ကိုအောင်မှိုင်း - သိကြရဲ့လား
ကိုအောင်မှိုင်း - သိကြရဲ့လား
(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၂၄
သုံးနှစ်တဲ့လား
ရက်စက်မှုတွေ
လူမဆန်မှုတွေ
နာကျည်းမှုတွေ
အကြင်နာမဲ့မှုတွေတွက်
နှစ်ပေါင်းသုံးရာလောက်
ခံစားခဲ့ကြရတာ သိကြရဲ့လား။
သုံးနှစ်တဲ့လား
လက်ဗလာဘဝမှာ
လေးဘက်ထောက်
လမ်းလျှောက်ခဲ့ရ
မျက်နှာများစွာမှာ
စစ်ဖိနပ်ရာတွေနဲ့
အသတ်ခံရတာတောင်
အလောင်းပြန်မရ
အလောင်းလိုချင်
ပိုက်ဆံထပ်ပေးရ
ခေါင်းကို ပစ်တဲ့လား
အဟုတ်ဘဲ
ခေါင်းတွေကိုပစ်ခဲ့
လက်ဗလာဘဝမှာ
လူဟုတ်ရဲ့လားလို့
ကိုယ့်ကိုယ်ကိုတောင်
မေးခွန်းထုတ်ခဲ့ရတာ သိကြရဲ့လား။
သုံးနှစ်တဲ့လား
အသက်တွေနဲ့
ကြိုးချင်းဆက်ကြ
နုပျိုမှုတွေနဲ့
ကြိုးချင်းဆက်ကြ
စွန့်လွှတ်မှုတွေနဲ့
ကြိုးချင်းဆက်ကြ
အနစ်နာခံမှုတွေနဲ့
ကြိုးချင်းဆက်ကြ
ကောင်းကင်မှာ
ကြယ်တွေ ကြွေနေတယ်
မြေပြင်မှာ
အမေတွေ ငိုနေတယ်
မျက်ရည်ချောင်းစီးနေတာ သိကြရဲ့လား။
သုံးနှစ်တဲ့လား
ငါတို့ရုန်းထ
တော်လှန်ကြတာ ပြည်သူ့အတွက်
လက်နက်ကိုင်ဆွဲ
တိုက်ပွဲဝင်တာ ပြည်သူ့အတွက်
မေခ မလိခ သံလွင် စစ်တောင်း
ချင်းတွင်း ဧရာ ဇော်ဂျီ တနိုင်းခ
အတ္ထရံ ဥရု ပုဇွန်တောင်ချောင်း
ဆင်ဖြူကျွန်းချောင်း သံဒီ ရွှေလီ
ကစ္ဆပနဒီ မယူမြစ်တေး
သံပြိုင်ဟစ်ကြွေးနေတာ သိကြရဲ့လား။
သုံးနှစ်တဲ့လား
ရှို့လိုက်တဲ့မီး
သတ်လိုက်တဲ့လူ
လက်ဗလာဘဝမှာ
အိမ်ခြေရှစ်သောင်း
လူတသောင်းကျော်
နည်းတဲ့တန်ဖိုးလား
ဗြောင်းဗြောင်းဆန်ခဲ့
ထောင်းလမောင်းကြေ
ပြာပုံတွေနဲ့ အရိုးစုတွေ
ဝစ်လစ်စားလစ်ဖြစ်နေတဲ့
လူ့အခွင့်အရေး ကမ္ဘာကြီးမှာ
ဒီမိုကရေစီဆိုတာ မီဒီယာမှာ
စာနာမှုတွေဆိုတာ မီဒီယာမှာ
စိုးရိမ်သောကဆိုတာ မီဒီယာမှာ
ဘာသာစကား အသစ်ဖြစ်လာ
ကြေကွဲဝမ်းနည်းမှုတွေနဲ့
အရိုးတွန်နေကြတာ သိကြရဲ့လား။
သုံးနှစ်တဲ့လား
နွေဦးဟာ မုန်တိုင်း
ရိုင်းချင်ရိုင်းပါစေ
ကြမ်းချင်ကြမ်းပါစေ
လူထုတော်လှန်ရေး
လူထုဆန့်ကျင်ရေး မလုပ်ရင်
အကုန်လုပ် အဟုတ်မှန်တယ်
ညီစေ ချီစေ ပြည်သစ် တည်စေ
နွေဦးအသံ နွေဦးအလံနဲ့
နွေဦးမာန်ဟာ ပြီးပြည့်စုံတယ်။
သုံးနှစ်တဲ့လား
လက်ထဲက သေနတ်
လှံစွပ်တပ်ထား
ရန်သူ့နှလုံးသားဆီ
ပစ်မှတ်ဟာ အတည်ဘဲ
ရန် ငါ ပြတ်မှရမယ်
ပလီစိချောက်ချက်မလုပ်နဲ့
မျက်စမပစ်နဲ့ အရိပ်တွေမှာ
ဓားတွေကိုယ်စီနဲ့နော်
သွေးကြွေးမှာ ဆွေးနွေးစရာမရှိ
ရင်းထားတာတွေတွက်
တင်းကြရမယ် ရှင်းကြရမယ်
ကြောက်မွှေးပါ ဇာဂနာနဲ့နုတ်
အပြုတ်နှံရမယ် ပြင်းထန်ရမယ်
စစ်အနိုင်တိုက်ရေး ၂၀၂၄ ဖြစ်စေရမယ်။
ကိုအောင်မှိုင်း
ဇန္နဝါရီလ ၂၅ရက် ၂၀၂၄ခုနှစ်