Breaking News

စစ်ပွဲများ သေဆုံး ပျက်စီးမှုများနှင့် ပျက်စီးဆုံးရှုံးသွားသည့် နိုင်ငံတနိုင်ငံ

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၇ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၂၄


စစ်ပွဲများ သေဆုံး ပျက်စီးမှုများနှင့် ပျက်စီးဆုံးရှုံးသွားသည့် နိုင်ငံတနိုင်ငံ

နေ့စဥ် ဖတ်ရှု နားထောင်ရသည့် မြန်မာနိုင်ငံ ဒေသအသီးသီးနဲ့ပတ်သက်သည့် သတင်းများတွင် စစ်မက်ဖြစ်ပွားမှုကြောင့် အသက်ဆုံးရှုံးရသည့် အရွယ်မရောက်သေးသည့် ကလေးသူငယ်၊ ကိုယ်ဝန်သည်၊ အသက်အရွယ်ကြီးရင့်သူ၊ လူရွယ်လူလတ်ပိုင်း၊ ကျား မ စသဖြင့် အရွယ်အမျိုးမျိုး ပါဝင်နေကြသည်။ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် နေအိမ်တွင် နေရင်း အသက်ဆုံးရှုံးကြရသူ၊ လေယာဥ်နှင့် ပစ်ခတ်မှု၊ ဗုံးကြဲမှုကြောင့် နေအိမ် ပျက်စီးသလို လူလည်းအသက်အန္တရာယ်ကျရောက်ကြရသည့် သတင်းတွေက နေ့စဥ် သတင်းခေါင်းစဥ်တွေထဲ တန်းစီထားသလား အောက်မေ့ရ လောက်အောင် ထပ်ကာထပ်ကာ ဖြစ်ပျက်နေကြသည်။ 

ကျေးရွာတွေ မြို့တွေမှာ နေထိုင်နေကြသည့် အရပ်သားတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက PDF အဖွဲ့ဝင် သို့မဟုတ် မိသားစုဝင် PDF ဖြစ်ခြင်းကြောင့် သို့မဟုတ် အားပေးကူညီမှုကြောင့် တရားစီရင်သည်အထိ မလုပ်တော့ဘဲ ဖမ်းဆီးသည့် ကျေးရွာတွေမှာပင် စစ်ကြောင်းက အခြား တနေရာသို့ မရွှေ့ပြောင်းမီ သတ်ဖြတ်ခဲ့ကြသည့် အဖြစ်အပျက်တွေလည်း ဖတ်ရှုနေကြရသည်။ PDF ၏ ဇနီးဖြစ်သူကိုလည်း သတ်ဖြတ်သလို PDF ၏မိဘဖြစ်သူကိုလည်း သတ်ဖြတ်ကြသည့် အဖြစ်အပျက်တွေ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းထဲမှာ ထပ်ခါတလဲလဲ ဖြစ်ပွားနေသည့် သတင်းများ ဖတ်ရှုကြရသည်။ အရေအတွက်အားဖြင့် နည်းသော်လည်း အလားတူ လက်စားချေသတ်ဖြတ်မှုမျိုး ဖြစ်သည့် ပျူစောထီး မိသားစုဟု ယူဆခံရသည့် သူများလည်း PDF များက သတ်ဖြတ်သည့် သတင်းမျိုးလည်း မကြာမကြာ ဖတ်ရှုရလေ့ရှိသည်။ 

ကျေးရွာဒေသတွေမှာ ဖြစ်ပွားသည့် အခုလို သတ်ဖြတ်မှု သတင်းမျိုးနှင့် အနည်းငယ်ကွဲပြားသည့် သတင်းတွေက မြို့တွေမှာ စစ်ကောင်စီတပ်တွေက PDF လူငယ်ဟု ယူဆသူ၊ NLD ပါတီမှ စည်းရုံးရေးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားပြီး အလောင်းသာပြန်ရသည့် သတင်းတွေ၊  မြို့ပြပြောက်ကျား ဟု အများကခေါ်ဆိုကြသည့် လက်နက်ကိုင်ကာ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးကင်းတွေ ကို မိုင်းခွဲခြင်း ပစ်ခတ်ခြင်း နှင့် သတင်းပေး ဒလန်ဟု ယူဆသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး၊ စစ်မှုထမ်းဟောင်း စသူတွေကို လုပ်ကြံသတ်ဖြတ်သည့် သတင်းမျိုး ပြီးခဲ့သည့် နှစ်တွေက အများအပြား ဖတ်ရှုခဲ့ကြရသည်။ ခု လပိုင်းတွေမှာတော့ အဆိုပါ သတင်းတွေ အနည်းငယ် နည်းပါးလာပြီး လက်နက်ကိုင် တိုက်ပွဲသတင်းတွေက ပိုမိုများပြားလာသည်ကို သတိပြုမိသည်။ 

ကျေးလက်နယ်တွေသာမက မြို့တွေကိုပါ သိမ်းယူဖို့ တိုက်ခိုက်လာချိန်က စပြီး မြို့တွေရဲ့ ပျက်စီးဆုံးရှုံးမှု သတင်းတွေ ပိုတွေ့ရှိလာကြရသည်။ စစ်ကောင်စီတပ်တွေက မြို့တွေမှာ PDF နဲ့ ERO လို့ ခေါ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နေရာယူထားကြသည်ဟု ယူဆသည့် နေရာတွေကို လေကြောင်းမှ ဗုံးကြဲတာ၊ သို့မဟုတ် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ကြပြီး ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေ ပျက်စီးဆုံးရှုံးကြရသည့် သတင်းတွေ ဆက်တိုက်ဆိုသလို ဖတ်ရှုကြရသည်။ ကရင်နီဒေသရှိ မြို့တွေ ကျေးရွာတွေက ခရစ်ယာန်ဘုရားကျောင်း အများအပြားပျက်စီး ဆုံးရှုံးခဲ့ကြရပြီးနောက် ရှမ်းမြောက်ဒေသတွင်လည်း ကျေးရွာတွေမှာ အကြီးဆုံး အဆောက်အဦတွေ ဖြစ်သည့် ဘုန်းတော်ကြီးကျောင်းတွေ ပျက်စီးဆုံးရှုံးကြရသည်ကို ယခုလပိုင်း အတွင်းသတင်းတွေထဲ မကြာခဏ တွေ့ကြရသည်။ 

စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ ဘုရားစေတီတွေက ကျေးရွာတွင် နေရာ ကျယ်ကျယ် ဝန်းဝန်းရှိသည့် အဆောက်အဦတွေ ဖြစ်၍ လက်နက်ကိုင် တပ်တွေ အနေနှင့် နေရာယူစရာ စခန်းချစရာအဖြစ် ရွေးချယ်လေ့ရှိပြီး စစ်မြေပြင်အဖြစ် ပျက်စီးဆုံးရှုံးကြရသည့် အဖြစ်မျိုးဟု ကောက်ချက်ချနိုင်သည်။ 

အညာဒေသ စစ်ကိုင်းတိုင်းက ကျေးရွာအများအပြားမှာ စစ်ကောင်စီ စစ်ကြောင်းဝင်လာသည့်အခါ ကျေးရွာသားများထဲမှ ထွက်ပြေးတိမ်းရှောင်ရန် အခွင့်မသာသည့်သူတွေက ဘုန်းကြီးကျောင်းများတွင် ခိုလှုံကြသလို စစ်ကောင်စီတပ်တွေကလည်း ဘုန်းကြီးကျောင်းဆီ ဦးတည် ဝင်ရောက်လာပြီး ရှာဖွေလေ့ရှိသလို စစ်ဆေးမေးမြန်းမှု၊ နှိပ်စက်မှုနှင့် သတ်ဖြတ်မှုတွေသည်လည်း ဘုန်းကြီးကျောင်းတွေမှာ ဖြစ်ပွားလေ့ရှိသည်ကို သတင်းတွေ အဖြစ်အပျက်တွေထဲ မကြာခဏ ဖတ်ရှုကြရမှာ ဖြစ်သည်။ ဘာသာရေးရှုထောင့်အရ ဆိုလျှင် သူတပါးအသက်ကို သတ်ဖြတ်ဖို့ မပြောနှင့်၊ ရိုက်နှက် ညှဉ်းဆဲမှုပင် မလုပ်သင့်သည့်နေရာ ဖြစ်သော်လည်း အသက်ပေါင်းများစွာ ဘုန်းတော်ကြီးကျောင်း ပရဝဏ်တွေအတွင်း ဆုံးရှုံးခဲ့ကြရပြီးဖြစ်သည်။ စာသင်ကျောင်းတွေက လက်နက်ကိုင် တပ်ဖွဲ့တွေ နေရာယူတိုက်ခိုက်သည့် နေရာတွေ ဖြစ်ခဲ့ကြသလို အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ကြရပြီ ဖြစ်သည်။ 

ဆေးရုံတွေ စာသင်ကျောင်းတွေကို လက်နက်ကိုင် တပ်ဖွဲ့များအနေနှင့် နေရာယူ တပ်စွဲခြင်းမျိုး မလုပ်ရ ဆိုသည့် နိုင်ငံတကာက လက်ခံထားကြသည့် ဥပဒေ၊ စည်းမျဥ်းစည်းကမ်းတွေ ရှိသော်လည်း မြန်မာနိုင်ငံတွင် အဆိုပါ ဥပဒေတွေက အလေးထားခြင်း မခံကြရသည့် အနေအထားလည်းဖြစ်သည်။ 

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြို့ ပေါင်း ၂၀ ကျော်ကို စစ်ကောင်စီ ထိန်းချုပ်မှုမှ လက်လွှတ်ဆုံးရှုံး ခဲ့ရပြီဖြစ်သည်။ အဆိုပါ မြို့တွေမှာ ရှိသည့် ရုံးတွေ၊ လူနေအိမ်တွေ၊ စျေးတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေအများအပြား မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြရပြီး ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့ မှ ၂ ထပ်ဈေးကို ဒရော့ဗုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် မီးလောင်ပျက်စီးသည့် သတင်းလည်း ဖတ်ရှုခဲ့ကြရသည်။ ရခိုင်တွင်လည်း မင်းပြား၊ ပေါက်တောမြို့တွေမှ ဈေးတွေ လူနေအိမ်တွေ အများအပြားပျက်စီးခဲ့ကြရပြီး ဖြစ်သည်။ စစ်အာဏာရှင် ဖြစ်သည့် စစ်ကောင်စီကို ပြုတ်ကျအောင် အပြီးတိုင် ဖယ်ရှားနိုင်အောင် တိုက်ခိုက်ကြရသည့် အရေးတွင် အခုလို လူ့အသက်၊ ပိုင်ဆိုင်မှု၊ လူမှုအသိုင်းအဝိုင်း တခုလုံးနှင့် ဆိုင်သည့် ပညာရေး၊ ဘာသာရေး အဆောက်အဦတွေ ဆုံးရှုံးမှုမျိုးက မလွှဲမရှောင်သာ ကြုံတွေ့ရမည်ဟု အချို့က ဆိုကောင်းဆိုကြမည် ဖြစ်သည်။ အောင်မြင်မှုတခုအတွက်၊ ရည်မှန်းချက် တခုအတွက် အရင်းအနှီး ပေးဆပ်မှုက ရှိရမည်ဟု ယုတ္တိဗေဒ အဆိုဖြင့် ကာကွယ်ပြောဆိုကြမည် ဖြစ်သည်။ 

သို့သော် အရင်းအနှီးက များလွန်းသလား အနည်းဆုံးအရင်းအနှီးလား ဆိုသည့် အချက်ကတော့ ဆွေးနွေး ငြင်းခုံစရာ အချက်တခုဖြစ်နေဦးမည် ဖြစ်သည်။ 

စနစ်ဟောင်းကို ဖြိုဖျက်ရာတွင် ဆင်ခြင်တုံတရားရှိရှိ ကျင့်သုံးသည့်နည်းလမ်းနှင့် ရှင်းလင်း ပြတ်သားပြီး အများသဘောတူညီမှုရှိထားသည့် ပန်းတိုင်တို့ ရှိဖို့က အခုလိုအခြေအနေမျိုးတွင် အရေးအကြီးဆုံးဟု ဆိုချင်ပါသည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar