မြို့သိမ်းတိုက်ပွဲနဲ့ မြို့တွေရဲ့ ပျက်စီးဆုံးရှုံးမှု
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၄ မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၅၊ ၂၀၂
မြို့သိမ်းတိုက်ပွဲနဲ့ မြို့တွေရဲ့ ပျက်စီးဆုံးရှုံးမှု
ချင်းပြည်နယ်ရဲ့ ၇၅ ရာနှုန်းသော ဧရိယာတွေကို ချင်းလက်နက်ကိုင် တပ်တွေက ထိန်းချုပ်ထားပြီလို့ အမေရိကန်နိုင်ငံအခြေစိုက် ချင်းရေးရာအဖွဲ့ချုပ် Institute of Chin Affairs က ထုတ်ပြန်လိုက်ပါတယ်။ ချင်းပြည်နယ်ထဲက ထန်တလန်မြို့နယ်ထဲက ၃ မြို့၊ ဖလမ်းမြို့နယ်ထဲက မြို့ ၂ မြို့၊ မတူပီမြို့နယ်ထဲက တမြို့နဲ့ မင်းတပ်မြို့နယ်ထဲက တမြို့တို့ကို ချင်းကာကွယ်ရေး လက်နက်ကိုင်တပ်တွေက သိမ်းယူထားပြီး ချင်းပြည်နယ်ထဲက ပလက်ဝမြို့ကိုတော့ ရက္ခိုင့်တပ်တော် AA က သိမ်းယူထားတာ ဖြစ်ပါတယ်။
ချင်းပြည်နယ်ရဲ့မြို့နယ် ၉ မြို့နယ်အနက် မြို့နယ် ၅ မြို့နယ်ထဲက မြို့နဲ့ တိုက်နယ်မြို့ အဆင့်မြို့ ၇ မြို့ကို သိမ်းယူထားတဲ့ သဘောလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ်တခု ဖြစ်တဲ့ ချင်းပြည်နယ်က နယ်မြေအားဖြင့် ကျယ်ဝန်းပေမယ့် စိုက်ပျိုးမြေဧရိယာ နည်းပါးသလို၊ တွင်းထွက် သယံဇာတထွက်ရှိမှုလည်း နည်းပါးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ပြည်နယ်ဒေသတခုဖြစ်တဲ့အချက်ကြောင့် လည်း စစ်ကောင်စီ အနေနဲ့ တခြားမဟာဗျူဟာကျတဲ့ ဒေသ၊ သယံဇာတ ပိုမိုထုတ်လုပ်နိုင်တဲ့ ဒေသတွေကို ဦးစားပေးထိန်းချုပ်နေပြီး ချင်းပြည်နယ်ကို စစ်ရေးအရ အင်အားအများအပြားသုံးပြီး ထိန်းချုပ်ဖို့ မကြိုးစားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အချို့သော ပြည်နယ်တွေ တိုင်းတွေထက် နယ်မြေ ကျယ်ဝန်းပြီး ထိန်းချုပ်ဖို့ ပထဝီအနေအထားအရ ခက်ခဲတဲ့ ချင်းပြည်နယ်မှာ ချင်းအမျိုးသားတပ်ဦး အပြင် ချင်းမျိုးနွယ်စု အလိုက်လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးလည်း ဖွဲ့စည်းပေါ်ထွက်လာတာကြောင့် နယ်မြေခံဖြစ်တဲ့ အဖွဲ့ ဒေသအနေအထားကို ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားနိုင်တဲ့ အဖွဲ့တွေက မြို့ကြီးတွေက လွဲရင်ကျန်နယ်မြေဒေသတွေကို လွှမ်းမိုး ထိန်းချုပ်ထားတဲ့ သဘောလည်း ဖြစ်ပါတယ်။
နယ်မြေထိန်းချုပ်ထားရာက နောက်တဆင့် အနေနဲ့ မြို့တွေက စစ်ကောင်စီတပ်ရင်းတွေ၊ အုပ်ချုပ်ရေးတွေကို ဖယ်ရှားဖို့ရာမှာ မြို့တွေ ထိခိုက်ပျက်စီးနိုင်ခြေလည်း ရှိနေတဲ့ အနေအထားကို ဒေသခံတွေ အနေနဲ့ စိုးရိမ်မှုရှိနေတဲ့အကြောင်း သတင်းအချို့မှာ ဖတ်ရှုသိရှိရပါတယ်။
ကန်ပက်လက် မြို့ခံတဦးက RFA သတင်းဌာနကို ပြောဆိုထားရာမှာ နယ်တခုလုံးကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမှာ မြို့ထဲမှာ အပစ်အခတ်မလုပ်ဘဲ တယောက်နဲ့ တယောက်ပြေလည်ရင်တော့ မြို့ခံတွေအတွက် အကောင်းဆုံးဆိုတဲ့ သဘောမျိုးပြောဆိုသွားတာ ကို တွေ့ရပါတယ်။ မြို့သိမ်းတိုက်ပွဲဖြစ်ခဲ့ရင်တော့ မြို့ထဲက အိမ်တွေ ပျက်စီးတာ၊ မီးလောင်တာ မြို့ထဲ ကျန်ရှိနေကြတဲ့ အသက်အရွယ် ကြီးရင့်သူတွေ အသက်ဆုံးရှုံးကြမယ့်အရေးကို စိုးရိမ်ကြောင်း ပြောဆိုပြီး ခုလက်ရှိအနေအားမှာတင် ကန်ပက်လက်၊ မင်းတပ်မြို့တွေက နေထိုင်သူအများအပြား တိမ်းရှောင်နေကြတယ်လို့လည်း အာရ်အက်ဖ်အေကို ပြောဆိုထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့လည်း မြို့တွေကနေ ခုခံမယ့် ဗျူဟာမျိုး ချမှတ်ထားသလို မြို့တွေကို တိုက်ခိုက်လာတဲ့အခါ မြို့က လူနေအိမ်တွေ၊ ဘုရားကျောင်းတွေ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေ ကိုငဲ့ကွက်မှာ မဟုတ်ပဲ လက်နက်ကြီး၊ အမြှောက် စတာတွေနဲ့ အဆက်မပြတ် ပစ်ခတ်ကာ မြို့သိမ်းဖို့ ကြိုးစားတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေတင်မက မြို့ပါ ထိခိုက်ပျက်စီးအောင် တိုက်ခိုက်လေ့ရှိတဲ့ သာဓကတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ထန်တလန်မြို့ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး မီးလောင်ပျက်စီးစေခဲ့တာ ကျန်တဲ့ ဒေသအသီးသီးကသူတွေ ပထမဆုံးအကြိမ် ကြုံတွေ့ကြရတဲ့ အဖြစ်အပျက်ဖြစ်လို့ စိတ်မကောင်းဖြစ်ကြရသလို ၂၀၂၃ ခုနှစ်ကုန်ခါနီးမှာတော့ ထန်တလန်မြို့ ကံကြမ္မာလိုမျိုး တမြို့ပြီးတမြို့ ကြုံကြရတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာဆိုရင် ထီးချိုင့်မြို့ အများစု ပျက်စီးသွားခဲ့သလို၊ နိုဝင်ဘာလဆန်းကတည်းက သိမ်းယူဖို့ ကြိုးစားနေတဲ့ ကရင်နီဒေသက လွိုင်ကော်မြို့ဆိုရင်လည်း စျေးတွေ၊ လူနေရပ်ကွက်တွေ၊ ဟိုတယ်တွေ တည်းခိုခန်းတွေ နဲ့ လူနေအိမ် အများအပြား ပျက်စီးကုန်တဲ့ အခြေအနေမျိုးရောက်ရှိနေကြောင်း သတင်းတွေအရ သိရှိရပါတယ်။ ကရင်ပြည်နယ်မှာ ကော့ကရိတ်မြို့နဲ့ ရခိုင်ပြည်နယ်မှာ ပေါက်တောမြို့၊ မင်းပြားမြို့တွေက ထိခိုက်ပျက်စီးမှု အများဆုံးမြို့တွေဖြစ်တာ တွေ့ရမှာဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲတွေ မဆင်နွှဲရင် ဘာဖြစ်မလဲ၊ သို့မဟုတ်မြို့သိမ်းတိုက်ပွဲတွေကို ကြာရှည်ကြာမျော အချိန်မကြာစေပဲ မြန်မြန်ဆန်ဆန် သိမ်းယူနိုင်အောင် ဗျူဟာချမှတ်ရင် ထိခိုက်ဆုံးရှုံးမှု နည်းပါးနိုင်သလား စတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ ရခိုင်လူထု အနေနဲ့တော့ နေအိမ်တွေဆုံးရှုံးရင် ဆုံးရှုံးပါစေ၊ စစ်ဘေးရှောင်ရရင် ရှောင်ရပါစေ ခဏခဏ တိုက်လိုက်၊ ရပ်လိုက် လုပ်တာမျိုးမဖြစ်စေပဲ ခုတကြိမ်ထည်းနဲ့ နိုင်အောင် တိုက်ဖို့ AA ကို တောင်းဆိုကြတယ်ဆိုတဲ့ အကြောင်း ဘီဘီစီနဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်အင်တာဗျူးမှာ ပြောဆိုသွားတာ တွေ့ရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် နဲ့ အခြားသောဒေသရဲ့ လူထုအမြင်၊ အယူအဆ၊ ထောက်ခံမှုတွေက ထပ်တူဖြစ်ချင်မှ ဖြစ်မှာဖြစ်ပြီး အထက်က ကန်ပက်လက် မြို့ခံတဦးပြောဆိုသလို မြို့တွေကိုပါ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူစေလိုပေမယ့် မြို့ပျက်စီးမှာတော့ စိုးရိမ်တယ်ဆိုတဲ့ သဘောမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လွိုင်ကော်မြို့ကို တိုက်ခိုက်တာနဲ့ ပတ်သက်လို့ KNDFရဲ့ ခေါင်းဆောင်ဖြစ်သူ ခွန်ဘီထူးက သတင်းမီဒီယာတခုကို ပြောဆိုရာမှာ ၄င်းတို့အနေနဲ့ တခြားရွေးချယ်စရာ လမ်းမရှိတော့တဲ့ သဘော ၊ မြို့ကို သိမ်းယူဖို့ တိုက်ခိုက်တာက ရှောင်လွှဲမရဘူးဆိုတဲ့ သဘောလည်း ပြောဆိုဖူးတာ ဖြစ်ပါတယ်။ ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေ အနေနဲ့ မြို့တွေပေါ်မှာသာ တပ်စွဲထား နိုင်တဲ့သဘောဖြစ်ပြီး ကျေးလက်ဒေသတွေ နဲ့ မယ်စဲ့လို မြို့အချို့က ကရင်နီတော်လှန်ရေး တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပြီး လွိုင်ကော်မြို့ က ကရင်နီပြည်ရဲ့ ဝင်ပေါက်၊ အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်ရေး ပြယုဂ်ဖြစ်လို့ လွိုင်ကော်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ရတဲ့ သဘောမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
တဖက်မှာတော့မြို့သိမ်းတိုက်ပွဲတွေက နယ်မြေ ထိန်းချုပ်မှုကနေ နောက်တဆင့် ထပ်တက်ဖို့ မြို့တွေကို သိမ်းယူတာ၊ မြို့တွေနဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ အထိုင်ချထားတဲ့ တပ်ရင်းတွေကို တိုက်ခိုက်သိမ်းယူတဲ့ ရည်ရွယ်ချက်ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ စစ်ကောင်စီတပ်တွေက မြို့တွေကို တိုက်ခိုက်လာတဲ့အခါ လက်နက်ကြီးနဲ့ ပစ်ခတ်ခုခံခြင်းနဲ့အတူ တချို့သောအဖြစ်အပျက်တွေမှာ ရပ်ရွာလူထုကို မြို့ကနေ ထွက်ခွာခွင့်မပေးပဲ လူသားဒိုင်းအဖြစ် ထားရှိတာမျိုးတွေလည်း လုပ်ဆောင်လေ့ရှိတာဖြစ်ပါတယ်။
ဒီနေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဘယ်လိုအဆင့်မှာ မလုပ်မဖြစ် လုပ်ဆောင်မယ်၊ မြို့ရွာအပျက်အစီးနည်းနိုင်သမျှ နည်းအောင် ဘယ်လိုပုံစံနဲ့ လုပ်ဆောင်မယ် ဆိုတာတွေ ပြန်လည်သုံးသပ် ဖို့လိုကောင်းလိုအပ်နေမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar