၂၀၂၄ သမ္မတလောင်း ဝင်ပြိုင်ဖို့ ဒေါ်နယ်ထရန့် ပါတီတွင်းအကြိုရွေးကောက်ပွဲတွေမှာ အနိုင်ရနေ
၂၀၂၄ သမ္မတလောင်း ဝင်ပြိုင်ဖို့ ဒေါ်နယ်ထရန့် ပါတီတွင်းအကြိုရွေးကောက်ပွဲတွေမှာ အနိုင်ရနေ
နိုင်ငံတကာသာဂိ၊ (မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၂၄
အင်္ဂါနေ့က အမေရိကန်၊ နယူးဟမ္မရှဲယားပြည်နယ်က ရီပတ်ဘလစ်ကန်ပါတီဝင်များအတွင်း သမ္မတလောင်းအကြိုရွေးကောက်ပွဲမှာ ထရန့်နဲ့ အခြားသမ္မတလောင်းပြိုင်ဘက် အမျိုးသမီးခေါင်းဆောင် နစ်ကီဟေလီနဲ့ ပြိုင်ကြရာမှာ ထရန့်က ၅၄% နီကီက ၄၆% ဆီ မဲရပါတယ်။ အဲသည်ပြည်နယ်၏ ပါတီတွင်း သမ္မတအကြိုရွေးကောက်ပွဲ (ဆန္ဒခံယူပွဲလို့ ဆိုချင်ဆို) မှာ ထရန့်က နိုင်သွားပြီး နောက် ကျန်ပြည်နယ်တွေမှာလည်း ထရန့်ပဲ အနိုင်ရဖို့ အလားအလာများပေမယ့် နီကီဟေလီကတော့ နောက်ဆက်တွဲ ပြည်နယ်အလိုက် ပါတီတွင်း သမ္မတလောင်းရွေးကောက်ပွဲတွေ ဆက်ပြိုင်သွားမယ်လို့ ဆိုပါတယ်။
ပထမဆုံး ပြည်နယ် အကြိုရွေးကောက်ပွဲ (Primary) တွေထဲက Iowa Caucus မှာ ထရန့်က ၅၀% ကျော်၊ အဲသည်တုန်းက ပြိုင်ဘက် ဒီဆန်းတစ်နဲ့ နီကီဟေလီတို့က ၂၀% ကျော်ကိုယ်စီ ရခဲ့ပါတယ်။ အဲသည်မှာ ဖလော်ရီဒါပြည်နယ်ဥက္ကဋ္ဌ ဒီဆန်းတစ်က အကြိုရွေးကောက်ပွဲ ပွဲစဉ်တွေကနေ အညံ့ခံနုတ်ထွက်လိုက်ပြီး ထရန့်ကိုပဲ ထောက်ခံကြောင်း အလံဖြူထောင်ခဲ့ပါတယ်။ ဒါကြောင့် နောက်ပိုင်းက အရင်သမ္မတဟောင်း ထရန့်နဲ့ စိန်ခေါ်သူ နီကီဟေလီတို့ စိန်ခေါ်ပွဲ ဖြစ်သွားပါပြီ။
ထရန့်ကို သောင်ပြိုကမ်းပြိုထောက်ခံနေကြတဲ့ ရီပတ်ဘလစ်ကန်ပါတီဝင် အများစုတွေ (၅၀%ကျော်)တွေကြောင့် အခုကတော့ ရီပတ်ဘလစ်ကန်ပါတီကို ထရန့်ပါတီလို့ အမည်ပြောင်း ခေါ်နေကြပြီ ဖြစ်ပါတယ်။ နိုင်ရင်ပြီးရော ဘယ်နည်းဖြစ်ဖြစ် သုံးမယ်၊ ချက်အောက်လဲ ထိုးမယ်၊ ရှုံးရင် ဝန်မခံကြေး၊ လွှတ်တော်ကို တက်သိမ်းပစ်မယ်ဆိုတဲ့ ဒေါ်နယ်ထရန့်ကို အာဏာရှင်ဆန်မှု လက်ယာစွန်းရောက်မှုကို နှစ်သစ်သူ ရှေးရိုးစွဲတွေ ထောက်ခံနေကြတာမို့ ဒီ၂၀၂၄ ရွေးကောက်ပွဲ အစစ်ကြီးမှာ လက်ရှိ ဒီမိုကရက်ပါတီ သမ္မတ ဘိုင်ဒင်နဲ့ သမ္မတဟောင်း ထရန်ံတို့ နောက်တကြိမ် မကြေပွဲ၊ စိန်ခေါ်ပွဲကြီး ဖြစ်လာလိမ့်မယ်လို့ အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar