Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၄ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၄ )

(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၄


6/2/24

Diary in the darkness


မနက်စောစော အိပ်ရာထဲ ကွေးနေရင်း FB ဖွင့်မိတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို မြန်မာနယ်ခြားစောင့် တောင်ပြိုလက်ဝဲစစ်စခန်းက ထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီတပ်သား တစ်ရာကျော် ရှိသွားပြီတဲ့။ 

ရခိုင်တပ်တော် (AA) ကတိုက်လို့ စခန်းစွန့် ထွက်ပြေးကုန်ကြတာလို့ သိရတယ်။ မီးပြတိုက် မီဒီယာက ဘင်္ဂလားဒေ့ရှ် မီဒီယာတွေကို ကိုးကား ဖော်ပြထားတာပါ။ ရုပ်သံဖိုင်တခုမှာတော့ ထိတ်လန့်တကြား ထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီတပ်သားတွေကို ဘင်္ဂလားဘက်က ဆီးကြိုနေတာ တွေ့ရပါတယ်။ ရုပ်ပျက် စင်းပျက်ပါပဲ။ ထိုင်း၊ တရုတ်၊ အိန္ဒိယ နဲ့ အခုနောက်ဆုံး ဘင်္ဂလားနိုင်ငံတွေဘက်ကိုပါ စစ်‌ကောင်စီတပ်‌တွေ ထွက်ပြေးနေကြပါပြီ။ 

တော်လှန်ရေးတပ်တွေဆီ လက်နက်ချဖို့ထက် အိမ်နီးချင်းနိုင်ငံတွေဘက်ကို ထွက်ပြေးဖို့ သူတို့ ဘာကြောင့် ရွေးချယ်ရပါသလဲ။ စိတ်ဝင်စားပါတယ်။ တော်လှန်ရေးတပ်တွေရဲ့ စစ်သုံပန်း သဘောထားကို မသိသေးလို့လား။ ဒါမှမဟုတ် စစ်ကောင်စီ ဝါဒဖြန့်ချိရေး လှောင်ချိုင့်ထဲက မထွက်နိုင်သေးလို့လား။ ဒါမှမဟုတ် ဘာအကြောင်းတွေ ရှိပါသေးလဲ။ စိတ်ထဲက မေးနေမိတယ်။

မနေ့က သတင်းတစ်ခုမှာတော့ စစ်တွေလေဆိပ်မှာ စစ်ကောင်စီ ဗုံးကြဲလေယာဉ်တစ်စီးကို လေဆိပ်စောင့်စစ်ကောင်စီတပ်က AA ဒရုန်းထင်ပြီး မှားပစ်မိလို့ တော်တော်ပျက်စီးသွားတယ်လို့ ဖော်ပြထားပါတယ်။ ဒီသတင်းဟာ စစ်ကောင်စီတပ်ရဲ့ အချင်းချင်း ဆက်သွယ်ရေး အားနည်းချက်ကို ဖော်ပြသလို ဖြစ်နေပါတယ်။ 

မြန်မာပြည်မြောက်ပိုင်း စစ်မြေပြင်မှာ အရှုံးကြီး ရှုံးခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်စစ်မျက်နှာမှာလည်း အလဲလဲ အကွဲကွဲပါပဲ။

မေမြို့သင်္ချိုင်းကို ညနေ သုံးနာရီနောက်ပိုင်း စစ်သားအလောင်များသာ သင်္ဂြိုလ်ဖို့ စစ်တပ်က အမိန့်ထုတ်လိုက်တယ်တဲ့။ တနိုင်ငံလုံးကို အပိုင်စီးထားတဲ့ စစ်တပ်ဟာ အခုတော့ သင်္ချိုင်းကိုသာ အပိုင်စီးနေရတဲ့ဘဝ ရောက်နေပြီလေ။ 

ရပ်ကွက်ထဲမှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူး အသစ်ရောက်လာတဲ့သတင်း‌ ‌‌ ပြောနေကြတယ်။ စစ်တပ်က ကျောင်းဆရာတဲ့။ စစ်မတိုက်ဖူးဘူးတဲ့။ ရာ‌ဇဝတ်မှု ပပျောက်ရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး တာဝန်တွေကို ထမ်းဆောင်မယ်လို့ ရပ်ကွက်လူကြီတွေကို မိန့်ကြားတယ်တဲ့။ သူ ရောက်ပြီးနောက်နေ့ပဲ မြို့နယ်အတွင်း ဗုံးသုံးလုံး ကွဲတယ်တဲ့။ အခုတလော ဗုံးကွဲ သတင်းတွေ FB ပေါ်တက်မလာတော့ဘူး။ 

အဘက်ဘက်က စစ်ရှုံးနေတဲ့ စကစ တပ်ဟာ မြန်မာပြည်အနှံ့က ကျောင်းတွေ၊ လူနေအိမ်တွေ ၊ စစ်ရှောင်စခန်းတွေကို ဗုံးကြဲတဲ့ အလုပ်ကို အားသွန်ခွန်စိုက် လုပ်နေတာ တွေ့ရတယ်။ ဒီလုပ်ရပ်ကြောင့် ပြည်သူတွေနဲ့ နိုင်ငံတကာ ထောက်ခံမှု ကျဆင်းပြီး တော်လှန်ရေးဘက်ကို ထောက်ခံသူပိုများလာတယ်ဆိုတာ သူတို့ သိပုံမရဘူး။ 

ခံစစ်ပဲလုပ်လုပ်၊ ထိုးစစ်ပဲတိုက်တိုက် ပြည်သူ မထောက်ခံရင် ရှုံးမှာပဲ ဆိုတဲ့ စစ်ဥပဒေသကို ဒေါ်စိန်အေး ကျောင်းဆင်းတွေ သိပုံမရဘူး။ လူများများ သတ်နိုင်ရင် စစ်နိုင်တယ် ဆိုတဲ့ ယူဆချက်နဲ့ စစ်တိုက်နေတဲ့ စစ်တပ်ဟာ နောက်ဆုံး ကိုယ့်စစ်သားတွေကို ကိုယ် ပြန်သတ်မိနေပြီ။ ပိတ်မိနေတဲ့မိမိစစ်စခန်းပေါင်း ၇ ခုကို မိမိကိုယ်တိုင် ပြန်ဗုံးကြဲခဲ့တယ်လို့ ဗိုလ်ကြီးနေမျိုးဇင်က ပြောပါတယ်။  ဒီလိုအဖြစ်မျိုးကို ကျွန်တော်ငယ်ငယ် ၁၉၇၀ ဝန်းကျင်လောက်က ပိတ်မိနေတဲ့ မြန်မာစစ်တပ်အပါအဝင် မြဝတီတမြို့လုံးကို ဗုံးကြဲခဲ့တာ သတိရမိတယ်။ အလွန်ညံ့ဖျင်းတဲ့ စစ်ဗျူဟာပါပဲ။ 

ညံ့ဖျင်းမှုတွေကို လက်ဆင့်ကမ်းခဲ့တဲ့ စစ်ကောင်စီတပ်ကြီးဟာ အခုအချိန်မှာ အညံ့ဆုံး အဖျင်းဆုံး အခြေအနေကို ပွေ့ပိုက်မိနေတာ မြင်မကောင်းတော့ပါဘူး။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar