Breaking News

ညိုထွန်းလူ - မြောက်လေဆော်သွေး အေးတဲ့လရာသီ

ဓာတ်ပုံ- လှဂုဏ်ရည် ဆရာဦးကျော်ဝင်း
မြောက်လေဆော်သွေး အေးတဲ့လရာသီ
ညိုထွန်းလူ
(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၂၄

တကယ်တော့ ပေါ့ပေါ့ပါးပါးမန္တလေးစာအုပ်ထဲက ရေးထားခဲ့တာတွေကို fbမှာ ကိုယ့်မိတ်ဆွေအချင်းချင်းမျှဝေခံစားစေပြီး အလွမ်းဖြေဖို့လောက်သာရည်ရွယ်ခဲ့တာပါ။ ဒါပေသိ မမျှော်လင့်ဘဲနဲ့ အဲဒီအလွမ်းတွေနဲ့အမှတ် တရတွေက ကျွန်တော့်မိတ်ဆွေများကို နိုးဆွလိုက်သလိုဖြစ်သွားပြီး သူတို့က ဒီအကြောင်းလေးလည်းရေးပါဦး၊ ဟိုအကြောင်းလေးလည်းရေးပါဦးလို့ သတိရစရာတွေကို အစဖော်ပေးလိုက်တော့ ကျွန်တော့်စိတ်အာရုံတွေက ဖျိုးဖျိုးဖျတ်ဖျတ်နဲ့ လင်းလက်လာခဲ့ပြန်ပါရော။ 
ဪ တွေးကြည့်လိုက်တော့လည်း အတိတ်မှာကျန်ခဲ့တဲ့ ငါတို့ရဲ့မန္တလေးမှာ သတိတရနဲ့လွမ်းစရာတွေက များလှပါကလား။ နွေလည်းနွေ၊ မိုးလည်းမိုး၊ ဆောင်းလည်းဆောင်း။ လရာသီတွေပြောင်းလဲသွားလည်း လွမ်းရတာတွေက မသိစိတ်ထဲမှာကျန်ရစ်နေဆဲ။ အဲတော့ ပေါ့ပေါ့ပါးပါးမန္တလေးထဲက ဆက်ပြီးရေးရမှာတွေကို ခဏရပ်ဆိုင်းပြီး စိတ်ကူးထဲပေါ်
လာခဲ့တာလေးကိုကြားဖြတ်ရေးဖို့ အကြောင်းဖန်လာခဲ့ရပြန်ပြီ‌ပေါ့။ 

ရာသီဥတုကလည်း မိုးလေးတစ်ပေါက်နှစ်ပေါက်ကျပြီး စိမ့်နေအောင်အေးသဗျာ။ ဘယ်မှလည်း ထွက်စရာမရှိ၊ အိမ်ထဲမှာငြိမ်ကုပ်ထိုင်နေတဲ့ ကျွန်တော့်စိတ်အာရုံတွေက လွင့်မျောနေ။ ပြာသိုမှာ ခွာညိုတွေပွင့်နေပြီကိုးမန္တလေးရေ။ တွေးရင်းနဲ့ ဒေါ်မာမာအေးသီဆိုခဲ့တဲ့ ဆရာမြို့မငြိမ်းရဲ့မြင်းခင်းတော်သီချင်းက ဆောင်းလေအေးနဲ့အတူ ရင်ထဲကို တစိမ့်စိမ့်တိုး
ဝင်လာခဲ့လေရဲ့။

"ငွေနှင်းမှုန်ရီ ဝေဝေစီ၊ မြောက်လေဆော်သွေး၊ အေးတဲ့လရာသီ၊ သမယအခါဆီ၊ ပြာသိုခွာညို ညှာစိုစမ်းလဲ့လန်း ရွှေနန်းတော်တွင်း လဲ့ဝင်းမူရာပလီ၊ သူဇာဒေဝီ၊ တော်ဝင်ပန်းကို မြန်းလို့ဆင်ရှာသည်၊ ဗျာပါဆံကလေးချ အရွယ်ညီ၊ ဘွေသဖန်း ရဝေနန်း ရွှေကြငှန်း ဆောင်ဘုံဆီ။
လာချေပြီ ပျိုတို့မောင်ပဲ သူလည်းပါလေသည်၊(လာချေပြီ)၂။ မှုန်မှုန်မဲမဲ လူမကွဲတကွဲ နှင်းလည်းဝေပြာရီ၊ မင်းညီမင်းသား မှူးမတ်သားများ ယောက်ျားအာဇာနည်၊ လက်ရုံးရည်၊ နှလုံးရည်၊မြင်းကလည်း မြင်းချောမာန်ဖီ၊ ခါးပတ်တော်ကရွှေချည်ငွေချည်၊ မောက်တိုမောက်လူ ဗာလီကွေးနဲ့ အဲမောင်းလှံရေးပြိုင်ကြသည်၊ ဗမာ့တံခွန် ထူချိန်စီ၊ ခွာသံချင်းယှက် (ဂေါက်ဂက်)၂၊ ဘယ်ညာမြိုင်မြိုင်ချီ။"

တိုးတိုးလေးသီချင်းဆိုရင်းနဲ့ အတွေးတွေက ကျုံးနဲ့နန်းမြို့ရိုးကြီးကိုဖြတ် သန်းကျော်လွန်ပြီး နန်းတွင်းထဲကို ရောက်သွားပါတယ်။ နန်းတွင်းလို့ခေါ်တဲ့နန်းမြို့တွင်းကိုမရောက်ဖြစ်တာ နှစ်သုံးဆယ်လောက်တောင် ကြာပြီထင်ရဲ့။ အဲဒီအထဲကို ဝင်ဖို့ထွက်ဖို့က ခွင့်ပြုမိန့်ယူရမှာဆိုတော့ ကြည့်စရာရှုစရာထူးထူးခြားခြားလည်းမရှိလို့ စိတ်မဝင်စားတော့သလို သွားချင်လာချင်စိတ်လည်းမရှိ၊ မသွားရလည်း ဘာမှမဖြစ်ပါဘူး၊ နေပေါ့ဟာလို့ပဲ တွေးလိုက်မိပေတယ်။ ဒါပေသိ စောစောကပြောသလို သူ့အခါသူ့ရာသီရောက် လာတော့လည်း မြင်းခင်းတော်သီချင်းကလေးနဲ့အတူ ရတနာပုံခေတ် ကာလက ပုံရိပ်တွေကို မြင်ယောင်ကြည့်လိုက်မိရဲ့။ 
ဒီလိုအချိန်ရောက်ရင် ရွှေနန်းတော်ရှေ့က မြေကွက်လပ်မှာ မြင်းခင်းတော် ဆင်ယင်ကျင်းပ‌နေမလားပဲ။ မင်းညီမင်းသားတွေရဲ့ လက်ရုံးရည်နှလုံးရည်ပြသကြတဲ့ပွဲဖြစ်တော့ ဘယ်လောက်များခမ်းနားကြီးကျယ်လိုက်မလဲ။ ဓားလှံအဲမောင်းစတဲ့ ကိုင်ဆောင်ထားတဲ့လက်နက်တွေနဲ့ ယောက်ျား
ဘသားအစွမ်းပြကြတယ်။ ဒီပွဲကို သူဇာဒေဝီ ရွှေနန်းတော်သူတွေလည်း အရောက်လာပြီး ရှုစားကြသတဲ့။ မြင်းကလည်း မြင်းချောမာန်ဖီ၊ ခါးပတ်တော်က ရွှေချည်ငွေချည် မောက်တိုမောက်လူဗာလီကွေးနဲ့ အဲမောင်းလှံရေးပြိုင်ကြသည်လို့ သီချင်းထဲက အတိုင်းပေါ့။ သူရဲကောင်းတွေရွေး
ချယ်တဲ့ပွဲမို့ တစ်ယောက်နဲ့တစ်ယောက် အနိုင်မခံ အပြိုင်ကြဲကြတယ်။ 
ပြိုင်ပွဲမှာ အနိုင်ရသူတွေကိုလည်း သူဇာဒေဝီတို့က ပွဲကြည့်စင်မြင့်ပေါ်မှ သူတို့ကိုယ်ပေါ်မှာ လွှမ်းခြုံထားတဲ့ပုဝါပိုင်းတွေကို လှမ်းပစ်ပေးပြီး ဂုဏ်ပြုကြသတဲ့ဗျ။ မြင်းခင်းတော်ပွဲသဘင်ဟာ တကယ်အစွမ်းရှိမှသာ ထိုက်
ထိုက်တန်တန်နဲ့ သူရဲကောင်းစစ်သူကြီးအဖြစ် နေရာရနိုင်တာမဟုတ်ပါလား။ မှူးကြီးမတ်ကြီးတွေ ဘယ်သူဘယ်ဝါနဲ့သိလို့ဆိုပြီး အကပ်ကောင်းတာနဲ့ ရာထူးနေရာတစ်ခုရဖို့တော့ မချောင်တဲ့သဘောပဲ။ လက်ရုံးရည်နှလုံးရည် ထူးချွန်ပြည့်ဝကြတဲ့သူတွေကသာ တိုင်းပြည်ရဲ့အန္တရာယ်ကို ကာကွယ်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်နိုင်ကြပေမပေါ့ဗျာ။

အဝေးသို့လွင့်ပျံ့နေတဲ့စိတ်အာရုံဟာ ခေတ်အမျိုးမျိုးကိုအမြန်ကျော်လွှားပြီး ယနေ့ဒီဘက်ခေတ်ကို ပြန်ရောက်လာခဲ့တယ်။ ရှေးရှေးတုန်းက မှူးမတ်တွေ၊ ရွှေစာတို့ရွှေညှာတို့လို ရံရွေတော်တွေနဲ့ဝန်းရံထားတဲ့ မိဖုရားတွေ၊ တပင်တိုင်မင်းသမီးတွေ၊ အပျိုတော်တွေ၊ မြင်းတွေပေါ်က မောက်တိုမောက်လူဗာလီကွေးနဲ့ စစ်သူကြီးဝတ်စုံ ဝတ်ဆင်ထားတဲ့သူတွေကို ဒီနေ့ခေတ်မှာအလှူတွေ ဝင်းခင်းလှည့်တဲ့အခါမျိုးမှသာ ကြုံ
ကြိုက်တွေ့မြင်နိုင်တော့တယ်ဗျ။ ရှေ့ဝင်းနောက်ဝင်းတွေခင်းပြီး ဆင်တွေမြင်းတွေ လှည်းယာဥ်ကလေးတွေနဲ့ ဆိုင်းသံဗုံသံတညံညံ တီးမှုတ်ကခုန်သွားကြတဲ့ အလှူလှည့်လာတဲ့မြင်ကွင်းတွေက တော်တော်များများရှိခဲ့ပြီး ပျော်စရာကြီးပါပဲ။ ရှေးခေတ်ဟောင်းကို အောင်းမေ့ဘွယ်ရာပေါ့ဗျာ။ ဒါပေ
တဲ့အခုခါမတော့ မတွေ့ရသလောက်တောင်ဖြစ်သွားပါပြီ။ အဲဒီအကြောင်းတွေကို ပြန်သတိရတော့ လွမ်းရတယ်မန္တလေးရေ။ 

တခါတော့ အိမ်အပြန်မှာ ဝင်းခင်းပြီးအလှူလှည့်လာတာနဲ့ကြုံလို့ စက်ဘီးလေးနဘေးချပြီး ငေးမောမိခဲ့။ မြားနတ်မောင်က နိုးဆော်နေသလားမသိ၊ကျွန်တော့်မျက်လုံးတွေက မိဖုရားအဝတ်အစားတွေနဲ့ကောင်မလေးဆီကို ရောက်သွားပါရော။ ဟမ်,တယ်လှပါကလား။ မိတ်ကပ်တွေဘာတွေနဲ့မို့ ရုတ်တရက်မမှတ်မိဘဲ ပြီးမှ ကျွန်တော်တို့နှစ်ရပ်ကွက်ကျော်က ရင်ထဲမှာစွဲနေရတဲ့ သူကလေးဖြစ်နေမှန်းသိလိုက်တာမို့ ဝမ်းသာလုံးဆို့သွားပြီး ရင်ထဲမှာဒိန်းခနဲဖြစ်သွားရင်း ပျော်ပြီလေ။

အဲသမှာတင် အိမ်ပြန်ဖို့သတိမရတော့ဘဲ လမ်းနဘေးကနေပြီး စက်ဘီးတွန်းရင်းနဲ့ အလှူလှည့်ရာနောက်ကို ရောယောင်ပါသွားရပါလေရော။ သူကလေးနဲ့ ကျွန်တော်က နဘေးချင်းယှဉ်လျက်သား။ ဆယ်ပေလောက်ပဲဝေးမယ်ထင်ရဲ့။ အနီးကပ်လုံခြုံရေးလိုက်ပါလာတဲ့ အပျိုခေါင်းကြီးက ကျွန်တော့်ကိုမျက်စောင်းတထိုးထိုးပေါ့။ ထိုးချင်ထိုး မထိုးချင်နေ။ ဂရု
မစိုက်ပေါင်။ ဒီလို အခွင့်အရေးရဖို့ဆိုတာ မလွယ်တဲ့ဥစ္စာ။

ဝင်းခင်းတဲ့အခါ ဘုရင်နဲ့မိဖုရားရယ်၊ လေးနဲ့ဓါးလှံတွေကိုကိုင်ဆောင်ထားကြတဲ့ရဲမက်တွေလည်းပါကြရဲ့။ ဒါပေမယ့် ဘယ်လိုကြောင့်ရယ်မပြောတတ် အဲသလို အဝတ်အစားတွေနဲ့ သဏ္ဍာန်တူ သရုပ်ဆောင်ကြသူတွေအားလုံးက အမျိုးသမီးတွေချည်း ဖြစ်နေပါကလား။
ဘုရင်အဝတ်အစားနဲ့သန်လျက်ကိုင်ထားတဲ့သူက ခပ်ဝဝအမျိုးသမီးတစ်ယောက်။ ဟံမယ် သူကလည်း ရာဇဣ‌န္ဒြေပြည့်ဝစွာနဲ့ခပ်တည်တည်ပဲ။ ဆင်မယဉ်သာ‌ခြေလှမ်းတွေနဲ့ ရှေ့သို့ကြွလှမ်းနေတော်မူတယ်။ သူ့ရဲ့နောက်မှာတော့ လှံကိုင်ပြီး မင်းညီမင်းသားအဝတ်အစားတွေနဲ့ ခါးတောင်း
ကျိုက်ထားကြတဲ့အမျိုးသမီးတွေ။ ဒီအဝတ်အစားတွေနဲ့ သူတို့တတွေက ကြည့်ရတာအဆင်မပြေ။ မျက်လုံးထဲမှာဍရင်ကောက်ပုံတွေကိုပဲပြေးမြင်ယောင်သွားမိပါရော။ ထားလိုက်ပါလေ၊ ဘယ်သူတွေ ဘယ်လိုပုံစံထွက်ထွက် ကျွန်တော်နဲ့ဆိုင်တာမှမဟုတ်ဘဲ။

ညနေလေးနာရီလောက်ရှိပေမယ့် မန္တလေးရဲ့အပူရှိန်က လျော့ကျမသွားသေးဘူး။ သည်အထဲလေမတိုက်တော့ အပူငွေ့တွေလွှတ်ထားသလားတောင် ထင်ရရဲ့။ သို့ကလို ပူပူအိုက်အိုက်ကြီးမှာ လမ်းလျောက်လိုက်၊ခဏရပ်လိုက်နဲ့ လေးငါးခြောက်ပြလောက်သွားလိုက်ရတဲ့အခါ အကုန်လုံးအီဆောင့်ကုန်ကြတယ်။ ကြာတော့ပျိုပျိုခင်တို့ခမျာလည်း ချွေးတွေစို့လာလို့ နေ့ခင်းကတည်းကလိမ်းထားတဲ့မိတ်ကပ်တွေလည်း ပျက်လာလုလုမို့ မျက်နှာမှာကွက်တိကွက်ကျားမဖြစ်အောင် တို့ဖတ်နဲ့မကြာခဏ တဖတ်ဖတ်ရိုက်ပြီး ဖို့သင့်တာဖို့ပေါ့။ ဝဲယာနှစ်ဖက်မှာ အုံးထနေတဲ့ပွဲကြည့်ပရိသတ်ကလည်းမကောင်းဘူး။ ဘယ့်နှယ်ဗျာ အလှူလှည့်ရာမှာပါဝင်ကြတဲ့သူတွေကိုကြည့်ပြီး မဲ့ကာရွဲ့ကာနဲ့အတင်းထုနေကြပါရောလား။ အို
ကွယ် ဘာဖြစ်လို့ ကိုယ်ချင်းစာစိတ်လေးမမွေးကြရတာလဲ။ ပင်ပန်းနွမ်းနယ်နေရှာတဲ့ သူကလေးကိုကြည့်ရင်း ကျွန်တော်မခံစားနိုင်တော့။
ဒီလောက်ပူပူလောင်လောင်ကြီးမှာ လေးငါးဆယ်ပြမက ဝေးတဲ့ခရီးကို လမ်းလျှောက်အလှူလှည့်တဲ့အစီအစဉ်ကို ဘယ်သူကစီစဉ်လိုက်တာလဲ။ အလှူဒါယကာနဲ့အလှူ့အမတော့မဖြစ်နိုင်။ သူတို့စုံတွဲလည်း သပိတ်ပိုက်ပြီး လမ်းလျောက်ရလို့တော်တော်လေးဖါးနေပါပကော။ စိတ်တိုချင်နေတဲ့ကျွန်တော့်မျက်လုံးတွေက ခပ်လှမ်းလှမ်းမှာ စစ်သူကြီးအဝတ်အစားတွေနဲ့မြင်းပေါ်မှာအခန့်သားထိုင်နေကြတဲ့သူတွေကို မြင်လိုက်ရတော့ ဒီလူတွေကွာလို့ ရေရွတ်လိုက်မိပါတယ်။ ဇိမ်ကျနေကြတာလေ။ ဘယ်လောက်ဒေါသဖြစ်စရာကောင်းလဲ။
ဒါထက် စစ်သူကြီးအဝတ်အစားဆိုတော့ ပြောရဦးမယ်။ သူ့ရာထူးနဲ့သူ တပ်မှူးတွေ၊ဗိုလ်ကြီးနဲ့ဗိုလ်ကလေးတွေရဲ့အဝတ်အစားပုံသဏ္ဍာန်တွေက ကွဲပြားသွားမယ်ထင်ပါတယ်။ ကျွန်တော်လည်း ရေရေရာရာမသိလို့အားလပ်တဲ့တစ်ရက်မှာ တမ္ပဝတီက ဆရာဦးဝင်းမောင်ဆီကို သွားပြီးမေးမှဖြစ်တော့မယ်။ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာကျွန်တော်တို့ကတော့ အဲသလိုစစ်သူကြီးအဆောင်အယောင်ကို ဗန္ဓုလဝတ်စုံလို့ပဲ လွယ်လွယ်ခေါ်လိုက်ကြတယ်။ အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းဘုရားတို့လည်း စစ် တိုက်ထွက်ကြရင် ဗန္ဓုလဝတ်စုံနဲ့ပဲလား။ မပြောတတ်ပါဘူး။ သေချာတာကတော့ မဟာဗန္ဓုလစစ်သူကြီးရဲ့ဝတ်စုံဟာ ရဲဝံ့ခြင်း၊ အသက်ကိုအလေးမထား စစ်မြေပြင်မှာစွန့်စားတိုက်ခိုက်ပြီးအောင်ပွဲတွေကိုရယူနိုင်ခြင်းရဲ့အမှတ်လက္ခဏာသင်္ကေတတစ်ခုလို့ပဲ နားလည်မိလိုက်ကြတယ်။

ရာသီဥတုက ပူပြင်းနေပြီးအလှူလှည့်လာတာကို လမ်းနဘေးဝဲယာမှာကြည့်နေကြတဲ့သူတွေကလည်း ပြွတ်ကျပ်သိပ်ခဲ။ အရေးထဲမော်တော်ကားဟွန်းသံတွေကလည်း ဆူညံပွက်လောရိုက်။ ဒီအချိန်မှာပဲ မမျှော်လင့်တဲ့အရာကို ကြုံလိုက်ရပါရော။ ဗန္ဓုလဝတ်စုံနဲ့စစ်သူကြီးအယောင်ဆောင်ထားသူရဲ့စီးတော်မြင်းကြီးက ရုတ်တရက်ဗွေဖောက်လိုက်တော့တာကိုးဗျ။ မြင်းခမျာလည်း အသံတွေဆူညံပြီးပူရအိုက်ရတဲ့အထဲ လူတွေကဝိုင်းအုံကြည့်နေတာကို မွန်းကျပ်လာရင်း မခံနိုင်လို့ပေါက်ကွဲသွားဟန်တူရဲ့။ ဟီခနဲမြည်လိုက်ပြီး ပတတ်ရပ်လိုက်တယ်။ မြင်းပေါ်က စစ်သူကြီးလည်း ကို့ရိုးကားယားဖြစ်ပြီး ကြောက်အားလန့်အားနဲ့မြင်းဇက်ကြိုးကိုဆွဲမိလိုက်တော့ မြင်းက ချာချာလည်ပြီး ပြေးမိပြေးရာ စွပ်ပြေးပါလေရော။

လမ်းန‌ဘေးကရပ်ကြည့်နေကြတဲ့ပရိသတ်တွေဆီကို ဦးတည်လာလို့ ပရိသတ်တွေလည်း ဟင်ဟယ်ဟာ အမျိုးစုံမြည်တမ်းရင်း ဝရုန်းသုံးကားထွက်ပြေးကြရတော့တယ်။ ကလေးငိုသံ၊ အော်ဟစ်ခေါ်သံတွေ။ အဲဒီ
နောက်တော့ မြင်းက ဦးတည်ချက်ပြောင်းပြီးသူကလေးနဲ့ သူ့ရဲ့နောက်က မင်းညီမင်းသားဝတ်စုံတွေကို ခါးတောင်းကျိုက်ထားကြတဲ့ ဍရင်ကောက် တပ်ဖွဲ့တွေဆီကိုပြေးလာပါရော။ ကျွန်တော်လည်း ဟိုက်ခနဲ။ ရုတ်
တရက်မင်သက်မိသွားပြီးထိတ်လန့်သွားတယ်။ ဒက်ဂလောက် ဒက်ဂလောက်မြင်းခွာသံ‌တွေက တဖြည်းဖြည်းနဲ့နီးကပ်လာနေပြီ။ ငါဘာလုပ်သင့်လဲ။ ရုပ်ရှင်ထဲကလိုပဲ သူကလေးရဲ့အနားကို အမြန်ပြေးသွားပြီး အန္တရာယ်တွင်းထဲက ကယ်တင်ပေးရမလား။ အချစ်အတွက် အသက်ပင်သေသေ စွန့်စားရတော့မှာလား။ အမြန်ဆုံးဖြတ်ချက်ချရတော့မယ်။ ပူထူသွားတဲ့စိတ်အာရုံကို ပထမဆုံးငြိမ်သက်သွားအောင် ကြိုးစားလိုက်တယ်။ပြီးတော့. . .။ 
တကယ်တော့ သူကလေးကို ကယ်ဖို့နေနေသာသာ လက်ထဲက စက်ဘီးတောင်လှည့်မကြည့်နိုင်။ အမောတကောနဲ့ နီးရာအိမ်ထဲကို လွှားခနဲဝင်ပြေးရပါလေရော။ အလားတူပဲ ဘုရင်ရော မိဖုရားရော မင်းညီမင်းသားတွေရော ခြေဦးတည့်ရာကို အကုန်ပြေးကြ။ ပြေးနိုင်ရှောင်နိုင်မှ လွတ်မတဲ့နော်။ အံမယ် ဘုရင်လုပ်တဲ့သူကလည်း မခေဘူး။ ဝပေမယ့်အပြေးက တော့ သွက်တယ်ဗျ။ မိဖုရားလည်း ဇာတ်ထဲကလို ခြေဖဝါးတော်က နာတယ်နာတယ်တော်ရေလို့ နွဲ့မနေနိုင်၊ ထမိန်ကို စွန်တောင်ဆွဲပြီး ပြေး
ရှာလေသတည်းပေါ့။ ပြေးကြ၊ ဝေးရကိုပြေးကြ။

အကုန်လုံးဝရုန်းသုံးကားဖြစ်အောင် ဂြိုဟ်မွှေလိုက်တဲ့မြင်း။ ဒါပေသိ စိတ် ကောင်းဝင်သွားလို့တော်သေးရဲ့။ ထင်ရာမြင်ရာတိုက်ခိုက်သွားရင်ဖြင့် မတွေးဝံ့စရာ။ ရှေ့ပိုင်းမှာဘာဖြစ်နေမှန်းမသိကြတော့ နောက်ကတန်းစီလိုက်လာကြတဲ့သူတွေက အတီးအမှုတ်တွေနဲ့ ကခုန်ပျော်ရွှင်နေကြတုန်း။
အဖြစ်အပျက်က မြန်ဆန်ပြီး ကံကြီးလို့သာပေါ့ဗျာ။ ဘယ်သူမှအထိအခိုက်မရှိကြလို့တော်သေးရဲ့။ မြင်းပေါ်က စစ်သူကြီးတော့ မသက်သာ။ 

မော်တော်ကားတွေကြားမှာ တဟုန်တိုးပြေးနေတဲ့ မြင်းပေါ်မှာကိုးရို့ကားယားကြီးပါသွားပြီး ထိတ်လန့်ခြောက်ခြားသွားတယ်။ ဒီတစ်ခါပဲ မြင်းစီးဖူးဟန်တူရဲ့။ အလှူလှည့်လာခါစတုန်းက မြောက်ကြွားကြွား ဟန်တွေမာန်တွေလည်းပျောက်ကွယ်သွားပြီး ကယ်တော်မူကြပါဗျို့ဆိုပြီးကြောက်အား
လန့်အားအော်ပါလေရော။ သတ္တိကောင်းလိုက်ပုံများကတော့ အတုယူစရာပါပဲဗျာ။ 
၃၅ အေလမ်းရဲ့ ဂေါဝိန်ဆိပ်ကမ်းဆီသို့ ဦးတည်နေတဲ့ကတ္တရာလမ်းပေါ်မှာဖြင့် ကဆုန်စိုင်းပြေးလာတဲ့မြင်းခွာသံတွေနဲ့အတူ ကယ်ကြပါဦး။ ကယ်တော်မူကြပါလို့ အဆက်မပြတ်အော်နေတဲ့အသံတွေက မီးသတ်ကားဥဩ ဆွဲသံလို တုန်လှုပ်သွားစေပြီး ကြားရသူအပေါင်းလည်း ပြူးပြူးပျာပျာဖြစ်ကုန်တယ်။ မတိုက်မိမခိုက်မိ‌အောင် မနည်းရှောင်နေကြရတာမို့ သူ့ကို ဘယ်သူကကယ်မှာတုန်း။ ဝေးပါသေးရဲ့။ နို့ပြီးမကယ်တဲ့အပြင် ဒီလူ့ကို အပြစ်တင်ကြတဲ့သူတွေကများနေတယ်။ မြင်းဇက်ကျိုးကို ခပ်တင်းတင်းဆွဲထားလိုက်ပါလားတဲ့။ တချို့ကလည်း မြင်းပေါ်ကခုန်ချလိုက်ပါလား၊မသကာပွန်းပဲ့ရုံပဲရှိမှာပေါ့တဲ့။ မည်သို့ပင်ဆိုစေကာမူပေါ့လေ။ နောက်တစ်နေ့မှာ လက်ဖက်ရည်ဆိုင်မှာပြောကြတဲ့အသံတွေကိုကြားလိုက်ရတယ်။ ဂေါဝိန်ဆိပ်ကမ်းဆီကို မြင်းဒုန်းစိုင်းစီးသွားတဲ့ ဗန္ဓုလလည်း သီပေါမင်းပါတော်မူရာနောက်ကို လိုက်သွားပြီတဲ့။ အဲသလိုပဲ ဟာသတွေထုတ်ရင်း တဟိဟိတခွိခွိနဲ့ပေါ့ မန္တလေးရေထင်ရာမြင်ရာပြောတတ်ကြတဲ့လူ့သဘောကို နားလည်ပြီးသားမို့ ပြုံးရယ်ကြည့်နေမှာလားကွယ်။

ကျွန်တော်ကတော့ ဗန္ဓုလနဲ့မြင်းကြောင့် သူကလေးနဲ့ဇာတ်လမ်းပြတ်သွားရတာကို ပြန်လည်သတိရတိုင်း တနုံ့နုံ့ခံစားနေရဆဲပါ။ ဗန္ဓုလဝတ်စုံကြီးကိုလည်း မဆီမဆိုင်မုန်းသွားမိတယ်။ မြင်းပေါ်မှာကြောက် အားလန့်အားပါသွားတဲ့သူကိုလည်း ဆရာမြို့မငြိမ်းရဲ့သီချင်းထဲက သူရဲကောင်းတွေနဲ့တော့ ကွာပါ့ဗျာလို့ တွေးလိုက်မိတယ်။ အခုတော့လည်းမန္တလေးမှာ မြင်းတွေနဲ့မြင်းလှည်းတွေလည်း မရှိသလောက်ဖြစ်သွားပါပြီ။ အလှူတွေလည်း ရှေ့ဝင်းနောက်ဝင်တွေခင်းပြီးခမ်းခမ်းနားနားမလှည့်နိုင်‌ကြတော့။ ပွဲလမ်းသဘင်တွေရှားပါး။ 

ဟင်းခနဲသက်ပြင်းချရင်း ဟိုအဝေးကိုပဲငေးနေမိတယ်။ ငွေနှင်းမှုန်ဝေပြီး မိုးအေးအေးမှာ တွေးချင်ရာတွေးနေတဲ့ကျွန်တော့်အကြားအာရုံထဲကို မြင်းခင်းတော်သီချင်းနဲ့အတူမြင်းပေါ်က စစ်သူကြီးရဲ့ ကယ်တော်မူကြပါဗျို့လို့ ငယ်သံပါအောင် အော်ဟစ်တဲ့အသံကို ကြားယောင်လာမိသလိုလို။ 
လာချေပြီ၊ ပျိုတို့မောင်လည်းလာချေပြီ။ ကယ်တော်မူကြပါ၊ ကယ်တော်မူကြပါဦး . . .။

လွမ်းတယ်ကွယ်၊ လွမ်းတယ်၊ လွမ်းရတယ်။ 
အတိတ်ကအကြောင်းတွေကလည်းလွမ်းစရာတွေကိုး မန္တလေးရယ်။

(ဓာတ်ပုံ လှဂုဏ်ရည် ဆရာဦးကျော်ဝင်း)
ညိုထွန်းလူ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar