Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇

(မိုးမခ) ဇန်နဝါရီ ၁၇ ၊ ၂၀၂၄


ရှန်းခေတ် ထူထောင်ခြင်း

ရှ ခေတ်မှာ ရှန်း နိုင်ငံငယ်လေးဟာ ရှအင်ပါယာထဲက သေးငယ်တဲ့ အစိတ်အပိုင်းလေး တစ်ခုဖြစ်ပါတယ်။ ရှ ဧကရာဇ် ကျယ် က တိုင်းငယ်ပြည်ငယ်တွေကို နှိပ်စက်ကလူပြုပေမယ့် ရှန်းဘုရင် ထန် ဟာ အတတ်နိုင်ဆုံး သည်းခံခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ထိုစဉ်အခါက နိုင်ငံရေးအတွေး အခေါ်အရ ဧကရာဇ် ဆိုတာ ကောင်းကင်ရဲ့ ဗျာဒိတ်၊ မိုးနတ်မင်းရဲ့ ဗျာဒိတ် ရရှိထားသူ ဖြစ်နေလို့ပါပဲ။ ထန်ဟာ ဗဟိုနဲ့ တတ်နိုင်သမျှ ငြိမ်းငြိမ်း ချမ်းချမ်း သဟဇာတဖြစ်ဖြစ် နေထိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ 

ဒါပေမယ့် အဆိုးဆုံးအခြေအနေကို ရောက်လာချိန်မှာ ဧကရာဇ်ကျယ် ဟာ မိုးနတ်မင်းရဲ့ ဗျာဒိတ်ကို ဆုံးရှုံးသွားပြီလို့ ထန်က သတ်မှတ်လိုက်ပြီး၊ သူ့လူတွေနဲ့အတူ တော်လှန်ရေးကို စတင်ခဲ့တာပါပဲ။ 

ထန်ဘုရင်ရဲ့ တော်လှန်ရေးမှာ မပါမဖြစ် အရေးပါသူ တစ်ယောက် ရှိပါတယ်။ သူ့နာမည်က ယိယင် (伊尹 Yi Yin) ပါ။ သူက ယိုရှန်း (Youshen 有莘) ဆိုတဲ့လူတစ်ယောက်ရဲ့ အိမ်က အစေခံပါ။ ယိုရှန်းရဲ့ သမီး တစ်ယောက်ကို ထန်ဘုရင်က လက်ထပ်လိုက်တဲ့အခါ ယိယင် က သတို့သမီးနဲ့အတူ ပါသွားတာမို့ ထန်ရဲ့အမှုတော်ထမ်း ဖြစ်လာပါတယ်။ သူ့တာဝန်က ထန်ဘုရင်ရဲ့ စားတော်ပွဲကို စီမံရတဲ့ စားဖိုမှူးပါ။ ဒါကြောင့် ထန် ရဲ့ ရင်းနှီးမှုကို ရပါတယ်။ တစ်ဖက်ကလည်း နန်းတွင်းရောက်လာတာမို့ တိုင်းရေးပြည်ရာတွေ သတင်းစုံကြားခွင့် ရလာပါတယ်။ ဥပမာ ရှ နန်းတော်မှာ ကျယ်ဘုရင် ကိုယ်ကျင့်ပျက်ပြီး လုပ်ချင်ရာ လုပ်နေတာမို့ တိုင်းပြည်ယိုယွင်း အားနည်း လာတယ် ဆိုတဲ့သတင်းမျိုးပေါ့။ 

နန်းတော်ထဲ ရောက်လာလို့ ရလာတဲ့ အဲဒီ အခွင့်အရေး နှစ်ရပ်ကို ယိယင် က ကောင်းကောင်း အသုံးချပါတယ်။ အားနည်းလာတဲ့ ကျယ် ဧကရာဇ်ကို တော်လှန်ဖို့ အကြံပေးပါတယ်။ သူက စားဖိုမှူးတစ်ယောက်ဖြစ်ပေမယ့် အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်စွမ်း ကြီးမားသလို၊ သူ့ရဲ့သုံးသပ်ချက်ကို တစ်ဖက်လူ နားလည်သ‌ဘော ပေါက်အောင် ရှင်းပြနိုင်ပုံလည်း ရပါတယ်။  

ယိယင်ရဲ့ အကြံပြုချက်တွေက လက်တွေ့ကျတာမို့ ထန်ဘုရင်ကလည်း အဲဒီအကြံပြုချက်တွေကို လက်ခံခဲ့ပါတယ်။ ထန်ရဲ့ ယုံကြည်အားကိုးမှုကို ရလာတာနဲ့အမျှ ညာလက်ရုံးတစ်ဆူ ဖြစ်လာပါတယ်။ နှောင်းခေတ် သမိုင်းဆရာတွေက ယိယင် ကို "စားဖိုမှူးက အမတ်ချုပ်ဖြစ်လာသူ" လို့ ခေါ်ကြပါတယ်။ 

ဒါပေမယ့် အချို့သမိုင်းတွေမှာ ယိယင် ဟာ ဘယ်တုန်းကမှ အစေခံမဖြစ်ခဲ့ဘူး လို့ ဆိုပြန်ပါတယ်။ ယိယင် ဟာ ပညာရှိလွန်းလို့ ထန် ဘုရင်က အကြံပေးခန့်ဖို့ အကြိမ်ကြိမ်ချဉ်းကပ်ခဲ့ရ တာလို့ ဆိုပြန်ပါတယ်။ 

သေချာတာကတော့ ယိယင် ဆိုတဲ့လူ တကယ်ရှိခဲ့ပြီး ရှန်းခေတ်မှာ အင်မတန်မြင့်မားတဲ့ ရာထူးကြီး တစ်ယောက် ရှိခဲ့ကြောင်း သူကိုယ်တိုင်ရေးခဲ့တဲ့ အရိုးစာက ဖော်ပြနေပါတယ်။ 

ရှ အင်ပါယာ ကို တော်လှန်သိမ်းပိုက်ဖို့ ရှန်းပြည်က ပထမဆုံး လုပ်တာကတော့ မြို့တော်ကို ရှ နန်းတော်ဆီ ဦးတည်ပြီး တဖြည်းဖြည်း ရွှေ့တာပါ။ ကျယ်ဧကရာဇ် နန်းသက် ၁၅ နှစ်လောက်မှာ စပါတယ်။ 

ရှန်းပြည်က ကျယ်ဧကရာဇ်ထံ ဆက်သနေကျ အခွန်အတုပ်တွေ မပေးတော့ဘဲ ရပ်ဆိုင်း ပစ်လိုက်ပါတယ်။ ဒီအခါ ကျယ် ဧကရာဇ်က အမျက်ထွက်ပြီး သူ့လက်အောက်ခံ နိုင်ငံငယ်တွေကို ဆင့်ခေါ်လိုက်ပြီး ထန် ရဲ့ ရှန်းနိုင်ငံကို တိုက်ခိုက်စေပါတယ်။ ဝူ (Wu)၊ ကူ (Gu) နဲ့ ခွမ်းဝူ (Kuenwu) သုံးနိုင်ငံကို စေလွှတ်တာလို့ အချို့က ရေးသလို၊ အချို့ကလည်း ၉ နိုင်ငံလို့ ရေးပါတယ်။ 

ဒီအခါမှာ ယိယင်က ထန်ကို စိတ်လိုက်မာန်ပါ ပြန်မတိုက်ဘဲ ကျယ်ဘုရင်ကို ခဏ အလျော့ပေးဖို့ အကြံပြုပါတယ်။ ကျယ်ကို သစ္စာခံသူတွေ အမာခံ ရှိနေသေးတာမို့ပါ။ ထန်က ယိယင်ကို သံတမန်အဖြစ် ကျယ်ဧကရာဇ်ထံ စေလွှတ်ပြီး စစ်ပွဲမဖြစ်အောင် ညှိနှိုင်းစေပါတယ်။ ယိယင်ဟာ ရှ မြို့တော်မှာ သုံးနှစ်ကြာအောင် နေခဲ့တယ်လို့ တချို့က ဆိုပါတယ်။ 

ကျယ် နဲ့ ယာယီပြေလည်အောင် ခဏနေနေချိန်မှာ အခြား ကျယ်ကို သစ္စာခံတဲ့ နိုင်ငံငယ်တွေကို ဝင်တိုက်ပြီး သိမ်းယူဖို့ ယိယင်က ထန်ကို အကြံပေးပါတယ်။ ပင်စည်ကို မဖြိုခင် ကိုင်းတွေကို သုတ်သင်ခိုင်းတဲ့ သဘောပါ။ အင်ပါယာစစ်တပ်ကြီးကို တိုက်ရိုက်ဖြိုဖို့ မလွယ်တာမို့၊ သူ့ကို စစ်ကူထောက်ပံ့နိုင်တဲ့ အောက်ခြေ တပ်ငယ်တွေကို အရင်ရှင်းတာက လက်တွေ့ပိုကျတယ် မဟုတ်လား။ 

ဒီလိုနဲ့ တိုက်သင့်တာတိုက်၊ မဟာမိတ်ဖွဲ့သင့်တာဖွဲ့ရင်း ရှန်းရဲ့ အင်အား ကြီးမားလာပါတယ်။ ရှန်း အထိနာတဲ့ တိုက်ပွဲအချို့လည်း ရှိခဲ့ပြီး၊ လိုရင်းမရောက်ဘဲ အချိန်ပိုကြာစေခဲ့တာတွေလည်း ရှိပါတယ်။ အထူးသဖြင့် ရှ ကို သစ္စာခံတဲ့ ခွမ်းဝူ  က ရှန်းကို ဝင်တိုက်လို့ စစ်ပွဲ အကြာကြီး ဖြစ်ရတာပါ။  ဝူ နဲ့ ကူ ကိုတော့ ရှန်းက သိမ်းယူလိုက်နိုင်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ကျယ်ဧကရာဇ် နန်းသက် ၂၈ နှစ်လောက်မှာ ရှန်းနဲ့ မဟာမိတ်တွေဟာ အတော် အင်အားကြီးလာပါပြီ။ ဒီကြားထဲ ကျယ်ဧကရာဇ် လက်အောက်က ဝန်ကြီးဝန်လေးတွေ ဘက်ပြောင်းခိုလှုံတာ ရှိပါသေးတယ်။ ကျုံးကူ (Zhong Gu) လို့ ခေါ်တဲ့ ကျယ်ဧကရာဇ်ရဲ့ ဝန်ကြီးတစ်ပါး ရှန်း ထဲကို ဝင်ပြေးတာမျိုးပါ။ 

ဒီလိုနဲ့ ရှ မြို့တော်နဲ့ ၅ လီ (၂.၅ ကီလိုမီတာ) အကွာအထိ ရှန်းတပ်တွေ ရောက်လာချိန်မှာ တပ်တွေအားလုံးထားရှိရမယ့် စိတ်ထား၊ လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး ပြန်နွှေးဖို့ လိုအပ်ကြောင်း၊ စစ်သည်တွေကို ရဲစိတ်ရဲမာန် ထက်သန်လာအောင် အားပေးဖို့ လိုအပ်ကြောင်း၊ ထန်ကို ယိယင်က သတိပေးပါတယ်။ ဒါကြောင့် ထန် က စစ်တပ်ကို မိန့်ခွန်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမိန့်ခွန်းက တရုတ်သမိုင်းမှာ Tang's Pledge လို့ ထင်ရှားပါတယ်။  အဲဒီနောက် ရှ နဲ့ ရှန်း တို့ရဲ့ စစ်ပွဲကြီး စတင်ခဲ့ပါတော့တယ်။ 

ဘီစီ ၁၆၀၀ မှာ ဖြစ်ပွားခဲ့တဲ့ မင်းထျောင်းတိုက်ပွဲ (the Battle of Mingtiao) က အဆုံးအဖြတ် စစ်ပွဲပါပဲ။ မင်းထျောင်း ဟာ မျက်မှောက်ခေတ် ရှန်းရှီး(Shanxi)ပြည်နယ်၊ ရှ ခရိုင် ပါပဲ။ ဟီနန် (Henan) ပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နေရာပါ။ 

အဲဒီမင်းထျောင်း တိုက်ပွဲမှာပါဝင်တဲ့ ရှန်းစစ်သားတွေဟာ ကျယ်ဧကရာဇ်ရဲ့ ရက်စက်မှု၊ ဖိနှိပ်မှုတွေကို ရွံမုန်းနေတဲ့သူတွေမို့ သတ္တိပြောင်ပြောင်၊ ရဲစိတ်ရဲမာန်အပြည့်နဲ့ ရှတပ်တွေ ကို တိုက်ခိုက်ကြပါတယ်။ ဒါပေမယ့် ရှတပ်တွေကတော့ ရှန်းရဲ့ တဖြည်းဖြည်း အင်အားကြီးမားလာပုံကို ကြည့်ပြီး နဂိုကတည်းက သွေးပျက်နေသူတွေပါ။ မတိုက်ရသေးခင် လက်နက်ချချင်နေကြပါပြီ။ 

ဒီကြားထဲ တိုက်ပွဲဖြစ်နေချိန် မိုးကြိုးမုန်တိုင်းကလည်း ဆင်နေသေးတယ်လို့ ဆိုပါတယ်။ မိုးသံလေသံကြားမှာ ရှတပ်တွေ အလဲလဲ အကွဲကွဲ ရှုံးပါတယ်။ ရှဧကရာဇ် ကျယ်ကတော့ သူ့ကို သစ္စာခံဆဲ ခွမ်းဝူ (Kuenwu) ကို ထွက်‌ပြေးပါတယ်။ 

ထန်ရဲ့ တပ်တွေက ခွမ်းဝူကိုပါ ဆက်သိမ်းပြီး ကျယ်ဧကရာဇ်ကို လက်ရဖမ်းဆီးလိုက်ပါတယ်။ သတ်တော့မသတ်ပစ်ဘဲ နန်းကျဘုရင်အဖြစ် အကျဉ်းချထားလိုက်တာပါ။ နောက်ပိုင်း ကျန်းမာရေး ဖောက်ပြန်လာပြီး သေဆုံးသွားပါတယ်။ 

ဒီလိုနဲ့ ဘီစီ ၁၆၀၀ မှာ ရှခေတ် အဆုံးသတ်ပြီး၊ ရှန်းခေတ် စတင်ပါတယ်။ ထန် က ရှန်းခေတ်ကို တည်‌ထောင်သူပထမဆုံး ဧကရာဇ် ဖြစ်လာပါတယ်။ ယိယင်ကတော့ မင်းတိုင်ပင် အမတ်ချုပ်ကြီးဖြစ်လာပြီး မင်းလေးဆက်တိုင်အောင် အကြံပေး ဆက်ဖြစ်ခဲ့ပါတယ်။ 

ရှန်းခေတ် ထူထောင်ခန်းဟာ စစ်ရေး အကဲပိုတယ်လို့ ဆိုရမှာပါ။ ခေတ်ဟောင်း ရှ နဲ့ ခေတ်သစ် ရှန်း တို့ကြားက စစ်ရေးဗျူဟာတွေ၊ စစ်ပရိယာယ်တွေ၊ စစ်တပ်တွေရဲ့ သဘောတွေကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ သမိုင်းဆိုတာ သင်ခန်းစာယူဖို့ ဖြစ်တာကြောင့် ‌မျက်မှောက်ခေတ် နိုင်ငံရေး၊ စစ်ရေးသမားတွေဟာလည်း ရှ နဲ့ ရှန်း တို့ရဲ့ စစ်ပွဲတွေကနေ သင်ခန်းစာ ထုတ်ယူနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ 

~~~~~~~~~~~~~~~~~~~~~

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar