ကျော်မင်းထွန်း(NEW YORK) - ဆောင်းခါးခါး
ဆောင်းခါးခါး
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၂၄
ဆောင်းမှာလည်း အကောင်းနဲ့အဆိုး
ဆောင်းအကြောင်းနဲ့ဆောင်းအကျိုး
မြောက်ပြန်လေတိုးဝှေ့ရာ ရွေ့လာတဲ့နှင်းပါ
ထင်းခနဲ ဆောင်းမှန်းသိအောင်
မဏ္ဍာပ်တိုင်တက်ပြနေတယ် ထင်ကြတယ်။
နှင်းရဲ့ဆောင်းက ဆောင်းသလို မဆောင်းသလိုမို့
မျက်ရည်စီးကြောင်းကြီးလို နှင်းတွေပျော်ကျနေလိုက်တာ
တခါတလေ ဆောင်းလက်ခုပ်ထဲရောက်လိုက်
တခါတလေ ဆောင်းရှေ့မှောက် ဒူးထောက်လိုက်နဲ့
အပြောင်းအလဲဟာ ဆောင်းထဲမှာပေါ့။
နှင်းတွေဟာ ဆောင်းမှာ
မောင်းချဓားလို ရှတတ
မိုးရွာသလို ခါးခါးသီးသီးရွာချ
ဆောင်းမှာ ထီးဆောင်းလေ့မရှိတော့
နှင်းမလုံတာထက် စိတ်မလုံတာဆိုးတယ်
စိတ်မလုံ့တလုံနဲ့ မီးလှုံရတာ
မှုန်မှုန်မွှားမွှား ကောင်းကင်ပါးမှာ
ဝေဒနာနှင်းက တရှိုက်နှစ်ရှိုက်
ဥပါဒါန်အချစ်က တပြိုက်နှစ်ပြိုက်။
သင်တုန်းဓားသွား ဆောင်းခါးခါးမှာ
နှင်းချိုချိုကို အရည်ကျို
ရုပ်နာမ်(၂) ပါးလို
အေအိုင်ထဲ ကျနော်ပစ်ထည့်လိုက်တဲ့အခါ
လောင်ချာတလက် မောင်းပြန်တလက်နဲ့
စမတ်ကျကျ ပီဒီအက်ဖ်မလေးဖြစ်လာတယ်
ဆောင်းညမှာ စောင်းကျမသွားအောင်
မေတ္တာနွေးထွေး ဖက်ထားပေးပါ
စောင်ခြုံလို့ မလုံ
မေတ္တာခြုံမှလုံတယ်ဆိုလို့။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar