စစ်တပ် တိုက်ခိုက်ရေးလေယာဥ် တစင်း ရှမ်းမြောက်မှာ ထပ်မံပစ်ချခံရ၊ ရခိုင်ပြည်နယ် ကျောက်တော်မှာ တပ်ရင်းတရင်း လက်နက်ချ
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၆ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၂၄
စစ်တပ် တိုက်ခိုက်ရေးလေယာဥ် တစင်း ရှမ်းမြောက်မှာ ထပ်မံပစ်ချခံရ၊ ရခိုင်ပြည်နယ် ကျောက်တော်မှာ တပ်ရင်းတရင်း လက်နက်ချ
မြေပြင်က စစ်အင်အား ခုခံတိုက်ခိုက်တာထက် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကို ပိုမိုအားကိုးလာနေရတဲ့ စစ်ကောင်စီရဲ့ လေတပ်က တိုက်ခိုက်ရေး ဂျက်လေယာဥ် တစီးကို လက်ရှိတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဖတ်ကာ ကျေးရွာအနီးမှာ ပစ်ချနိုင်ခဲ့တယ်လို့ ကချင် လွတ်မြောက်ရေး တပ်မတော် KIA က ဇန်နဝါရီ ၁၆ ရက်နေ့မှာ အတည်ပြုပြောဆိုလိုက်ပါတယ်။
ကွတ်ခိုင်မြို့နယ် ထဲတည်ရှိပြီး လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီး နဘေးက နမ့်ဖတ်ကာ ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေလျင် တပ်ရင်း အမှတ် ၁၂၃ အနီးမှာ ပျက်ကျသွားတာလို့ KIA ရဲ့ပြောခွင့်ရသူက အတည်ပြုပြောကြားခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ လေယာဥ် ပျက်ကျတဲ့ အပျက်အစီးတွေ အထောက်အထား ဓါတ်ပုံတွေတော့ ခုအချိန်မှာ ထုတ်ဖေါ်ပြသနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီလေယာဥ်က လေယာဥ်မှူး ဘယ်နှဦး သေဆုံးသလဲ စတဲ့အသေးစိတ် အချက်အလက်တွေလည်း မသိရှိရသေးတဲ့ အနေအထားဖြစ်ပါတယ်။ KIA ကတော့ ၄င်းတို့ပစ်ချလိုက်တာလို့ ပြောဆိုထားပြီး ဘယ်လို လက်နက်နဲ့ ပစ်ချလိုက်တယ်ဆိုတာတော့ ထုတ်ဖေါ်ပြောဆိုတာ မရှိပါဘူး။ မကြာသေးတဲ့ သီတင်းပတ်တုန်းက ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို သွားတဲ့လမ်းကြောင်းပေါ်က စစ်ကောင်စီ စခန်းတခုကို ရိက္ခာလာပို့တဲ့ စစ်ရဟတ်ယာဥ်ကို KIA က ပစ်ချနိုင်ခဲ့ပြီး ရဟတ်ယာဥ်မောင်းနှင်သူ လေတပ်အရာရှိတွေ အပါအဝင် လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၆ ဦးထက်မနည်း ရဟတ်ယာဥ် ပျက်ကျတာနဲ့အတူ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်တွင်း လက်နက်ကိုင် တိုက်ပွဲ၊ စစ်ကောင်စီတပ်စခန်း၊ စစ်ဆေးရေး ဂိတ်၊ တပ်ရင်းစခန်း၊ ဗျူဟာစခန်းတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေက တိုက်ခိုက်ကြတဲ့အခါ စစ်ကောင်စီအနေနဲ့ မြေပြင်က စစ်ကူသွားတာမျိုး ပြန်လည်ဝိုင်းပတ် တိုက်ခိုက်တာမျိုး နဲ့ ခုခံတိုက်ခိုက်နိုင်တဲ့ အင်အားမရှိဘဲ လေကြောင်းကနေ ကူညီပစ်ခတ်တာတွေ လုပ်ဆောင်နေတာ ၂ နှစ်ကျော်ရှိလာပြီး ခုနောက်ပိုင်း မြေပြင်တပ်တွေ အင်အားပိုနည်းလာသလို၊ မြေပြင်ဆက်သွယ်ထားတဲ့ ကားလမ်းတွေ လမ်းကြောင်းတွေကို စိုးမိုးနိုင်မှုနည်းလာတာကြောင့် စစ်ကောင်စီဟာ လေကြောင်းအားပြု ခုခံတိုက်ခိုက်နေတဲ့ တပ်ဖွဲ့သဖွယ် ဖြစ်လာနေပါတယ်။ တဖက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ PDF တွေအနေနဲ့ လေယာဥ်၊ ရဟတ်ယာဥ်တွေကို ထိမှန်အောင် ပစ်ချနိုင်တဲ့ လက်နက်ဝယ်ယူရရှိဖို့ အခက်အခဲ၊ ကုန်ကျစရိတ်အခက်အခဲတွေကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကို ခုခံကာကွယ်နိုင်တဲ့ အနေအထား မရှိသလောက်ဖြစ်နေပြီး ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဥ် သို့မဟုတ် ရဟတ်ယာဥ်ကို ပစ်ချနိုင်တဲ့ အဖြစ်အပျက်က ၄ ကြိမ်ထက် မပိုတာတွေ့ရမှာ ဖြစ်ပါတယ်။ ကရင်နီပြည်မှာ ၂ ကြိမ် နဲ့ ကချင်ပြည်နယ်မှာ ၂ ကြိမ်ဖြစ်ပါတယ်။ လတ်တလော အဖြစ်အပျက်တွေမှာတော့ ကချင်ပြည်နယ် နားဖော့ စခန်းအနီး ပစ်ချတဲ့ ဖြစ်စဥ်နဲ့ ရှမ်းမြောက် ကွတ်ခိုင်အနီး ပစ်ချခံရတဲ့ ဖြစ်စဥ် ၂ ခုက ရက်သီတင်းပတ် အနည်းငယ်အတွင်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာကြောင့် KIA မှာ လေကြောင်းက တိုက်ခိုက်မှုကို တုံ့ပြန်ကာကွယ်ဖို့ လေယာဥ်ပစ်လက်နက် လိုမျိုး ရရှိနေပြီလား ဆိုတဲ့ မှန်းဆချက်မျိုးလည်း ထွက်ပေါ်လာစေတာ ဖြစ်ပါတယ်။ တိုက်လေယာဥ် နဲ့ စစ်ရဟတ်ယာဥ်တွေကို အခုလို ခပ်စိပ်စိပ် ပစ်ချနိုင်လာခဲ့ရင် စစ်ကောင်စီ အနေနဲ့ လေတပ်ကို အားကိုးပြီး စခန်းတွေမြို့တွေ မကျအောင် ထိန်းနေရတဲ့ ခံစစ်ကို ပိုပြီး အားပျော့စေ နိုင်တဲ့ အနေအထားမျိုးလို့ မှန်းဆရပါတယ်။ စစ်ကောင်စီ အနေနဲ့ စစ်တိုက်လေယာဥ်၊ စစ်ရဟတ်ယာဥ် အရေအတွက် ရာဂဏန်း ကျော်ရုံသာရှိပြီး အချို့သော နိုင်ငံတွေလို အစင်းရေ ထောင်ချီရှိတဲ့ လေတပ်မျိုးမဟုတ်ပဲ လေ့ကျင့်ပြီး တိုက်လေယာဥ်မှူးအရေအတွက်တွေလည်း အကန့်အသတ်ရှိနေတာဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က လေကြောင်းရန်ကို အတိုင်းအတာတခုထိ ကာကွယ်နိုင်တဲ့ အနေအထားက စစ်ကောင်စီရဲ့ အင်အားချိန်ခွင်လျှာ၊ မြို့တွေ၊ စခန်းတွေ ထိန်းသိမ်းထားနိုင်မှုကို ပိုမိုထိခိုက်စေမှာလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသော သတင်းအကြောင်းအရာတခုက ပလက်ဝဒေသကို AA လက်နက်ကိုင် အဖွဲ့က သိမ်းယူနိုင်ခဲ့ပြီးနောက် တောင်ဘက်ကို ဆင်းလာရာမှာ ကျောက်တော်မြို့ အနီး အခြေစိုက်ထားတဲ့ ခမရ တပ်ရင်း အမှတ် ၅၃၉ ကို AA တပ်ဖွဲ့တွေက မတိုင်ခင် တရက်ရဲ့ ညပိုင်းမှာ တိုက်ခိုက်ခဲ့ရာက နောက်တရက်မှာ တပ်ရင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့တာလို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ စစ်ကောင်စီ တပ်အင်အားနဲ့ မိသားစုဝင် စုစုပေါင်း ၃၀၀ ကျော် ပါဝင်တယ်လို့လည်း သတင်းတွေမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယို ဖိုင်တခုမှာတော့ လက်တွေကို ကြိုးနဲ့ပူးချည်ထားခံရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ လက်တွေ ချည်နှောင်ထားခြင်းမရှိတဲ့ ၄င်းတို့ရဲ့ မိသားစုဝင်တွေ၊ ကလေးငယ်တွေ အများအပြား တန်းစီပြီး ခေါ်ဆောင်သွားကြတဲ့ မြင်ကွင်းကို တွေ့ရပါတယ်။ ကစ္ဆပနဒီလို့လည်း ခေါ်ဆိုတဲ့ ကုလားတန်မြစ်နဘေးမှာရှိတဲ့ ကျောက်တော်မြို့ကို AA အဖွဲ့က သိမ်းယူပြီလား ဆိုတာတော့ မသိရှိရသေးပေမယ့် ပလက်ဝ ဒေသက စစ်ကောင်စီရဲ့ စစ်စခန်းတွေ ဗျူဟာကုန်းတွေ အားလုံး ကို AA က သိမ်းယူခဲ့ပြီး ပလက်ဝမြို့ကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ခုရက်ပိုင်း သတင်းတွေ မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျောက်တော်မြို့အနီးက အမြှောက်တပ် ၃၇၇ ကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ သတင်းဖေါ်ပြထားတာ တွေ့ရပါတယ်။
စစ်ကောင်စီနဲ့ AA တပ်ဖွဲ့အကြား လက်နက်ကိုင် တိုက်ပွဲတွေ နိုဝင်ဘာလဆန်းမှာ ပြန်လည်ဖြစ်ပွားလာပြီးနောက် ရခိုင်ပြည်နယ် တခုလုံးကို စစ်ကောင်စီက ကုန်စည်တင်သွင်းမှုရော၊ ပို့ဆောင်မှုပါ ပိတ်ဆို့ထားပြီး အခြေခံစားသောက်ကုန်၊ သွားလာပို့ဆောင်ရေး အတွက် အဓိကလိုအပ်တဲ့ လောင်စာဆီစျေးနှုန်းတွေ မကြုံဖူးလောက်အောင် မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေအောက်မှာ ရခိုင်ပြည်နယ် လူထုအနေနဲ့ စစ်ဘေးရှောင်ရတဲ့ အနေအထားနဲ့ ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်တဲ့အနေအထားကို တပြိုင်နက်ထဲ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar