Breaking News

လေခဏီ - ဝဋ်ကြွေးလား

လေခဏီ - ဝဋ်ကြွေးလား

(မိုးမခ) ဖေဖော်ဝါရီ ၆ ၊ ၂၀၂၄


တနေ့က လက်နက်ကြီးနဲ့ထုခံလိုက်ရတဲ့ ခါးပိုင်းပျောက်သလောက် ဖြစ်နေတဲ့ ကလေးမတယောက်က “ဒီဝဋ်ကြွေး ဒီဘဝ ကျေပါစေတော့” လို့ ပြောသွားတယ်။

ဒီနေ့ပဲ မင်းအောင်လှိုင်က အမြောက်တပ်ကို ချီးမွမ်းပေးလိုက်တယ်။

အသက် ၇၀ ကျော် အဘွားက “ဒီဝဋ်ကြွေးတွေ ကျေပါစေတော့ဘုရား” ဆိုပြီး တနေကုန် ဘုရားကို ပန်းကပ်လိုက်၊ ထွက်သွားလိုက်၊ ပြန်လာလိုက်၊ ဆီမီးထွန်းလိုက်၊ ထွက်သွားလိုက်၊ အမွှေးတိုင်ထွန်းလိုက်၊ ပြန်လာလိုက်၊ တံမြက်စည်းလှည်းလိုက်၊ ထွက်သွားလိုက်၊ မြက်ရှင်းလိုက်နဲ့ ဒါကိုပဲ ထပ်တလဲလဲ ဆုတောင်းနေပါတယ်။

ကနေ့ ဒီးမောဆိုက ကလေးတွေ ဗုံးကြဲခံရပြန်ပြီ။ ၄ ယောက် နှစ်ပိုင်း ပြတ်သွားတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရတဲ့ကလေး အများကြီးပါ။ စာသင်ကျောင်းပေါ် တည့်တည့်ကြဲတာပါ။ 

ဒါဟာ တကယ်တော့ “ဝဋ်ကြွေး” မဟုတ်ပါဘူး။ “ဇွတ်ကျွေး” ခံရတာပါ။ လေတပ်နဲ့ မအလ တမင် သေချာ တိတိပပ လုပ်တာပါ။

ဘာသာတရားအလွန်လေးစား တန်ဖိုးထားတဲ့ပအိုဝ်းလူမျိုးတွေဟာ မကြာခင်ကမှ ကိုးတောင်ပြည့်ဘုရားတဆူကို ကိုးကန့်စစ်သားက တူနဲ့ထုတာကို အကြီးအကျယ် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒါက ကိုးကန့်မှာပါ။  အဲဒီဘုရားဟာ ကိုးကန့်တွေ ဘိုးဘွားအစဉ်အဆက်ကတည်းက ကိုးကွယ်အားထားခဲ့တဲ့ နတ်ကွန်းကို ဖျက်ပြီး မြန်မာစစ်တပ်က ဇွတ်တည်ထားတဲ့ဘုရားလို့ဆိုပါတယ်။

ကနေ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိုတဲ့ဆီဆိုင်မှာ မြို့တည်ကတည်းက ထူထောင်ခဲ့တဲ့ သံဃာငါးရာ သီတင်းသုံးနေတဲ့ ပအိုဝ်းစာပေရဲ့ မီးရှူးတန်ဆောင်ဖြစ်တဲ့ ဇဝနာရာမစာသင်တိုက်ကြီးကို မဆီမဆိုင် ဗုံးကြဲခံရပါတယ်။ 

နောက်ထပ် ကျောင်းတိုက်သုံးတိုက်လဲ ဗုံးကြဲဖျက်ဆီးခံရပါသေးတယ်။ ဒါပေမယ့် မကန့်ကွက်ရဲပါဘူး။ ဆန္ဒပြရဲဖို့ထား မကျေနပ်ဖူးလို့တောင် အသံမထွက်ရဲပါဘူး။ မကြဲသလိုလိုတောင် ဟန်ဆောင်နေပေးရပါတယ်။ အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးလှပါတယ်ဆိုတဲ့ ပအိုဝ်းသံဃာတော်တွေလဲ ထွက်လာမယ့်အသံကို မျိုချ ရင်ဝကို ဖိ မသိသလို နေပေးရတာပါ။ ဆရာ ဒကာ တွေ့ရင်တောင် မျက်နှာ ဘယ်ထားရမှန်းမသိတဲ့ အခြေအနေပါ။ 

အဲဒါကတော့ “ဝဋ်ကြွေး” ပါ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar