သီအိုဇော် - ၂၀၂၄ ခုနှစ်နှင့် အာဆီယံဟန် အာဆီယံအသံ
သီအိုဇော် - ၂၀၂၄ ခုနှစ်နှင့် အာဆီယံဟန် အာဆီယံအသံ
(မိုးမခ) ဇန်နဝါရီ ၂၉ ၊ ၂၀၂၄
ဇန်နဝါရီ (၂၈-၂၉) ရက်နေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ လာအိုနိုင်ငံ လွမ်ပရာဘန်(Luang Prabang)မှာ တွေ့ဆုံကြပါတယ်။ ၂၀၂၁ခုနှစ် အောက်တိုဘာလကတည်းက အဆင့်လျှော့ချပြီး နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ မြန် မာကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုဖို့ အာဆီယံက ဆုံးဖြတ်ထားခဲ့တာပါ။ ဒါကိုကန့်ကွက်တဲ့ အနေနဲ့ စစ် ကောင်စီဘက်က ကိုယ်စားလှယ်စေလွှတ်ခြင်း မပြုလုပ်ခဲ့ပါဘူး။ ခါတိုင်းထက် ဒီတကြိမ်မှာ ထူးခြားပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်တက်ရောက်ခဲ့လို့ပါ။ သိကြတဲ့အတိုင်း အဘက်ဘက်က ဖိအားများစွာ ခံနေရတဲ့ စစ်ကောင်စီ အားမတန် မာန်လျှော့ပြီး တန်းတူရည်တူ တက်ရောက်ခွင့်မရလည်း အာဆီယံဘက်က လက်ခံနိုင်တဲ့ ကိုယ်စားလှယ်ကို စေလွှတ်ခဲ့ရတဲ့ ပုံပါပဲ။
အစည်းအဝေး စတဲ့နေ့မှာပဲ အာဆီယံ အတွင်းရေးမှူးချုပ် ကောင်ကင်ဟွန်း (Dr. Kao KimHourn)နဲ့ အထူးကိုယ်စားလှယ်သစ် အာလွန်ကယ်ကစ်တစ်ခွန် (Alounkeo kittikhoun)တို့ တွေ့ခဲ့ကြပါတယ်။ ထုံးစံအတိုင်း အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို ဆက်လက်ဖော်ဆောင်ဖို့ဆိုတာကို ပြောကြပါတယ်။ ဒါ့အပြင် ဘုံသဘော တူညီချက် ငါးချက်ထဲကမှ နံပါတ် (၄) လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးဖို့ ဆိုတဲ့အချက်ကို လုပ်ဆောင်နိုင်ရေးလည်း သူတို့နှစ်ယောက် ဆက်ဆွေးနွေးတယ်လို့ ဖော်ပြခဲ့တဲ့အတွက် ၂၀၂၄ ခုနှစ်မှာ ဒီအချက်ကို ပိုအားစိုက် ဆောင်ရွက်နိုင်ဖို့ ကြိုးစားကြမယ်လို့ မျှော်လင့်ရပါတယ်။
မတရားဖမ်းဆီး အကျဉ်းချခံရသူတွေအကြောင်း တလုံးတပါဒမှ မပါဝင်သလို အချိန်ဇယားလည်း ပြောမထားတဲ့ လိုအပ်ချက်တွေများစွာရှိတဲ့ ဒီအာဆီယံမူငါးချက်ကို ဝိုင်းပြီးအားမရကြတာလည်း မဆန်းပါဘူး။ ဒါပေမဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက အကောင်းမြင်တိုက်တွန်းနေကြတဲ့နောက် ကနဦးခြေလှမ်းများလို့သာ မြင်ပြီး စောင့်ကြည့်ကြဖို့ပဲ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အခုအချိန်က လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ တကယ် လိုအပ်တဲ့နေရာကို မှန်မှန်ကန်ကန် ရောက်သွားဖို့ ဆောင်ရွက်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။
ပြဿနာက စစ်ရေးဖိအား အပြင်းအထန် ခံရချိန်မှာမှ အာဆီယံဘက် ပြန်လှည့်ကြည့်တဲ့ စစ်ကောင်စီရဲ့ သဘောထားပါ။ အကူအညီလိုအပ် နေတဲ့ပြည်သူကို ဓားစာခံလို ပြုမူပြီး အပေးအယူလုပ်လာမှာကိုလည်း သတိထားကြရမှာပါ။ စစ်ပန်းနေတဲ့ကာလမှာ တိုက်လို့ရှုံးတာ၊ မတိုက်ရင်ရှုံးမှာ မဟုတ်ဘူး ဆိုတဲ့ အမြင်နဲ့ အပစ်အခတ် ရပ်ဖို့ အထိလည်း တဖြည်းဖြည်း နှပ်ကြောင်းပေးလာနိုင်သေးတာပါပဲ။ နိုင်ငံတကာ ဆိုတာကလည်း အပစ်အခတ်ရပ်စဲရေး ဆိုတဲ့စကားလုံးကို နာရီပိုင်း၊ရက်ပိုင်းပဲ ရပ်ကြရပ်ကြ သည်းခြေကြိုက် ဆိုကြလေတော့ စကားပြော ဆိုကြဖို့ တိုက်တွန်းမှုတွေ ပိုများလာနိုင်တဲ့ နှစ်လို့လည်း ဆိုရပါလိမ့်မယ်။
၂၀၂၄ ခုနှစ်ကတော့ ပြီးခဲ့တဲ့နှစ်တွေထက် အာဆီယံ ဗဟိုပြုချဉ်းကပ်မှုတွေ ပိုမြင်လာနိုင်တဲ့ အကြောင်းတွေ ရှိပါတယ်။ ဒါပေမဲ့ တကယ်လို့သာ ဒီနှစ်ထဲမှာ အာဆီယံလမ်းကြောင်း လှုပ်လှုပ်ရွရွ ပိုဖြစ်လာခဲ့ရင်တော့ တဦး တယောက်ရဲ့ စွမ်းပကား၊ လာအိုရဲ့ ချဉ်းကပ်မှု ပုံစံသစ်၊ တရုတ်အပါအဝင် နိုင်ငံတကာရဲ့ တွန်းအားများကြောင့် ထက် အခုလို ဘက်ပေါင်းစုံက အခြေ ပျက်ယိုင်နဲ့လာချိန်မှာ ဘုံသဘောတူညီချက် ငါးချက်ကို အသက်ရှူပေါက် တခုလို့ မြင်လာတဲ့ အတွက်ကြောင့်သာ ပိုဖြစ်နိုင်မယ် ထင်ပါတယ်။
ဒီလိုပြောရတာဟာ အာဆီယံ အထူးကိုယ်စားလှယ်သစ်ရဲ့ လုပ်ကိုင်နိုင်စွမ်းကို လျှော့တွက်တာလည်း မဟုတ်ပါဘူး။ ပြောရရင် အာလွန်ကယ်ကစ်တစ်ခွန်ဟာ လာအို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၁၉၇၇ ခုနှစ် ကတည်းက စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့်သံတမန်တဦးပါ။ပြင်သစ်နိုင်ငံ ‘Paris 1 Pantheon Sorbonne’ တက္ကသိုလ်ထွက် တဦး ဖြစ်တဲ့သူဟာ သံတမန်ရာထူး ပုံသဏ္ဌာန်အမျိုးမျိုးကနေ အငယ်တန်းဝန်ကြီး တဦးအဖြစ်နဲ့လည်း အတွေ့ အကြုံ များစွာရှိသူ ဖြစ်ပါတယ်။
သားဖြစ်သူ နိုင်ငံရေးသိပ္ပံနဲ့ ဖွံ့ဖြိုးရေးပညာရှင် အန်နိုလတ်ခ် ကစ်တစ်ခွန် (Dr.Anoulak Kittikhon -လက်ရှိ မဲခေါင်မြစ်ဝှမ်းကော်မရှင် အတွင်းရေးမှူးအဖွဲ့ရဲ့ စီအီးအို)နဲ့ တွဲဖက်ပြီး လာအိုနိုင်ငံရဲ့ ကုလသမဂ္ဂ၊ အာဆီယံ၊ မဲခေါင်မြစ်ဝှမ်း အတွေ့အကြုံများအကြောင်း ‘Small Countries , Big Diplomacy’ ဆိုတဲ့စာအုပ်ကိုလည်း သုံးသပ် ရေးသားထားသူ ဖြစ်ပါတယ်။
Japan International Cooperation Agency - JICA ဥက္ကဌ(ဟောင်း) Kitaoka Shinichi ကိုယ်တိုင်က အဖိုးတန်တဲ့ အချက်အလက် အရင်းအမြစ်တွေ ဖြစ်တယ်လို့ သူယုံကြည်တယ် ဆိုပြီးစာအုပ်မိတ်ဆက်ပွဲမှာ မိန့်ခွန်းပြောခဲ့ဖူးပါတယ်။ ဒါတွေကိုကြည့်ရင် ပြီးခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ်တွေထက် မသာရင်သာ နေမယ်၊ ပိုညံ့မယ့် သူတော့ မဟုတ်နိုင်ဘူးလို့ပဲ ကောက်ချက်ချရလိမ့်မယ် ထင်ပါတယ်။
လာအိုအာဆီယံဥက္ကဋ္ဌ ဖြစ်လာချိန်မှာ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုကို ဆက်စပ်စဉ်းစားကြတာကို တွေ့ရပါတယ်။ ဘယ်အဖွဲ့အစည်းရဲ့ အစီရင်ခံစာကို ကြည့်ကြည့် နိုင်ငံဂျီဒီပီရဲ့ (၅၅) ရာခိုင်နှုန်းအထက်လို့ တွက်ချက်ထားကြတဲ့ တရုတ်ကြွေးမြီ၊ လူဦးရေ (၇၀) ရာခိုင်နှုန်းခန့်ကို အလုပ်ပေးထားတဲ့ စိုက်ပျိုးရေး အဓိကနိုင်ငံရဲ့ စိုက်ပျိုးရေး ပို့ကုန် အများဆုံးကို ဝယ်ယူသူက တရုတ်နိုင်ငံ အစရှိတဲ့ လာအိုနိုင်ငံအတွက် တရုတ်နိုင်ငံရဲ့ အရေးပါမှုတွေကို ဖယ် ပြီး စဉ်းစားလို့ မရတာကလည်း သဘာဝကျပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက သူ့ရဲ့ သဘောထားကို ဖုံးကွယ် မထားပါဘူး။ မြန်မာနိုင်ငံတွင်း အခြေအနေဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် တိုက်ရိုက် သက်ရောက်မှုရှိတယ်လို့ ၂၀၂၁ခုနှစ် ဇွန်လ (၇) ရက်နေ့ အထူးအာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကတည်းက တရုတ်နိုင်ငံရဲ့ သဘောထားကို ဝမ်ယိက ရှင်းရှင်းလင်းလင်း ပြောထားခဲ့တာပါ။
ဒီလိုအကျိုးစီးပွားကို ရှေ့တန်းတင် ရှုမြင်တတ်တဲ့ သဘောက တသမတ်တည်း ဆက်ရှိနေမှာဖြစ်ပြီး၊ ဒါနဲ့ပတ်သက်လို့ လာအိုအပေါ် ဖိအားပေးမှုတွေလည်း ရှိနေမှာပါ။ ဒါပေမဲ့ ဘယ်လိုပဲ တွန်းအားပေးပေး အဖွဲ့ဝင်အားလုံး သဘောတူညီမှု လိုအပ်တဲ့ အာဆီယံမူဘောင်ထဲကသာ လုပ်ဆောင်နိုင်တာဖြစ်လို့ တရုတ်ဩဇာက ထင်သလောက် မသက်ရောက်နိုင်ပါဘူး။ အာဆီယံအဖွဲ့ဝင်အားလုံး တသဘောတည်းရှိမှသာ ဆုံးဖြတ်ချက်ကျတဲ့ မူဝါဒလည်း ရှိနေတော့ အလှည့်ကျ ဥက္ကဋ္ဌ လာအိုအနေနဲ့ တရုတ်နိုင်ငံ အလိုကျချည်း လုပ်နေမယ်လို့တော့ မျှော်လင့်လို့မရဘူး ထင်ပါတယ်။
စစ်ကောင်စီဘက်က ကောက်ရိုးတမျှင်လို လှမ်းဆုပ်ချင်တာပဲဖြစ်ဖြစ်၊ အသုံးချချင်လို့ပဲဖြစ်ဖြစ် ပြန်စဉ်းစားလာ တဲ့အခါ၊ ဘက်အားလုံး ပါဝင်ကြတဲ့ ဒါမှမဟုတ် Track 1.5လို ဆွေးနွေးပွဲတွေ ပိုမြင်လာနိုင်တဲ့နှစ် ဖြစ်နိုင်ပါတယ်။ နောက်တချက်က ပြည်သူတွေရဲ့ အတိုင်းအဆမရှိ နာကျည်းမှုကြောင့် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ စကားလုံးက ဆူးစ ဆူးနတွေနဲ့ မကင်းလေတော့ စကစဘက်က ဒီအချိန်အထိ ကြံ့ကြံ့ခံထားကြတဲ့ ညီညွတ်မှုကို အားစမ်းကြည့်ရာလည်းရောက်တဲ့ မိုင်းကွင်းထဲ ဆွဲခေါ်လိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
၂၀၂၄ခုနှစ်မှာ အုပ်စု(၂)စုကွဲနေတဲ့ အာဆီယံနိုင်ငံတွေရဲ့ အနေအထားသာ ပြောင်းသွားခဲ့ရင် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် ပိုတွန်းတင် ခံရဖို့ ရှိလာနိုင်တယ်လို့လည်း ထင်ပါမိတယ်။ ဒီလိုပြောရတဲ့ အကြောင်းက အခုချိန် အထိ စစ်ကောင်စီကို မျက်နှာသာ သိပ်မပေးတဲ့ အာဆီယံ ဟဲဗီးဝိတ် အင်ဒိုနီးရှား ပြည်တွင်းနိုင်ငံရေးနဲ့ သက်ဆိုင်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ရွေးကောက်ပွဲက ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့မှာ ကျင်းပမှာဆိုတော့ တစထက်တစ နီးကပ်လို့လာပါပြီ။ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ မိခင်အာဏာရပါတီ Indonesian Democratic Party of Struggle (PDI-P)က အလယ်ဂျားဗား ပြည်နယ် အုပ်ချုပ်ရေးမှူဟောင်း ဂန်ဂျာပရာနိုဝို (Ganjar Pranowo)ကို သမ္မတလောင်း၊ နိုင်ငံရေး ဥပဒေရေးရာနဲ့ လုံခြုံရေး ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး မာဖွတ်အမ်ဒီ (Mohammad Mahfud MD)ကို ဒုသမ္မတလောင်းအဖြစ် ရွေးထားပါတယ်။
သမ္မတနေရာအတွက် အဓိကယှဉ်ပြိုင်ဘက်လို့ ယူဆရမယ့်သူက Great Indonesia Movement Party (Gerindra) ပါတီခေါင်းဆောင် အသက်(၇၂)နှစ်အရွယ် ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ပါ။ သူ့ပါတီက ဂျိုကိုဝီရဲ့ အစိုးရအဖွဲ့မှာပူးပေါင်းပါဝင်ခဲ့ပြီး သူကလက်ရှိ ကာကွယ်ရေး ဝန်ကြီးဖြစ်ကာ၂၀၁၄ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွေမှာ ဂျိုကိုဝီနဲ့ သမ္မတနေရာ ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဒုသမ္မတလောင်းက ဂျိုကိုဝီရဲ့ သားအကြီးဆုံး ဖြစ်သူ ဂစ်ဘရန် ရာကာဘူမင် ရာကာ (Gibran Rakabuming Raka)ပါ။ သူကအသက် (၃၆) နှစ်အရွယ်သာ ရှိသေးတဲ့ ဆူရာကာတာ(Surakarta) မြို့တော်ဝန်လည်း ဖြစ်ပါတယ်။ အဖေနဲ့ နိုင်ငံရေးယှဉ်ပြိုင်ဖက်ဖြစ်ခဲ့ပြီး သားနဲ့တော့ နိုင်ငံရေး မိတ်ဖက် ဖြစ်လာခဲ့တာကလည်း စိတ်ဝင်စားစရာ၊ အငြင်းပွားဖွယ်ရာ အကြောင်းတွေ ဖြစ်နေပေမယ့် အခုတော့ သမ္မတလောင်း ပရာဘိုဝို အကြောင်းကိုပဲ အသားပေး ရေးသား လိုပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းတဦး ဖြစ်တဲ့သူ ပရာဘိုဝိုဟာ အာဏာရှင် ဆူဟာတိုရဲ့ သမက် ဖြစ်ခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ ဆူဟာတိုသမီးနဲ့ ကွာရှင်းပြတ်စဲခဲ့ပြီး ဖြစ်ပါတယ်။ ဆူဟာတိုလက်ထက်က လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲခံရတာတွေရှိပေမယ့် သူကတော့ အပြစ်မရှိကြောင်း ငြင်းဆိုလေ့ရှိပါတယ်။ ကလင်တန်၊ဘုရှ်၊အိုဘားမားအစိုးရလက်ထက်တွေက အမေရိကန်နိုင်ငံ ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရသူ ဖြစ်ပါတယ်။
သူကိုယ်တိုင် သန်းကြွယ်သူဌေးတဦး ဖြစ်ပြီး သူ့ရဲ့ ညီဖြစ်သူ ဟက်ရှင်ဂျိုရိုဟဒ် ဒီကူးဆူးမို (Hashim Djojohadikusumo) ဆိုရင် ၂၀၂၀ခုနှစ် Forbes စာရင်းအရ အင်ဒိုနီးရှားနိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်(၅၀) ထဲ ပါဝင်ပါတယ်။ ဂျာကာတာပိုစ့် သတင်းစာမှာ သမ္မတလောင်းတွေရဲ့ ကြွယ်ဝမှုကို အခုလို နှိုင်းယှဉ်ဖော်ပြခဲ့ပါတယ်။ ပရာဘိုဝို - ဒေါ်လာ ၁၂၈သန်း၊ ဂန်ဂျာပရာနိုဝို - ဒေါ်လာ ၈သိန်း၆သောင်းနဲ့ နောက်သမ္မတလောင်း အန်နီးစ် ဘဆွဲဒန် (Anies Baswedan)- ဒေါ်လာ ၇ သိန်း ၁ သောင်း ၆ ထောင် ဖြစ်ကြပါတယ်။
လက်ရှိ သမ္မတဂျိုကိုဝီအစိုးရ သက်တမ်းဟာ လာမယ့်အောက်တိုဘာလမှာ ကုန်ဆုံးပါမယ်။ နောက်ဆုံး ထွက်ရှိ ထားတဲ့ စစ်တမ်းရလဒ်များအရ ဆိုရင် ပရာဘိုဝိုဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရဖို့ ရှိပါတယ်။ ပွတ်ကာသီကာ မဟုတ်ပဲ တခြားပြိုင်ဘက်တွေရဲ့ အထက်မှာ အပြတ်အသတ်နဲ့ ဦးဆောင်နေတာပါ။ တကယ်လို့ မဲပေးကြတဲ့အခါ ထက်ဝက်ကျော်နဲ့ မနိုင်ခဲ့ရင်တော့ သူအပါအဝင် ထိပ်ဆုံး (၂) ဦးက ဒုတိယဆင့် ထပ်မံရွေးချယ်ခံကြရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ သူ့အနေနဲ့ အနိမ့်ဆုံးတော့ ဒုတိယအကြိမ်ထဲ ပါလာမယ့် သမ္မတလောင်းလို့ တစ်ပေးနေကြပါတယ်။
အာဆီယံ အင်အားကြီးနိုင်ငံတခုရဲ့ ခေါင်းဆောင်တဦးနေရာမှာ ရှိတဲ့အရပ်သား နိုင်ငံရေးသမားနဲ့ အာဏာရှင် မိသားစု အဝန်းအဝိုင်းက ဒီမိုကရေစီ တိုက်ပွဲဝင်သူများကို ဖိနှိပ်ခဲ့တယ်လို့ စွပ်စွဲခံရဖူးသူ စစ်ဗိုလ်ချုပ်ကြီး ကြား နွေဦးတော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေး အင်အားစု များအပေါ် အမြင်တူမလား၊ ကွဲမလား ဆိုတဲ့ ရှုထောင့်က စဉ်းစားကြည့်နေမိပါတယ်။
ဒီမိုကရေစီနိုင်ငံတခုရဲ့ သမ္မတလောင်း ဖြစ်ပြီ ဆိုကတည်းက ပြည့်မီရမယ့် အရည်အချင်း၊ ဥပဒေသတ် မှတ်ချက် များနဲ့ ကိုက်ညီလို့သာပဲလို့ လက်ခံရမှာပါ။ မဲဆန္ဒရှင် သန်း (၂၀၀) ကျော်ရဲ့ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်မှုကိုလည်း လေးစားအသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကို စောဒကတက်နေတာ မဟုတ်ပါဘူး။
ဘယ်သူပဲ အင်ဒိုနီးရှား သမ္မတဖြစ်လာပါစေ၊ အာဆီယံဟဲဗီးဝိတ် နိုင်ငံခေါင်းဆောင်ရဲ့ သဘောထားအမြင်နဲ့ သူ့ရဲ့ လော်ဘီလုပ်မှုကို အာဆီယံအဖွဲ့ကြီးက အရေးတယူ မပြုဘဲ နေနိုင်ကြမှာ မဟုတ်ပါဘူး။ အဖွဲ့ဝင်တွေကြား မြန်မာ့ အရေးနဲ့ ပတ်သက်တဲ့ သဘောထား ချိန်ခွင်ညှာပြောင်းသွား၊ မသွားဆိုတာက အရေးကြီးသလို ဆက်လည်း စောင့်ကြည့်ကြရပါမယ်။ တရားဝင်ထုတ်ပြန် ပြောဆိုထားတာကိုလည်း မတွေ့ရသေးတဲအချိန်မှာ အကဲဖြတ် မစောမိဖို့ အရေးကြီးတာကို သဘောပေါက်ထားပေမယ့် စစ်ကောင်စီအပေါ် နားလည်ပေးနိုင်သူ မဖြစ်ဖို့ လိုအပ်တယ်လို့ပဲ မြင်မိပါတယ်။
စစ်ကောင်စီရဲ့ အိပ်မက်က ၂၀၂၄ခုနှစ် အောက်တိုဘာမှာ သန်းခေါင် စာရင်းကောက်ယူပြီး အဲဒီနောက်မှာ စစ်ကောင်စီ မဟုတ်တဲ့ ကာလုံထောက်ခံတဲ့ ကြားဖြတ်/ယာယီ အစိုးရကြီးကြပ်မှုအောက်က ရွေးကောက်ပွဲကို ကျင်း ပဖို့ဆိုတာ မှတ်ပုံတင်ကျပြီးတဲ့ ပါတီတွေနဲ့ တွေ့ဆုံစဉ် ပြောကြားထားပါတယ်။ အာဆီယံကိုလည်း ဒီလုပ်ငန်းစဉ်ကို ချပြစည်းရုံးနေမှာပါပဲ။ အာဆီယံဘယ်လောက် နားယောင်လေမလဲ ဆိုတာလည်း စောင့်ကြည့်ရပါမယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၅) ရက်နေ့ကတော့ ဗီဒီယို ကွန်းဖရင့်နဲ့ ပြုလုပ်တဲ့ အာဆီယံ တရားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ ဦးဆောင်တဲ့နိုင်ငံက မြန်မာနိုင်ငံ ဖြစ်တယ်ဆိုတဲ့ တရားဝင် ပူးတွဲထုတ်ပြန်ချက် ကို တွေ့ရတာက အာဆီယံအပေါ် မေးခွန်းထုတ်စရာပါ။
စစ်ကောင်စီဘက်က ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ စားပွဲဝိုင်းကိုလာလာ နွေဦးတော်လှန်ရေး အင်အားစုများနဲ့ ဦးဆောင်အဖွဲ့အစည်း အပေါ်ကိုလည်း ရိုက်ခတ်မှုတွေ ရှိလာမှာပါ။ အာဆီယံမူငါးချက် ဆိုတာက ပြည်သူများရဲ့ အန္တိမရည်မှန်းချက်နဲ့ အလှမ်းဝေးနေပေမယ့် နိုင်ငံတကာရဲ့ အာသီသက အဲဒီမှာဖြစ်နေလေတော့၊ ပြည်သူတွေ ခါးခါးသီးသီးဖြစ်နေတဲ့ကြားက စားပွဲဝိုင်းမှာထိုင်ကြဖို့ အစီအမံတွေ အာဆီယံကတဆင့် တွေ့လာကြရမယ့် ၂၀၂၄ ခုနှစ် ဖြစ်လာနိုင်ပါတယ်။
အဲဒီအခြေအနေမျိုး ရောက်လာရင်တော့ NUG အနေနဲ့ လည်း ငြင်းပယ်ဖို့ ခက်မလိမ့်ယ်ထင်ပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ထားခဲ့ဖူးတဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုတွေရဲ့ ဆန္ဒမပါပဲ ဘယ်ဆွေးနွေးမှုများကိုမှ ပြုလုပ်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုတော့ ခိုင်ခိုင်မာမာ ဆက်ကိုင်စွဲထားမယ်လို့ မျှော်လင့်ရပါတယ်။ တဆက်တည်းမှာပဲ မဟာမိတ်တွေနဲ့အကြား ပိုခိုင်မာတဲ့ ဆက်ဆံရေးတွေ၊ သဘောတူညီချက်တွေအကြောင်း ထုတ်ပြောနိုင်သမျှလေးတွေကိုလည်း အချိန်အခါလိုက် ပြည်သူတွေကို အသိပေးနိုင်မှသာ ပူပန်စိတ်တွေကို အတိုင်းအတာတခုအထိ လျှော့ချပေးနိုင်မယ်လို့ ယူဆပါတယ်။
အခုရေးနေချိန်အထိ အာဆီယံအစည်းအဝေးက လုပ်နေဆဲဖြစ်လို့၊ ကြေညာချက် ထွက်မလာသေးသလို ထူးခြားတာ များများစားစား ပါရှိလာမယ်လို့လည်း မျှော်လင့်မထားပါဘူး။
ဆောင်းပါးလိုရင်းကလည်း ၂၀၂၄ ခုနှစ်အတွက် အာဆီယံဘက်က အရွေ့များကို အဓိကမှန်းဆကြည့်ခြင်းသာ ဖြစ်လို့၊ အာဆီယံက သူ့အလုပ် သူလုပ်နေမှာ ဖြစ်သလို၊ ကိုယ့်ဘက်ကလည်း ကိုယ့်အလုပ်ကို ဆက်လုပ်ကြဖို့ပဲ ရှိတယ်ဆိုတာနဲ့ပဲ အဆုံးသတ်လိုက်ချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar