စာသင်ကျောင်း ဗုံးကြဲခံရပြီး ကလေးငယ် ၄ ဦး သေဆုံးရတဲ့ ကြေကွဲ ဒေါသထွက်စရာ ဖြစ်ရပ်
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၅ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၄
စာသင်ကျောင်း ဗုံးကြဲခံရပြီး ကလေးငယ် ၄ ဦး သေဆုံးရတဲ့ ကြေကွဲ ဒေါသထွက်စရာ ဖြစ်ရပ်
ကရင်နီပြည် (ယခင်က ကယားပြည်နယ်) ဒီမော့ဆိုမြို့နယ်ထဲက ဒေါဆီအီ ကျေးရွာ အဖို့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ တနင်္လာနေ့ နံနက်ခင်းဟာ ပုံမှန်ကျောင်းပြန်ဖွင့်တဲ့ နေ့ရဲ့နံနက်ခင်း ဖြစ်ပါတယ်။ စစ်ကောင်စီ ထိန်းချုပ် မထားနိုင်တော့တဲ့ နယ်မြေဖြစ်တဲ့ ဒီမော့ဆိုနယ်မြေထဲက ကျေးရွာတွေမှာ ကလေးသူငယ်တွေ အတွက် စာသင်ကျောင်းတွေကို ကြားကာလ အုပ်ချုပ်ရေးနဲ့ ဒေသတွင်း အရပ်ဖက် အဖွဲ့အစည်းတွေက စီစဥ်ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေထဲက တကျောင်းဖြစ်တဲ့ ကျေးရွာစာသင်ကျောင်းဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ခင်း စာသင်ချိန် စတင်ပြီးနောက် ၁ နာရီအကြာလောက်မှာ စစ်ကောင်စီ လေတပ်က လေယာဥ်တွေ လာရောက်ခဲ့ချိန်မှာတော့ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကလေးသူငယ်တွေ စာသင်ကြားနေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီလေတပ်ရဲ့ တိုက်လေယာဥ်က ပစ်မှတ်ထားပြီး ဗုံးကြဲခဲ့ရာမှာ စာသင်ခန်းထဲက ကျောင်းသား ကျောင်းသူတွေ သေဆုံး ဒဏ်ရာရခဲ့ကြတာပါ။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးရတဲ့ ကလေးသူငယ်တွေ တစစီဖြစ်သွားတယ်လို့ ဆိုရအောင်ပဲ ဦးခေါင်းတွေ ကိုယ်ခန္ဒာအစိတ်အပိုင်းတွေ တစစီကွဲပြားပြီး အသက်ဆုံးရှုံးခဲ့ကြရသလို ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ်တွေလည်း ၁ ဒါဇင်ကျော် ရှိတဲ့အကြောင်း သတင်းတွေမှာဖော်ပြထားကြပါတယ်။
ကလေးသူငယ်တွေ စာသင်နေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီက တိုက်ခိုက်တာ ဒါပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ စစ်ကိုင်းမှာ၊ ချင်းမှာ၊ ကရင်နီဒေသမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်တာကာလ အတွင်း တကြိမ်မက ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဥ်တွေဖြစ်ပါတယ်။ အချို့သော တိုက်ခိုက်မှုတွေမှာတော့ ကျောင်းသားကျောင်းသူတွေ စာသင်နေချိန် နဲ့ မတိုက်ဆိုင်လို့ အသက်သေဆုံးတာ မရှိခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိနေမှာဖြစ်ပေမယ့် ဆိုးရွားတဲ့ အဖြစ်အပျက်တခုက ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာ စာသင်ကျောင်းကို ရဟတ်ယာဥ် ၂ စင်းနဲ့ ၄၅ မိနစ်နီးပါး ပစ်ခတ်တိုက်ခိုက်မှုမှာ ကျောင်းသား ကျောင်းသူ ၅ ဦးအနည်းဆုံး သေဆုံးပြီး ကျေးရွာသူ၊ ကျေးရွာသား ၈ ဦး သေဆုံးကာ ၂၇ ဦးခန့် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
လက်ယက်ကုန်းကျေးရွာ အဖြစ်အပျက်ပြီးနောက် ကျောင်းသား ကျောင်းသူ အသေအပျောက် ဒုတိယ အများဆုံး အဖြစ်အပျက်က ယခု ဒီမော့ဆိုမြို့နယ်ထဲက ဒေါဆီအီကျေးရွာ စာသင်ကျောင်း ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ အခုလို ဖြစ်ရပ်တွေကို ကောက်ချက်ချရင် စစ်ကောင်စီ အနေနဲ့ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ ဘာသာရေး အဆောက်အဦဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းတွေကို ဒေသခံတွေရဲ့ ခိုလှုံရာ၊ စုဝေးရာ၊ ၄င်းတို့ကို ခုခံတိုက်ခိုက်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ စခန်းချရာ ဆိုတဲ့ အမှတ်နဲ့ ပစ်မှတ်ထား တိုက်ခိုက်တဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ ကာကွယ်ရေး တပ်ဖွဲ့တွေ အဲဒီလို နေရာတွေမှာ တပ်စွဲသည် ဖြစ်စေ၊ မစွဲသည်ဖြစ်စေ စစ်ကောင်စီ အနေနဲ့ သတင်းထောက်လှမ်းခြင်း မပြုပဲ ပစ်မှတ်အဖြစ် သတ်မှတ်ကာ တိုက်ခိုက်နေတာဖြစ်ပြီး ဒီဖြစ်ရပ်တွေက စစ်ကောင်စီဘက်က ကျူးလွန်တဲ့ စစ်ရာဇဝတ်ပြစ်မှုတွေကို ပိုမို ကြီးလေးစေပြီး ထင်ရှားစေမှာဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ စစ်အာဏာ မသိမ်းမီကတည်းက ရိုဟင်ဂျာ လူမျိုးသုဥ်း သတ်ဖြတ်မှုလိုမျိုးတွေကို ကမ္ဘာသိ ကျူးလွန်ခဲ့သလို စစ်အာဏာသိမ်းပြီးနောက်မှာလည်း စစ်ရာဇဝတ်မှုတွေ တခုမက ကျူးလွန်ခဲ့တာဖြစ်လို့ ၄င်းတို့အဖို့ မထူးဆန်းသလို ဖြစ်နေတဲ့ အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေအဖို့တော့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ ထပ်ပြီးတွန်းအားပေးလိုက်တဲ့ ဖြစ်ရပ်တခုဖြစ်ပါတယ်။ ကန့်ဘလူမြို့နယ်က ပဇီကြီး ကျေးရွာဗုံးကြဲတိုက်ခိုက်မှုလိုမျိုးမှာလည်း စာသင်ကျေောင်း မဟုတ်ပေမယ့် အရပ်သား ရာဂဏန်းနဲ့ချီ တနေရာထည်း သေဆုံးရတဲ့ လေကြောင်းတိုက်ခိုက်မှုမျိုး ရှိသလို၊ ဖားကန့် အနန်ပါ စခန်းအနီး တေးဂီတဖျော်ဖြေပွဲကို လေကြောင်းက တိုက်ခိုက်ခဲ့လို့ KIAတပ်ဖွဲ့ဝင် နဲ့ အရပ်သား စုစုပေါင်း လူ ၆၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက် ကျေးရွာပစ်ခတ် တိုက်ခိုက်မှုတွေက လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပြီး ထိခိုက်သေဆုံးကြရသူ ရာနဲ့ချီ ရှိနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပြည်တွင်းစစ်ဖြစ်ပွားလာတာ ဆယ်စုနှစ် ၇ ခုကျော်ရှိခဲ့ရာမှာ လေကြောင်းတိုက်ခိုက်မှုတွေက အချို့သော တိုက်ပွဲတွေမှာ ရှိခဲ့ပေမယ့်လည်း အခု ၂၀၂၁ ခုနှစ်နောက်ပိုင်းလို နေ့စဥ် ရက်ဆက် နိုင်ငံရဲ့ နေရာအနှံ့အပြား တိုက်ခိုက်နေတာမျိုးက မရှိခဲ့ မဖြစ်ပျက်ခဲ့ဖူးပါဘူး။ ခု ၂၀၂၂က စတင်ပြီး ၂ နှစ်နီးကျော်ကာလမှာ မြေပြင်တပ်တွေ မလှုပ်ရှားနိုင် မရွေ့နိုင်တော့တဲ့ အခြေအနေမှာ တိုက်ပွဲဖြစ်တိုင်း လေကြောင်း အကူပစ်ခတ်မှုတောင်းရသလို သင်္ကာမကင်းဖြစ်တဲ့ နေရာ၊ ကျေးရွာ၊ အဆောက်အဦတွေကိုပါ နေ့စဥ်နဲ့အမျှ လေကြောင်းက တိုက်ခိုက်နေတဲ့ ဖြစ်ရပ်မျိုးက လွတ်လပ်ရေးကာလ နှစ် ၇၀ ကျော်မှာ ပထမဆုံးကြုံတွေ့ကြရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ပြည်တွင်းစစ်မှာ အခုလောက် လေကြောင်းကို အသုံးချတိုက်ခိုက်တဲ့ အဖြစ်အပျက်မျိုး ကမ္ဘာမှာ ရှားပါးတဲ့ အဖြစ်အပျက်ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။
အခုလို အရပ်သား အစုလိုက် အပြုံလိုက်သေဆုံးရမှု၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ သေဆုံးရတဲ့ လေကြောင်းမှ တိုက်ခိုက်မှုတွေက နှစ်ပေါင်း ၇၀ ကျော်အတွင်း ပြည်တွင်းစစ်ရဲ့ အဆိုးရွားဆုံး အဖြစ်အပျက်တွေအဖြစ် မှတ်တမ်းတင်ခံရတဲ့ အနေအထားဖြစ်ပါတယ်။ တရားမျှတမှု ရှာဖွေရေး၊ စစ်ရာဇဝတ်မှုမှာ တာဝန်ရှိသူ၊ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ရေး ဆိုတဲ့အရာတွေက မလုပ်မဖြစ် လုပ်ရမှာ မှန်သော်လည်း လက်ရှိအခြေအနေအောက်မှာ အရပ်သား ထိခိုက်သေဆုံးမှု နည်းပါးအောင် တတ်နိုင်သမျှ ကာကွယ်လုပ်ဆောင်ကြဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar