လေးတွေထဲမှာ အချို့ဟာ ရှန်းခေတ်ကို တမ်းတနေဆဲဖြစ်ပြီး၊ ကျို့ကို ခပ်တန်းတန်း ဖြစ်နေဆဲ၊ သတိကြီးကြီးထားပြီး ဆက်ဆံနေဆဲ ဖြစ်ပါတယ်။ အခါအခွင့်သင့်ရင် ပြန်ပြီး ပုန်ကန်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေကို ထိန်းသိမ်းဖို့အတွက် ရှန်းခေတ်က မင်းညီမင်းသား တစ်ဦးကို သူ့ရဲ့သစ္စာခံခိုင်းပြီး နဂိုနယ်တွေကို ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။
ညီနောင်သုံးဖော်ရဲ့ ပုန်ကန်မှုကို ပြန်ဆက်ကြရအောင်ပါ။ ကျို့နန်းတော်ကို ခြယ်လှယ်နေတဲ့ တန် ကို ပြန်ဖြုတ်ချဖို့အတွက် ညီနောင်သုံးဖော် အင်အားစုစည်းတဲ့အခါ ရှန်း မင်းရိုးဖြစ်တဲ့ ဝူကွမ်း ကိုလည်း စည်းရုံးခဲ့ပါတယ်။ ဝူကွမ်း ဟာလည်း ရှန်းခေတ်ရဲ့ ပြန်အသက်သွင်းလိုသူ ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ ဒါကြောင့် ကျို့ ဗဟိုကို ဖြိုချဖို့ အစီအစဉ်မှာ တက်တက်ကြွကြွ ပါဝင်လာခဲ့ပါတယ်။
အဲဒီကာလမှာ ရှန်းခေတ် ပြိုကျခါစပဲ ရှိသေးလို့ အချို့တိုင်းငယ်ပြည်ငယ်တွေဟာ အင်ပါယာတစ်ခုအောက်မှာ မနေဘဲ သီးခြားခွဲထွက်နေထိုင်ဖို့ အာသိသ ရှိနေပါတယ်။ အထူးသဖြင့် အရှေ့တောင်ပိုင်းဒေသက နိုင်ငံငယ်တွေဟာ ညီနောင်သုံးဖော်ရဲ့ စစ်ရေးကို အကြောင်းပြုပြီး ကျို့ပြည်ကို ပြန်ဖြိုခွဲရင် လွတ်လပ်တဲ့ နိုင်ငံငယ်တွေအဖြစ် ပြန်လည်ရပ်တည်နိုင်ဖို့ ကြိုးစားလာပါတယ်။ ဒါကြောင့် အနောက်ဘက်က ကျို့နန်းတော်ကို ဖြိုချတဲ့ ပုန်ကန်မှုမှာ လက်တွဲပါဝင်ခဲ့ပါတယ်။
တချို့ တည်တည်ငြိမ်ငြိမ်နဲ့ ပုန်ကန်မှုမှာ မပါဝင်တဲ့နိုင်ငံတွေလည်း ရှိပါတယ်။ ဥပမာ ဝေးဇီ ရဲ့ စုန့်နယ် ဖြစ်ပါတယ်။
ပုန်ကန်မှု ဆိုပေမယ့် တကယ့်စစ်ပွဲတော့ မဖြစ်သေးပါဘူး။ သူတို့က ကျို့အင်ပါယာထဲက ခွဲထွက်လိုက်တယ်၊ ဗဟိုကို သစ္စာမခံတော့ဘူး ဆိုတဲ့အဆင့်ပါပဲ။ ကျို့နန်းတော်အတွက်တော့ အရှေ့ဘက်နယ်မြေတွေ ဆုံးရှုံးသွားတယ်လို့ ဆိုရပါတယ်။
အရှေ့အရပ်က စတင်ပုန်ကန်ပြီ ဆိုတဲ့အချိန်မှာ ကျို့ နန်းတော်က ပြန်ပြီးတိုက်မလား၊ အရှေ့ဘက်နယ်မြေတွေကို အဆုံးရှုံးခံမလား စဉ်းစားကြရပါတယ်။ ဧကရာဇ်ငယ်လေး ချန် ကတော့ ဦးရီးတော်တွေကို ပြန်တိုက်ချင်ပါတယ်။ ဒါပေမယ့် နန်းတော်ထဲက အကြံပေးအမတ်အတော်များများကတော့ စစ်ပြန်မတိုက်ဖို့ အကြံပေးကြပါတယ်။ တိုင်းပြည်က စုစည်းထားတာ မကြာသေးတာမို့ ပြန်ပြိုကွဲမှာကို စိတ်ထဲသိပ်မထားတာလည်း ဖြစ်နိုင်ပါတယ်။ တိုင်းပြည်ထူထောင်စမှာ တစ်နိုင်ငံလုံး မတည်ငြိမ်တာမျိုး ဖြစ်မှာကို စိုးရိမ်လို့လည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ထီးနန်းကို ချုပ်ကိုင်ထားတဲ့ တန် က ဧကရာဇ်ငယ်လေးဘက်က ရပ်တည်ပါတယ်။ အရှေ့ဘက်နယ်မြေတွေ ပြန်သိမ်းနိုင်ရေးကို အားပေးထောက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ ပြည်တွင်းစစ်က တကယ့်ကို စတင်ခဲ့ပါတယ်။ ချန်ဧကရာဇ် ကိုယ်တိုင် ရှေ့တန်းအထိ ထွက်တိုက်တယ်လို့ အရိုးစာ အထောက်အထားတွေအရ သိရပါတယ်။
ပထမဆုံး တစ်နှစ် အတွင်းမှာတော့ ကျို့ တပ်တွေဟာ အရှေ့ဘက်က ပုန်ကန်သူတွေကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ အဆင်သင့် မဖြစ်သေးတာလည်း ပါသလို၊ တောင်တန်းတွေကိုကျော်ပြီး ဝေမြစ်ကို ဖြတ်ဖို့၊ အရှေ့ဘက်လွင်ပြင်မှာ တပ်တွေချဖို့တင် အချိန် နှစ်လ ကြာမြင့်ခဲ့တာကြောင့်လည်း ပါတယ်လို့ ဆိုပါတယ်။
ဒီမှာလည်း ကျို့နန်းတော်ရဲ့ စစ်ရေးမဟာဗျူဟာ ပညာရှင် ကျန်းဇစ်ယာ က စစ်ကို ဘယ်လိုတိုက်ရမယ်ဆိုတာကို ကူညီပြီး ဗျူဟာချမှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဗျူဟာတွေနဲ့အတူ အရှေ့အရပ်က ပုန်ကန်မှုကို ၂ နှစ် ၃ နှစ် အတွင်းမှာ အောင်မြင်အောင် ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရှန်းခေတ်ကို ပြန်တမ်းတတဲ့ ရှန်းဧကရာဇ်နွယ်တွေဟာ ဝူကွမ်း သေဆုံးရတာကို မျက်စိရှေ့တင် တွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။ ရှန်းခေတ်ရဲ့ လက်ကျန် ယင် မြို့ကြီးကိုလည်း ဖျက်ပစ်လိုက်ပါတော့တယ်။
ပုန်ကန်မှုကို အစပြုခဲ့တဲ့ ညီနောင်သုံးဖော်ထဲက ကွမ်းရှူ နဲ့ ဟောက်ရှူ ကတော့ ကျို့တပ်တွေ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ ချိုက်ရှူကတော့ ထွက်ပြေးသွားပါတယ်။ ခေါင်းဆောင်ဖြစ်တဲ့ ကွမ်းရှူ ကို ကွပ်မျက်လိုက်ပြီး။ ဟောက်ရှူကိုတော့ အဆောင်အယောင်၊ စည်းစိမ်တွေ၊ ရာထူး၊ အာဏာတွေ ပြန်သိမ်းပြီး အရပ်သားအဖြစ်နဲ့ နေထိုင်သွားစေတယ်လို့ ဆိုပါတယ်။
တန် ဟာ အရှေ့ဘက်ကနေ ပုန်ကန်လာသူတွေကို နှိမ်နှင်းနိုင်ခဲ့ပြီးတဲ့နောက် အရှေ့ဘက်မှာ စစ်ရေးကို ထပ်မံတိုးချဲ့ခဲ့ပြီး တိုင်းပြည်နယ်နိမိတ်ဟာလည်း ယခင်ကထက် ပိုကျယ်ပြန့်လာတယ်လို့ ဆိုကြပါတယ်။
အနောက်ဘက်ကျို့ခေတ်ရဲ့ စတင်ပုံ နဲ့ စန်းကျန်းကျီးလွမ် ပြည်တွင်းစစ်ကြီးက ခွဲခြားလို့ မရဘဲ ဆက်စပ်နေပါတယ်။ တရုတ်ပြည်အကြောင်း လေ့လာခဲ့တဲ့အခါ သူတို့သမိုင်းထဲက စစ်ပွဲတွေနဲ့၊ စစ်ပွဲကို ကိုင်တွယ်ပုံတွေကလည်း အရေးတကြီး လေ့လာသင့်တဲ့ အကြောင်းအရာပဲ ဖြစ်တယ်လို့ ယူဆမိသလို၊ စန်းကျန်းကျီးလွမ် ပြည်တွင်းစစ်ကြီးအကြောင်း ကလည်း အဲဒီလို လေ့လာရာမှာ အထောက်အကူပြုမယ်လို့ ယုံကြည်မိပါတယ်။
စန်းကျန်းကျီးလွမ် ပြည်တွင်းစစ်၊ ဒါမှမဟုတ် အနောက်ဘက်ကျို့ခေတ် ရဲ့ တိုင်းပြည်ထူထောင်စမှာ ကြုံတွေ့ရတဲ့ ပြဿနာကို ပြန်လည်သုံးသပ်ကြည့်ရင်း ထုတ်ယူမိတာကတော့ ဖိနှိပ်သူကို စစ်အနိုင်တိုက်ပြီး ဖြိုချလိုက်နိုင်တယ်ဆိုရင်တောင် ကိုယ့်အချင်းချင်း ပြဿနာတွေ ပေါ်ပေါက်လာပြီး စစ်ပွဲတွေ ထပ်ဖြစ်နိုင်သေးတယ် ဆိုတဲ့ သမိုင်းသင်ခန်းစာ တစ်ရပ်ပါ။
ဒါ့အပြင် ခေတ်ဟောင်းကို ဖြိုဖျက်လိုက်ပေမယ့် ခေတ်ဟောင်းရဲ့ အာဏာရပ်ဝန်းက အကြွင်းအကျန်တွေဟာ အခွင့်အခါကို စောင့်ရင်း ခေတ်သစ်ကို ပြန်ပြီး ရန်မူနိုင်တယ်ဆိုတဲ့အချက်ကလည်း သတိပြုဖွယ် တွေ့ရှိရပါတယ်။ အခြေအနေတရပ်အရ ခေတ်ဟောင်းက လူတွေကို ခေတ်သစ်မှာ တွဲသုံးနေရသေးတဲ့ အချက်ကိုလည်း မှတ်သားစရာပါ။
ခေတ်ဆိုး စနစ်ဆိုးကို ဖြိုဖျက်ပြီး၊ ခေတ်သစ်တစ်ခုကို တည်ဆောက်မယ့်သူတွေ လေ့လာမယ်ဆိုရင် စန်းကျန်းကျီးလွမ် ပြည်တွင်းစစ်သမိုင်းဟာ အင်မတန်အဖိုးတန်တဲ့ ဗဟုသုတဟင်းလေးအိုးကြီးပါပဲ။
~~~~~~~~~~~~~~~~~~~~~
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀ 👉https://www.moemaka.com/2024/01/blog-post_162.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁ 👉https://www.moemaka.com/2024/01/blog-post_872.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂ 👉https://www.moemaka.com/2024/01/blog-post_8245.html
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar