Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၆

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၆

(မိုးမခ) ဖေဖော်ဝါရီ ၅ ၊ ၂၀၂၄


ဝူပါး ရာထူးနဲ့ ချီ - စုန့် ဆက်ဆံရေး

ချီနိုင်ငံရဲ့ ဘုရင် ဟွမ် နဲ့ ပညာရှိသုခမိန် ကွမ်ကျုံး တို့ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် အင်အားကြီးမားလာတဲ့ ချီ နိုင်ငံဟာ ဘီစီ ၆၆၇ မှာ ကျို့အင်ပါယာရဲ့ "ပါး" လို့ခေါ်တဲ့ ဘုရင်ခံနိုင်ငံ (hegemony) တရားဝင် ဖြစ်လာပါတယ်။ ချီဘုရင် ဟွမ် ကလည်း ကျို့နန်းတော်က ပြန်ပြီးလေးစားရတဲ့ ဘုရင်ခံ ဖြစ်လာပါတယ်။ 

အင်အားကြီးလို့ ဘုရင်ခံ ဖြစ်လာပြီး ကျို့အင်ပါယာကို ကာကွယ်ဖို့ စစ်ရေးအကြီးအကဲ တာဝန်ယူခဲ့ရပေမယ့် နောက်ပိုင်းမှာ ချီဟာ ထင်သလောက် မစွမ်းဆောင်နိုင်တော့ပါဘူး။ အထူးသဖြင့် တချိန်က ကျို့ တိုက်လို့ မနိုင်ခဲ့တဲ့ တောင်ဘက်က ချူ နိုင်ငံဟာ အင်အားအဆမတန် ကြီးထွားလာနေတာကို ချီ က မတားနိုင်ခဲ့ပါဘူး။ မတားနိုင်တဲ့အပြင် ဘီစီ ၆၄၅ မှာ ဖြစ်ပွားခဲ့တဲ့ ချီ - ချူ စစ်ပွဲ (Qi - Chu War) အတွင်း လောင်လင်တိုက်ပွဲ (Battle of Loulin) မှာ ချီ ဦးဆောင်တဲ့ တပ်တွေဟာ ချူကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရှုံးနိမ့်မှုကြောင့် ကျို့လက်အောက်က နိုင်ငံငယ်တွေဟာ ချီနိုင်ငံနဲ့ ဘုရင်ခံဟွမ် တို့အပေါ် လေးစားမှု ကျဆင်းလာပါတယ်။

အဲဒီအခြေအနေမှာ ဘုရင်ခံဟွမ် အတွက် အကြံဉာဏ်ကောင်း ပေးနိုင်တဲ့ ပညာရှိသုခမိန် ကွမ်ကျုံး ကလည်း ဘီစီ ၆၄၅ မှာ ကွယ်လွန်သွားပါတယ်။ ဒါက ချီ ရဲ့ အင်အားကျဆင်းမှုကို ပိုပြီး မြန်စေခဲ့ပါတယ်။ 

နောက်ထပ် နှစ်နှစ်ခန့်အကြာ ဘီစီ ၆၄၃ မှာ ဘုရင်ခံ ဟွမ် နတ်ရွာစံပါတယ်။  အဲဒီမှာ ချီနန်းတော်ထဲ အရှုပ်အထွေး ဖြစ်ပြီး ပြည်တွင်းစစ် ထဖြစ်ပါတော့တယ်။ ဘုရင်ခံဟွမ် ရဲ့ သားတော်တွေ အချင်းချင်း ထီးနန်းအရိုက်အရာ လုကြတဲ့ ပြဿနာကနေ ပြည်တွင်းစစ် ဖြစ်တဲ့အထိ ဖြစ်လာတာပါ။ အဲဒီပြည်တွင်းစစ်ကို ချီ ထီးနန်းဆက်ခံရေးစစ်ပွဲ (War of Qi's Succession) လို့ မှတ်တမ်းရေးထိုးကြပါတယ်။ ဘီစီ ၆၄၃ ကနေ ၆၄၂ အထိ တစ်နှစ်ကျော် ကြာတယ်လို့ ဆိုပါတယ်။ 

ဘုရင်ခံ ဟွမ် မှာ သားတော် ၆ ယောက် ရှိပါတယ်။ မိဖုရားသုံးပါးက မွေးတာ တစ်ယောက်မှ မပါပါဘူး။ အားလုံးဟာ မတူညီတဲ့ ကိုယ်လုပ်တော်တွေက မွေးကြတာပါ။ သား ၆ ယောက်စလုံးက သူဟာ ထီးနန်းကို ရထိုက်သူလို့ အထင်ရောက်နေကြသူတွေ ဖြစ်ပါတယ်။ 

ဘုရင်ခံဟွမ် နဲ့ သုခမိန် ကွမ်ကျုံး တို့ဟာ သူတို့ အသက်ရှင်စဉ်ကတည်းက ဒီအရေးကို ကြိုတွေးခဲ့မိပုံရပါတယ်။ သားတော်တွေထဲက မင်းသားကျောက် (Zhao) ကို ထီးနန်းဆက်ခံသူအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဟွမ် နတ်ရွာစံတဲ့အခါ ကျောက် ထီးနန်းဆက်ခံနိုင်ရေး ကူညီပေးဖို့ မဟာမိတ် စုန့်နိုင်ငံရဲ့ ဘုရင်ရှန့် (Xiang) ကိုပါ တာဝန်ပေးခဲ့ပါတယ်။ 

လက်တွေ့မှာ ဟွမ်နတ်ရွာစံလို့ ကျောက် က ထီးနန်းဆက်ခံမယ် ဆိုတဲ့အခါ ညီအစ်ကို ပြဿနာ တက်လာလို့ မင်းသားကျောက် ဟာ စုန့်နိုင်ငံထဲကို ထွက်ပြေးရပါတယ်။ 

အဲဒီလို ထွက်ပြေးရချိန် ကျန်နေခဲ့တဲ့ ညီနောင် ၅ ယောက် အနက် တစ်ယောက်ဖြစ်တဲ့ ဝူခွေ့ (Wukui) က ထီးနန်းကို သိမ်းပိုက်ပါတယ်။ စုန့် ဧကရာဇ်ဟာ ကတိပေးထားတဲ့အတိုင်း မင်းသားကျောက်ကို နန်းတင်နိုင်ရေး ဝူခွေ့ကို ပြန်တိုက်ပေးပါတယ်။ ဝူခွေ့ သေတဲ့အခါ ကျောက်က ထီးနန်းဆက်ခံဖို့ သေချာသလောက် ဖြစ်သွားပါပြီ။ 

ဒါပေမဲ့ ကျန်တဲ့ ညီနောင်လေးယောက်နဲ့ သစ္စာခံတွေက ကျောက်ကို လက်မခံပြန်လို့ စုန့် ကို ထပ်ပြေးရပြန်ပါတယ်။ နောက်ဆုံး စုန့်ဘုရင်က အခြား မဟာမိတ်နိုင်ငံတွေနဲ့အတူ ပုန်ကန်သူ ညီနောင် လေးယောက်ကို ချေမှုန်းပေးပါတယ်။ ဒီလိုနဲ့ ကျောက် ဟာ ရှောက် (Xiao) အမည်နဲ့ ချီနိုင်ငံရဲ့ ဘုရင်ဖြစ်လာရပါတယ်။ 

ဒါပေမဲ့ သေချာတာကတော့ ချီနိုင်ငံဟာ အင်အား အင်မတန် ချည့်နဲ့သွားပြီ ဆိုတာပါပဲ။ ဟွမ် လက်ထက်ကတည်းက အင်အားလျော့ကျလာတဲ့ တိုင်းပြည်ဟာ ဟွမ် နတ်ရွာစံပြီး ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် အများကြီး ပိုပြီး ဆုတ်ယုတ်သွားရပြီ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ချီဘုရင် ဖြစ်လာတဲ့ ရှောက် ဟာ  ကျို့ဧကရာဇ်က ပေးထားတဲ့ ဘုရင်ခံ အဆင့်ကို သူ့လက်ထက်မှာ ဆက်လက်ထိန်းသိမ်းထားချင်ပါတယ်။ ဒါက စုန့်နိုင်ငံနဲ့ မဟာမိတ်တွေ အတွက် စိတ်ပျက်စရာ အခြေအနေပါ။ အထူးသဖြင့် စုန့် နိုင်ငံအတွက်ပေါ့။ သူ နန်းတင်ပေးထားလို့ ဘုရင်ဖြစ်လာရသူက သူကို သူတို့ရဲ့ အကြီးအကဲ ဘုရင်ခံ အဖြစ် အလေးအမြတ်ထားပြီး ဆက်ဆံရမယ် ဆိုတာကို ဘယ်နှစ်မြို့နိုင်ပါ့မလဲ။ 

စုန့်ဘုရင်တွေဟာလည်း နှယ်နှယ်ရရတွေ မဟုတ်ပါဘူး။ စုန့်ဘုရင်တွေဟာ ကျို့ခေတ်မတိုင်မီကတည်းက ရှိခဲ့တဲ့ ရှန်းခေတ်မင်းဆက်ရဲ့ အနွယ်တော်တွေမို့ တထီးတနန်းနဲ့ ပြန်နေနိုင်ရေး စိတ်ထဲကအမြဲ ရှိနေသူတွေ၊ မာန်ရှိသူတွေပါ။ 

ဒါကြောင့် စုန့်ဘုရင်ရှန့် ဟာ ချီရဲ့ ဘုရင်ခံ အဆင့်မျိုးကို မျှော်မှန်းလာပါတယ်။ ထင်ရှားတဲ့အချက်ကတော့ ချီဘုရင်ဟွမ် ဘုရင်ခံနေရာ ရဖို့ ကြိုးစားတုန်းကလို မဟာမိတ်နိုဂ်ငံတွေကို အစည်းအဝေးခေါ်တာပါပဲ။ သူက မဟာမိတ်တွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေဖို့ ကမ်းလှမ်းပါတယ်။ ဒါပေမယ့် ဒီ ကြိုးပမ်းမှုဟာ ချီဘုရင် အသစ် ရှောက်ရဲ့ ဘုရင်ခံနေရာကို အစားထိုး ရယူဖို့ ဆိုတာ အင်မတန် ထင်ရှားပါတယ်။ 

ဒါကြောင့် ချီ နဲ့ စုန့်ကြား မကျေလည်မှုတွေ စတင်ပါတော့တယ်။ အရင်က မဟာမိတ်ဖြစ်ခဲ့တဲ့ ချီ နဲ့ စုန့် ဟာ နောက်ပိုင်းမှာ စစ်ခင်းကြတဲ့ အထိပါပဲ။ ဒါပေမဲ့ ဘယ်သူမှ အနိုင်မရခဲ့ပါဘူး။ 

ဘီစီ ၆၃၈ မှာ စုန့် ဟာ သူ့ရဲ့ အင်အားကို ပြသဖို့နဲ့ ကျို့အင်ပါယာဝင် နိုင်ငံငယ်တွေရဲ့ လေးစားမှုကို ရဖို့ ကျို့ နဲ့ စစ်ဖြစ်ဖူးတဲ့ ချူ ကို တျုက်ပါတယ်။ ချူကို ကျို့ နန်းတော်က စစ်ရှုံးဖူးသလို ချီ ကလည်း ရှုံး ဖူးပါတယ်။ စုန့်က တိုက်တော့လည်း ရှုံးတာပါပဲ။ တိုက်ပွဲမှာ ရှန့် ကိုယ်တိုင် ကျဆုံးသွားသလို တိုင်းပြည်လည်း အထိနာသွားပါတယ်။ ဒါကြောင့် ဘုရင်ခံ အိပ်မက်လည်း ဆုံးခန်းတိုက်ခဲ့ရပါတယ်။ 

ဘီစီ ၆၄၃ နဲ့ ဘီစီ ၆၃၇ အကြား ၇-၈ နှစ်တာကာလ ဟာ ဘုရင်ခံ ရာထူးကို ချီဘုရင် ရှောက် ရော၊ စုန့်ဘုရင် ရှန့်ရော ဘယ်သူမှ တရားဝင် မရခဲ့ကြပါဘူး။ ဒါပေမဲ့ ပါးဝူ လို့ခေါ်တဲ့ ဘုရင်ခံ ၅ ယောက်ထဲမှာတော့ စုန့်ဘုရင် ရှန့်ကို တစ်ယောက်အပါအဝင် အဖြစ် ထည့်သွင်း ရေတွက်ထားပါတယ်။ 

~~~~~~~~~~~~~~~~~~~~

👉ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတိုများ (၁ — ၂၅) 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar