Breaking News

နိုင်မွန်အောင်သွင် - ပြန်လည်ဆုံတွေ့ကြပါဦးစို့

ပြန်လည်ဆုံတွေ့ကြပါဦးစို့
နိုင်မွန်အောင်သွင် 
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၄

တောင်တန်းတွေက 
တည်ငြိမ်တဲ့ကမ္ဘာဦးမာနတွေနဲ့ စီးတယ်။
မြေသားတွေလိုရွေ့လျားနိုင်ခြင်းတွေနဲ့ စီးတယ်။
ယုံကြည်ချက်တွေလို မြင့်မားခြင်းတွေနဲ့ စီးတယ်။
တောင်ကညို ပြိုတော့မယ်တွေနဲ့ စီးဆင်းလာနေကျ။
မြစ်တွေက
ယမုံနာပတ်ပျိုးနဲ့စီးတယ်။
ရာဇဝင်များရဲ့သတို့သမီးလို ကြယ်တွေခြံရံပြီး စီးတယ်။
လေတိုက်တိုင်းလှုပ်နေရတဲ့ ကမ်းနားသစ်ပင်တွေနဲ့ စီးတယ်။
ဗားရှင်းအဟောင်းမာယာတွေနဲ့ စီးဆင်းလာစမြဲ။

မြို့ရွာတွေက
ဗာဟီရတွေကိုချိတ်ဆက်ထားတဲ့
လမ်းတွေ တံတားတွေနဲ့ စီးတယ်။
မေးခွန်းတွေရောင်းတဲ့ဆိုင်တွေနဲ့စည်စည်ကားကား စီးတယ်။
ဒုက္ခကိုဆေးရောင်လှလှအုပ်ထားတဲ့
ကြော်ငြာတွေနဲ့ စီးတယ်။
စည်းနှောင်ထားတဲ့ ကတိကဝတ်တွေနဲ့ စီးဆင်းလာတယ်။

ငါက
သတိရခြင်းတွေနဲ့ မေ့မေ့လျော့လျော့ စီးတယ်။
ဓားမိုးထားတဲ့ အဝေးပြေးလမ်းမတွေနဲ့ စီးတယ်။
နှင်းဆီအိပ်မက်မှာ ဆူးတွေတပ်ဆင်ပြီး စီးတယ်။
အဖတ်မတင်လှတဲ့ ဆုတောင်းတွေနဲ့ စီးဆင်းလာခဲ့တယ်။

ကဲ
ချစ်ရသူတို့ရေ
အလှပဆုံး
ပြန်လည်ဆုံတွေ့ကြပါဦးစို့။
ပင်လယ်ဟာ အဆုံးတွေရဲ့အစပဲ။

၃.၂.၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar