Breaking News

စောဝေ - အဝီစိထဲက ကလေးငိုသံများ


စောဝေ - အဝီစိထဲက ကလေးငိုသံများ

(မိုးမခ) ဖေဖော်ဝါရီ ၆ ၊ ၂၀၂၄


ကမ္ဘာကြီးပေါ် မျက်လုံးကန်းနေတဲ့

နိုင်ငံတွေ အများကြီးပဲဆိုတာ

နယူးယောက်က

UN နိုင်ငံ့အလံတွေက သက်သေပဲ။


အဝီစိထဲ အမျိုခံထားရတဲ့

နိုင်ငံကို မမြင်ကြဘူး။

အစိုးရတွေ ဆိုတာကလည်း

အကြိုက်ချင်းတူရင် ချစ်တင်းနှော

အကြိုက်ချင်းမတူရင် မုဒိမ်းကျင့်

သာယာနေကြတာကို

အစိုးရကလို့ ဂုဏ်ဆာ

အဝီစိထဲ အမျိုခံထားရတဲ့ 

နိုင်ငံကို မမြင်ကြဘူး။


ရိုးရာဝတ်စုံတွေ ဝတ်ပြီး

ခမ်းနားတဲ့ အစည်းအဝေးတွေ

တက်ကြ ကြွယ်ကြ

အချို့ဆို စခရင်မှာ

အခံ့ဆုံးပုံကို ပြထားပြီး

ဟိုတယ်မှာ လိင်ဆက်ဆံရင်း

အစည်းအဝေးတက်ကြ

ဒေါ်လာတွေဆိုတာ

တ လိုက်ရင်

ကောင်းကင်ပေါ်က ကျလာသလို

အဝီစိထဲ အမျိုခံထားရတဲ့ 

နိုင်ငံကို မမြင်ကြဘူး။


ကယ်ကြပါလို့ အော်နေတာ

မကြားချင်ယောင်ဆောင်နေကြလို့

ကိုယ့်ဘာသာ ထွင်ထားတဲ့ သေနတ်တွေနဲ့

အသံလည်းကျယ်

လူတွေလည်း သေကြ

အစိုးရ ဆိုသူတွေနဲ့

အမတ် ဆိုသူတွေက

လူ့အခွင့်အရေး၊ လူ့ရပိုင်ခွင့် ဆိုတဲ့

ကဗျာအပျက်ကြီးကို

ရွတ်လို့ ဆိုလို့

လိင်တူ လိင်ကွဲ ဆက်ဆံလို့ကောင်းတုန်း။

အဝီစိထဲ အမျိုခံထားရတဲ့

နိုင်ငံကို မမြင်ကြဘူး။


မြင်သူ ကြားသူ အချို့က

အဝီစိထဲက နိုင်ငံကို ဆွဲတင်ကြ 

သူရို့မှာကျ အိုကြီးအိုမ

ခြေမပါ လက်မရှိ အင်္ဂါမစုံ

အဝီစိနိုင်ငံထဲက

လွင့်ထွက်လာကြရသူတွေ

ဘာပဲဖြစ်ဖြစ် ဒီတံဆိပ်နဲ့

အားဆေးကတော့

အဝီစိနိုင်ငံအတွက် မရှိမဖြစ်

"ငါတို့မှာ ငါတို့ပဲရှိတယ်" တဲ့။

သောက်ကြ စက္ကန့်တိုင်း သောက်

ရှင်နေသရွေ့ သောက်

သောက်ရင်း ဘေးထွက်ဆိုးကျိုးကြောင့်

သေနေရတာလည်း နေ့တိုင်း

အဝီစိထဲ အမျိုခံထားရတဲ့

နိုင်ငံကို မမြင်ကြဘူး။


အဝီစိနိုင်ငံထဲက အမေရေ...

သားဟာ ကဗျာရေး ကျွမ်းကျင်တာကလွဲပြီး

ဘာမှ မကျွမ်းကျင်တဲ့

အနုပညာသမားပါ

အားကလည်း မသန်

နှလုံးသားကလည်း မဟန်

မာန်ကတော့

အမေနဲ့ အဝီစိထဲက နိုင်ငံအတွက်

မသွားချင်တဲ့ 

နယူးယောက်မြို့ကြီးကို သွားရတယ်။


အဝီစိထဲက နိုင်ငံကို မြင်ကြမလား

ရေလေး တပေါက်လောက်

လောင်းကြမလားပေါ့

မျှော်လင့်ချက် ဆိုတာကလည်း

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်

ဟုတ်ပုံမပေါ်ဘူး အမေ

အဝီစိထဲက ငရဲမီးဟာ

နိုင်ငံတခု ကုန်သွားရင်

နောက်ထပ်နိုင်ငံတခု

ဆက်လောင် ဝါးမျိုမယ်ဆိုတာ

သူတို့ မသိနိုင်ကြဘူးလေ။

ကဲ နောက်ထပ်

အစွမ်းတူ အားဆေးတခု

"ပြည်သူမှာ ပြည်သူပဲ ရှိတယ်"

"ပြည်သူသာ အဓိက"

"ပြည်သူ မပါရင် ဘာမှ လုပ်လို့မရဘူး"

အဝီစိထဲက ငရဲမီးက

လောင်ကောင်းနေတုန်း

နိုင်ငံပေါင်းး တရာ့ကိုးဆယ်ကျော်

အလံတွေအကုန်

အဝီစိငရဲမီး လောင်သွားရင်တောင်

အဝီစိထဲက နိုင်ငံကို

မြင်ကြမှာ မဟုတ်ဘူး။


ကမ္ဘာ့ဇာတ်လမ်းကတော့

မာရ်နတ်အင်ပါယာဘက်က

နိုင်ငံတွေက များပြီး

ဘုရားအင်ပါယာဘက်က

မရှိသလောက်ပါပဲ။


အမေ ပြောသလိုဆို

နောက်ဆုံးတော့

ဘုရားကပဲ နိုင်မယ် မဟုတ်လား အမေ...

ဘုရားကပဲ နိုင်မယ် မဟုတ်လား အမေ...

အဲဒီတော့ အေးဆေး

သေပေးကြရုံပေါ့

အေးဆေး သေပေးကြပေါ့

သေပြီးရင် ငါတို့ နိုင်မှာ

ဘုရားဘက်က နိုင်မှာ

သေပြီးရင် ရှင်ဖို့ပဲ

အဝီစိထဲ အမျိုခံထားရတဲ့ နိုင်ငံကို

ဘုရား မြင်ပါစေ။


5/2/2024





t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar