ကောင်းဇေလူ - နွေဦးတော်လှန်ရေး နှောင့်နှေးအောင် တရုတ်စွက်ဖက်နေသလား
ကောင်းဇေလူ - နွေဦးတော်လှန်ရေး နှောင့်နှေးအောင် တရုတ်စွက်ဖက်နေသလား
(မိုးမခ) ဇန်နဝါရီ ၁၇ ၊ ၂၀၂၄
ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ်တွင် မြန်မာလူထု၏ ဒီမိုကရေစီအိပ်မက် အကောင်အထည်ပေါ်လာရန် အခြေအနေကောင်း များ ဖြစ်ထွန်းနေသည်။ သို့သော် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုအားလုံး သွေးမကွဲကြဖို့လိုသည်။ ဖက်ဆစ်စစ်ကောင်စီ၏ သွေးခွဲသပ်လျှိုမှုများနှင့် အခြေအမြစ်မရှိသည့် နိုင်ငံရေးမက်လုံးများကို ရှင်းရှင်းလင်းလင်းကြိုမြင် ကြဖို့လိုသည်။ အကြမ်းဖက်စစ်တပ်၏ အပြောနှင့် အလုပ်ဟူသမျှသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်သည်ဆိုခြင်းကို ယတိပြတ် လက်ခံထားဖို့ဖြစ်သည်။ ဖက်ဆစ် စကစ၏ အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင် တက်ရောက်နေသော တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့အချို့သည်၎င်း၊ စကစ၏ အတုအယောင် ရွေးကောက်ပွဲ တွင်ပါဝင်ရန် စာရင်းသွင်းထားကြသော ပြည်သူထောက်ခံမှုမရှိသည့် နိုင်ငံရေးပါတီအချို့သည်၎င်း၊ အမျိုးသားသစ္စာဖေါက် အဖြစ် ပြည်သူက မှတ်တမ်းတင်မည့် အဖြစ်ကို ရှောင်လွှဲလိုပါက ဖက်ဆစ်တပ်နှင့် လက်တွဲ ဖြုတ်ရန်လိုသည်။
၂၀၂၄ တွင် နွေဦးတော်လှန်ရေး ပိုမိုအားကောင်းလာပြီး တော်လှန်ရေးကို ဆန့်ကျင်သူမှန်သမျှ ချေမှုန်းခံရမည့် အချိန် ရောက်လာတော့မည် ဖြစ်သဖြင့် အမျိုးသားသစ္စာဖေါက်မဖြစ်လိုသူများ အကြမ်းဖက်စစ်တပ်အား ကျောခိုင်းကြရန် အချိန် ကျပြီဖြစ်သည်။ စစ်အာဏာရှင်စနစ်နိဂုံး နှစ်ထောင့်နှစ်ဆယ့်သုံးဟု နွေဦးတော်လှန်ရေးဘက်က ပြည်သူများ ကြွေးကြော်ခဲ့ ကြသည်။ ၂၀၂၃ တွင် ၇၅% အထိ အောင်မြင်မှု ရရှိခဲ့သည်ဟု ယေဘုယျသုံးသပ်ခဲ့ကြသည်။ မျက်မှောက် ရလဒ်အရ ညီနောင် ၃ ဖွဲ့ နှင့်အတူ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများ ဟန်ချက်ညီ ထိုးစစ်များကြောင့် အကြမ်းဖက်စစ်တပ် ဖရိုဖရဲဖြစ်နေပြီ ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးကာလ နှစ်လခွဲခန့်ကြာချိန်အတွင်း စစ်တပ်၏ စခန်းကြီးငယ် ၅၀၀ ခန့် အထိ သိမ်းပိုက်ထားနိုင်ခဲ့ရုံမက ရှမ်းမြောက် ဒေသရှိ အရေးပါသော မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့အချို့ကိုပါ ညီနောင် ၃ ဖွဲ့က ထိန်းချုပ်ထားနိုင်ခဲ့သည်။
ထိုအတောအတွင်း မြောက်ပိုင်းသုံးဖွဲ့ကို တရုတ်က အတင်းအကြပ် ဖိအားပေးခဲ့သည့် အတွက် “ဟိုင်ဂင် သဘောတူညီ ချက်” အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်ကောင်စီတို့၏ တပ်ဖွဲ့များ ရောက်ရှိသည့်နေရာတွင် အပစ်ရပ်ထားရေးဆိုသည့် “ဟိုင်ဂင် သဘောတူညီချက်” ရရှိသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က တရားဝင် အပစ်ရပ် ကြောင်း ထုတ်ပြန်ခဲ့သည်။
မြောက်ပိုင်းသုံးဖွဲ့ကို တရုတ်တို့ အတင်းအကျပ် ဖိအားပေးပြီး ပြုလုပ်သည့် အပစ်အခတ်ရပ်စဲရေးသည် လက်တွေ့အားဖြင့် တရုတ်၏ အကျိုးအတွက် လက်မှတ်ထိုးလိုက်ရသည်ဟုဆိုနိုင်သည်။ သို့တိုင်အောင် မြောက်ပိုင်းသုံးဖွဲ့အတွက်လည်း အထိုက်အလျောက် အကျိုးရှိသည်ဟု ဆိုနိုင်သည်။ ဥပမာ သိမ်းပိုက်ထားသည့် မြို့ရွာနယ်မြေများအား ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်ရေးတည်ဆောက်ရန် အချိန်ယူပြင်ဆင်နိုင်မည်ဖြစ်သည်။ တော်လှန်ရေးစစ်သည်များအား ယာယီ အနားပေး အင်အားဖြည့်ခွင့် ရသည်။ ဆက်လက် တိုက်ယူရမည့် လားရှိုး၊ မူဆယ် မြို့သိမ်းတိုက်ပွဲများအတွက် လိုအပ်ချက်များကို ပြင်ဆင်ချိန်ရသည်။ ၎င်းအပြင် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တပြည်လုံးတွင် ဆင်နွှဲလျှက်ရှိသည့် တော်လှန်ရေးတပ်ဖွဲ့များ ၏ စစ်ဆင်ရေး အခင်းအကျင်းများနှင့်လည်း အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းချိန်ရသည်။
အလားတူ ဖက်ဆစ်စစ်တပ်အဖို့လည်း စစ်အင်အား လက်နက်ခဲယမ်းဖြည့်တင်းခွင့် ရမည်ဖြစ်ပေသည်။ သို့သော် အဖက်ဖက်မှ စိတ်ဓာတ်ကျဆင်းကာ ဖရိုဖရဲဖြစ်နေသည့် စကစတပ်များအတွင်း အလံဖြူထောင်လျှင် အသက်ချမ်းသာခွင့် ရရှိမည်ဆိုသော သတင်းစကားများကြောင့် တိုက်ခိုက်လိုစိတ် ကျဆင်းနေသည်။ အခွင့်သာလျှင် လက်နက်ချမည်ဟု စဉ်စားလာကြပြီ ဖြစ်သည်။ စစ်နားနေချိန် တော်လှန်ရေးအင်အားစုများဘက်က သတင်းစကားများ ပိုမိုနားထောင်ခွင့် ရရှိလာနေကြသည်ဟုလည်း ဆိုသည်။ အမှန်တကယ်လည်း မြန်မာစစ်တပ်ဘက်တွင် သေဆုံး၊ ဒဏ်ရာရသူ၊ အဖမ်းခံရသူ၊ လက်နက်ချသူ များပြားသည်ထက် များပြားလာနေ၍ စိတ်ဓာတ်ကျဆင်းမှု၊ စိတ်ဝမ်းကွဲမှုများဖြင့် ဖရိုဖရဲဖြစ်နေသည်။ လားရှိုး၊ မူဆယ်မြို့များသာမက ပြင်ဦးလွင်ပါ ခြိမ်းခြောက်ခံရသောကြောင့် မြန်မာစစ်တပ်အတွင်း စစ်တိုက်လိုစိတ် အကြီးအကျယ် ကျဆင်းနေသော သတင်းကျယ်ပြန့်နေသည်။
မည်သို့ဆိုစေ ဟိုင်ဂင် သဘောတူညီချက်သည် တရုတ်နှင့် စစ်ကောင်စီ၏ ဗျူဟာဖြစ်သဖြင့် သတိကြီးစွာထားရမည် ဖြစ်သည်။ တရုတ်သည် စစ်အစိုးရများနှင့် တရင်းတနှီး ဆက်ဆံသကဲ့သို့ တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း ဗြောင်ကျကျ ဆက်ဆံလေ့ ရှိသည်။ တရုတ်က မြန်မာပြည်ငြိမ်းချမ်းရေးကိစ္စကို အကြောင်းပြ၍ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပေါ်ပေါ်ထင်ထင် ဆက်ဆံသည့် အစဉ်အလာလည်းရှိသည်။ လတ်တလောတွင် မြန်မာပြည်အတွင်း အခြေစိုက်သည့် တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ ပြဿနာကလည်း တရုတ်အတွက် နောက်ဆက်တွဲ ပြဿနာတခု ဖြစ်လာသည်။ တရုတ်ငွေလိမ်ဂိုဏ်းများကြောင့် တရုတ်ပြည်သူများ ငွေကြေးဘီလီယံပေါင်းများစွာ အလိမ်ခံနေရသည့်ကိစ္စကလည်း တရုတ်အစိုးရအတွက် မဖြစ်မနေ ဖြေရှင်းရမည့် ပြဿနာကြီးတခု ဖြစ်နေသည်။
တရုတ်တို့၏ လိုလားချက်မှာ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေး ဖြစ်သည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုများအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် ကျောက်ဖြူရေနက်ဆိပ်ကမ်းကိစ္စအပြင် မြန်မာ့သယံဇာတများနှင့် လူသားအရင်းအမြစ်များကို လက်တဆုံးနှိုက်စားရန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာပြည်တွင် ရှိပြီးသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် မြန်မာပြည်ကို ဖြတ်သန်း ဆက်သွယ်ထားသည့် တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးအတွက် မြန်မာပြည် တည်ငြိမ်ရေးကို တရုတ်က လိုလားနေခြင်း ဖြစ်သည်။
၂၀၂၃ ဒီဇင်ဘာ ၁၂ ရက်နေ့ ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရေးသည် ရပ်တန့်သွားမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်ဆင်နွှဲသွားမည်ဟု ကြေညာပြောဆိုထားသည်။ စစ်အာဏာရှင်စနစ် ၏ လူမဆန်သည့် ဖိနှိပ်မှုဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ကြရသော မြန်မာပြည်သူတရပ်လုံး၏ နိုင်ငံရေးရည်မှန်းချက်ကို ညီနောင် ၃ ဖွဲ့ အနေဖြင့် လျစ်လျူရှု နောက်ပြန်လှည့်သွားမည် မဟုတ်ကြောင်း၊ လတ်တလော သတင်းတချို့ကြောင့် မြန်မာပြည်သူ တရပ်လုံး စိုးရိမ်ပူပန်နေသည်ကို သိရှိပါကြောင်း၊ တော်လှန်ရေးဆင်နွှဲမှု ရပ်တန့်သွားရန် မရှိသဖြင့် ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြစေလိုကြောင်း၊ ညီနောင် ၃ ဖွဲ့အနေဖြင့် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ မြန်မာပြည်သူ တရပ်လုံးနှင့် အတူ တော်လှန်ရေးဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံနှင့် ညီနောင်သုံးဖွဲ့အကြား ထောက်ထားရမည့် ကိစ္စအချို့ရှိနိုင်သော်လည်း တော်လှန်ရေး ရည်မှန်းချက်ကိုမူ သွေဖည်ရန် မရှိဟု ပြည်သူလူထုအကြားယုံကြည်လျှက်ရှိသည်။
“ဟိုင်ဂင် သဘောတူညီ ချက်” အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေး တရုတ်က ဖိအားပေးခဲ့ခြင်းကို ကြည့်လျှင် စကစ အထိုင်ပျက်သွားမည်ကို တရုတ်က မမြင်လိုကြောင်း ပေါ်လွင်နေသည်။ တရုတ်က မြန်မာ့နိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းရေး အတွက် ဆွေးနွေးအဖြေရှာရန် တိုက်တွန်းနေသည်။ သို့သော်စစ်ကောင်စီ၏ အကြမ်းဖက်မှုများ စစ်ရာဇဝတ်မှုများ အလွန် အကျွံကျူးလွန်လာသည့်အတွက် နိုင်ငံရေးနည်းအရ အဖြေမထွက်နိုင်တော့ပေ။ တရုတ်က ၂၀၀၈ အခြေခံ ဥပဒေအောက် ပြန်သွားကြရန် တောက်လျှောက်တိုက်တွန်းနေသည်။ မြေပြင် အခြေအနေများအရ လတ်တလော ညီနောင် ၃ ဖွဲ့ကို အပစ်ရပ်ရေး ဖိအားပေးသည့် သဘောမှာ အကြမ်းဖက်စစ်တပ် ပြိုလဲမည့်အရေးကို မမြင်လို၍ ဖြစ်ပုံရသည်။ အကြမ်းဖက် စစ်တပ်နှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ အတူယှဉ်တွဲနေထိုင်ရေးဆိုသည့် မူဖြင့် တရုတ်က မြန်မာ့အရေး ကို ဖြေရှင်းလိုပုံရသည်။
ဖက်ဆစ်စစ်တပ်ရှိနေလျှင် တရုတ်အဖို့ ပို၍ အကျိုးရှိမည်။ လူထုကိုယ်စားပြု ဒီမိုကရေစီ အစိုးရတက်လာလျှင် တရုတ် အနေဖြင့် မတော်မတရားရယူထားသည့် အကျိုးစီးပွားများ ပြန်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့အရေးကိစ္စတွင် ယခုအချိန်အထိ နွေဦးတော်လှန်ရေးဘက် သို့မဟုတ် မြန်မာပြည်သူလူထုဘက်ကို ထောက်ခံရန် ရှောင်ဖယ်နေခြင်းဖြစ် သည်။ သမိုင်းအတွေ့အကြုံအရ မြန်မာ တိုင်းရင်သား အများစုကြီးကလည်း တရုတ်ရဲ့ မီးစတဖက် ရေမှုတ်တဖက် မူဝါဒကို နောကျေနေကြပြီဖြစ်သည်။ ဤသို့သော အခင်းအကျင်းများကြောင့် တရုတ်၏“ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်” လက်မှတ်ထိုးရန် ဖိအားပေးမှုကို ညီနောင် ၃ ဖွဲ့က လိမ်မာပါးနပ်စွာ လက်ခံခဲ့ပုံရသည်။
မည်သို့ဆိုစေ ယနေ့မြန်မာပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် တရုတ်၏ မြန်မာ့အရေး ဝင်ရောက် စွက်ဖက် သည့် လုပ်ရပ်များကို လက်ခံလိမ့်မည်မဟုတ်ပေ။ နိုင်ငံရေးတွင် စစ်တပ်ပါဝင်ခွင့်မရှိကြောင်း၊ စစ်တပ်သည် ပြည်သူ့ရိက္ခာ စားသည့် ဝန်ထမ်းအဖွဲ့အစည်းဖြစ်သဖြင့် အရပ်ဖက်အစိုးရ၏ အုပ်ချုပ်မှုအောက်၌သာ နေရမည်ဖြစ်ကြောင်း၊ လက်ရှိ အကြမ်းဖက်စစ်တပ်သည် ပြည်သူတင်မြှောက်ထားသောအစိုးရထံမှ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့သဖြင့် တရားမဝင်ကြောင်း၊ ကမ္ဘာသိ ကြေညာထားပြီးဖြစ်သည်။ မြန်မာပြည်သူတို့၏ ယင်းသဘောထားကို တရုတ်နိုင်ငံအနေဖြင့်လည်း သိမှတ်ထားသင့်ပေသည်။
ထို့ကြောင့် လက်ရှိအခြေအနေတွင် အာဏာသိမ်းစစ်တပ်နှင့် ဆွေးနွေးပွဲထိုင်ရန် အကြောင်းမရှိဟု အတိအလင်း ကြေညာ ပြောဆိုထားခြင်းဖြစ်သည်။ ယင်းအခြေအနေတွင် တရုတ်နိုင်ငံဖြစ်စေ၊ အာဆီယံနိုင်ငံများဖြစ်စေ အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ရပ်တည်နေပါက မြန်မာပြည်သူလူထု၏ ရန်သူဟု ခေါ်ဆိုထိုက်ပေသည်။ မျက်မှောက် မြန်မာနိုင်ငံတွင် ပါတီ အဖွဲ့အစည်း၊ တိုင်းရင်းသားလူမျိုးစု အများအပြား ရှိနေသော်လည်း ဖက်ဆစ် စစ်အာဏာရှင် ဖြုတ်ချရေးရည်ရွယ်ချက် ဖေါ်ဆောင်ရန်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုသည် တသွေးတသံတည်း၊ တညီတညွတ်တည်း ရှိနေကြသည်ကို သတိပြုစေချင်သည်။
ယင်းသို့သော အခြေအနေများကြောင့် တရုတ်၏ ဖိအားဖြစ်သည့် ဟိုင်ဂင် အပစ်ရပ်သဘောတူညီချက်ကြောင့် နွေဦးတော်လှန်ရေးအရှိန် ရပ်တန့်သွားမည်မဟုတ်ပေ။ တရုတ်နိုင်ငံနှင့် အကြမ်းဖက်စစ်အုပ်စုက ထုတ်လွှင့်ထားသော ကောလဟလ ဖြစ်သည့် “မြန်မာစစ်တပ် မရှိလျှင် မြန်မာနိုင်ငံ ထိန်းမနိုင် သိမ်းမရ ဗရမ်းဗတာဖြစ်မည်” ဆိုခြင်းမှာ အခြေ အမြစ်မရှိသည့် ယူဆချက်ဖြစ်သည်။ မြန်မာစစ်တပ်သည် ကမ္ဘာပေါ်တွင် ဘက်ပေါင်းစုံ အကျင့်ပျက် ခြစားမှု အများဆုံး စစ်တပ်အဖြစ် နာမည်ရထားသည်ကို သတိပြုပါ။
ယခုကဲ့သို့ ကျရှုံးစစ်တပ်ဖြစ်ရသည်မှာ အကျင့်ပျက် ခြစားမှုကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအနေဖြင့် မိမိတို့နယ်မြေကို မိမိတို့ ကောင်းစွာ အုပ်ချုပ်ထိန်းသိမ်းနိုင်ကြောင်း သက်သေပြနိုင်ကြပေသည်။ တိုင်းရင်းသားအားလုံးသဘောတူသည့် ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံသစ် ထူထောင်ရေးအတွက် နွေဦးတော်လှန်ရေး အောင်မြင်သည်အထိ အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ရေးကို ညီညီညာညာ လက်တွဲ၍ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရပေမည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar