Breaking News

အခွန်အကောက်နဲ့ လူထုရဲ့ ထမ်းပိုးထားရတဲ့ မနိုင်ဝန်

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၈ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၂၄

အခွန်အကောက်နဲ့ လူထုရဲ့ ထမ်းပိုးထားရတဲ့ မနိုင်ဝန် 

ရွှေဖီမြေ သတင်းဌာနက ဖော်ပြထားတဲ့ ဒီနေ့နေ့စွဲနဲ့ သတင်းတပုဒ်ကတော့ “ရှမ်းမြောက်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ တနှစ်စာအခွန်အပြင် အခြားအခွန်တွေပါ ထပ်ကောက်” ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ရှမ်းမြောက်က ကားသမားတွေရဲ့ ပြောဆိုချက်ကို ထည့်သွင်းပြီး ရေးသားဖော်ပြထားတဲ့ သတင်းမှာ လားရှိုး- နမ္မတူ-နမ့်ခမ်း- မူဆယ် လမ်းကြောင်းတလျှောက် တအာင်းတပ်မတော်၊ ကချင်တပ်မတော်၊ SSPP/SSA တို့ရဲ့ စစ်ဆေးရေး ဂိတ်တွေရှိပြီး ဒီလမ်းကြောင်းက ဖြတ်သန်းသွားလာတဲ့ ကားတွေဆီကနေ အခွန်အကောက် ကောက်ခံကြရာမှာ တနှစ်စာ ဘီးခွန်အပြင် ကားတစီးဘယ်လောက် သတ်မှတ်ပြီး တောင်းခံတဲ့ အခွန်ကိုလည်း ပေးဆောင်ကြရတယ်လို့ဖေါ်ပြထားတာ ဖြစ်ပါတယ်။ ကားရဲ့ တနှစ်စာ ဘီးခွန်အပြင် ကုန်တင်ခွန် ဆိုပြီး အမည်တပ်ထားတဲ့ အခွန်ကိုလည်း ဖြတ်သန်းတဲ့ အခေါက်တိုင်း ပေးဆောင်ကြရတာ ဖြစ်ပါတယ်။ လားရှိုးကနေ မူဆယ် အထိ လမ်းခရီးအတွင်းမှာ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ကို ပေးဆောင်ကြရတဲ့ အနေအထားမျိုးဖြစ်ပြီး တချို့သော လက်နက်ကိုင် အဖွဲ့တွေက သတ်သတ်မှတ်မှတ် နှုန်းထားရယ်လို့ မရှိတာ၊ အခြားသော ဂိတ်တွေထက် ပိုပြီးကောက်ခံတာတွေ ရှိတယ်လို့ လည်းသတင်းမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ အကောက် ကောက်ခံတဲ့ ဂိတ်တဂိတ်မှာ အိမ်စီးကားတွေက အနည်းဆုံး နှုန်းနဲ့ ကျပ် ၂ သောင်း ပေးဆောင်ရသလို ကုန်ပစ္စည်းတင်တဲ့ကားတွေ အနေနဲ့တော့ ၄ သောင်းကနေ သိန်းဂဏန်းအထိ ပေးဆောင်ရတဲ့ ဂိတ်တွေလည်း ရှိနေတယ်လို့ သတင်းထဲ ဖော်ပြထားတာဖြစ်ပါတယ်။ 

အခုလို ဖြစ်စဥ်တွေကို ကြည့်ရင် လက်နက်ကိုင်တပ်တွေရဲ့ ရပ်တည်ရေး အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေကို ရပ်ရွာလူထုထံက ကောက်ခံကြတာ ဖြစ်ပြီး မူဝါဒအရတော့ မှားယွင်းတယ်လို့ မဆိုနိုင်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ကာကွယ်ရေး တပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေ စတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေအားလုံးဟာ ၄င်းတို့ စိုးမိုးရာ ဒေသမှာ နေထိုင်ကြတဲ့ ဒေသခံလူထုထံက အခွန်အကောက် ကောက်ခံပြီး လက်နက်ကိုင် အဖွဲ့ရဲ့ လိုအပ်တဲ့ ဘဏ္ဍာငွေအတွက် ဖြည့်ဆည်းကြတဲ့ သဘောလို့ ယေဘုယျ ပြောနိုင်ပြီး ပြဿနာလို့ ဆိုနိုင်တဲ့ အကြောင်းအရာတွေက နယ်မြေစိုးမိုးမှု ရောယှက်နေကြတဲ့ ဒေသတွေမှာ တဖွဲ့မကတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဒေသခံလူထုက အခွန်အကောက်ပေးဆောင်ကြရတဲ့ ပြဿနာက တချက်ဖြစ်ပါတယ်။ နောက် ပြဿနာတချက်က အခွန်အကောက် နှုန်းထားတွေ ဖြစ်သင့်တဲ့ နှုန်းထား ဒေသခံတွေ အနေနဲ့ ပေးဆောင်နိုင်တဲ့ နှုန်းထားမျိုး သတ်မှတ်ကြတာထက် လက်နက်ကိုင် အဖွဲ့တွေရဲ့ လိုအပ်ချက် ဘဏ္ဍာငွေပမာဏကို ပြည့်မီအောင် ကောက်ခံကြတဲ့ သဘောမျိုးတွေ့နေရတာ ဖြစ်ပါတယ်။ ဒေသခံ လူထုတွေရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ ကျွဲနွား၊ လယ်၊ အိမ်၊ ကား စတဲ့ ပိုင်ဆိုင်မှုပမာဏ အပေါ်မူတည်ကာ သတ်မှတ်ကောက်ခံကြတာ ရှိသလို ကူးသန်းရောင်းဝယ်ရေး နဲ့ ခရီးသွားလာကြတဲ့ လမ်းကြောင်းတွေမှာ ဂိတ်တွေဖွင့်ပြီး ကောက်ခံကြတာတွေ လည်းရှိနေတဲ့ သဘောဖြစ်ပါတယ်။ 

လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေရာမှာ နေအိမ်တွေ ပျက်စီးဆုံးရှုံးရတာတွေ၊ ပိုင်ဆိုင်မှု ပစ္စည်း၊ သိုလှောင်ထားတဲ့ တနှစ်စာ ရိက္ခာစိုက်ပျိုးသီးနှံလိုမျိုးတွေ ပျက်စီးဆုံးရှုံးနေကြရတဲ့ အခြေအနေမျိုးမှာလည်း အခွန်အကောက်တွေကို လျော်ပစ်နိုင်တဲ့ အနေအထားမျိုးထက် စစ်ပွဲဖြစ်ပွားလေလေ ဘဏ္ဍာငွေပိုလိုအပ်လေလေ ဖြစ်တာကြောင့် အခွန်အကောက်တွေ လျော့ပေါ့တာ လျော်ပစ်တာတွေ မလုပ်နိုင်ကြတဲ့ အနေအထားမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ နောက်တခုသော ဝင်ငွေ ရနိုင်တဲ့ နည်းလမ်းက ကျေးရွာတွေ၊ မြို့တွေ က ပိုင်ဆိုင်မှုနဲ့ စီးပွားရေး လုပ်ငန်းလည်ပတ်မှုတွေ အပေါ် ကောက်ခံတာအပြင် တရားမဝင်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုမျိုးကနေ အခွန်ကောက်ခံတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ လောင်းကစား လုပ်ငန်းတွေက အခွန်ကောက်ခံခြင်းမျိုး ဖြစ်ပါတယ်။ အဖွဲ့အစည်းတချို့ နဲ့ စစ်ကောင်စီတပ်တွေ၊ ၄င်းတို့ လက်အောက်က ပြည်သူ့စစ်တွေကလည်း အခုလို  ကုန်စည်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းတွေ၊ မူးယစ်ဆေးဝါးတွေ၊ လောင်းကစားလုပ်ငန်းတွေက နေ အကောက် ကောက်ခံနေကြတာ ပိုမိုထင်ရှားတာတွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ပွဲမှာ သမိုင်းကြောင်းတလျှောက် ရှမ်းပြည်နယ် ဘိန်းထုတ်လုပ်မှု၊ စစ်ပွဲ၊ လက်နက်ကိုင် တပ်ဖွဲ့ စတာတွေက ချိတ်ဆက် ဆက်စပ်နေတဲ့ ရုပ်ဆိုးတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ကြတာ ဖြစ်ပါတယ်။ 

မူးယစ်ဆေး၊ လောင်းကစား၊ အပြင် ခေတ်သစ်ဆက်သွယ်ရေး နည်းပညာတွေ ပေါ်ထွန်းလာတဲ့ကာလမှာ အွန်လိုင်း ငွေလိမ်တဲ့ ဂိုဏ်းတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ရန်ပုံငွေ၊ လက်နက်ကိုင် အဖွဲ့တွေ ဦးဆောင်သူတွေရဲ့ ကိုယ်ကျိုးစီးပွားတွေအထိ ပိုမိုယှက်နွယ် ရှုပ်ထွေးလာကြတာ ဖြစ်ပါတယ်။ 

ဒီအကြောင်းအရာတွေ ခဏထားပြီး ဒေသခံ လူထုအနေနဲ့ စစ်ပွဲတွေ၊ လက်နက်ကိုင် အဖွဲ့တွေ၊ နယ်မြေကို အုပ်ချုပ်သူတွေကို ပေးဆောင်ရတဲ့ အခွန်အကောက်၊ လက်နက်ကိုင်အဖွဲ့တွေရဲ့  လူသစ်စုဆောင်းမှု စတာတွေက ကျောကုန်းပေါ် တင်လို့ မဆံ့လောက်အောင် တနည်း ထမ်းမနိုင်လောက်အောင် လေးလံများပြားနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ နောက်ပိုင်း ပေါ်ထွက်လာတဲ့ PDF အဖွဲ့တွေထဲမှာ ကိုယ်ပိုင် နယ်မြေ စိုးမိုးမှုမရှိတဲ့ အဖွဲ့တွေအနေနဲ့ လူထုရဲ့ အကူအညီ ထည့်ဝင်ငွေနဲ့ ရပ်တည်ကြရတာ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုအပေါ်၊ ကောက်ခံတာထက် မိမိဆန္ဒအတိုင်း ထည့်ဝင်မှု အပေါ် အခြေခံထားတာမို့ အဲဒီနည်းလမ်းက နိုင်ငံရေးအရ ပါဝင်မှုလည်း ရစေတဲ့ အကျိုးအမြတ်ရှိတာ ဖြစ်ပါတယ်။ သို့ပေမယ့် တလ၊ တနှစ် ဘယ်လောက် စုဆောင်းရရှိနိုင်သလဲ ဆိုတဲ့ခန့်မှန်းတွက်ချက်မှုမျိုးတော့ လုပ်ဖို့ခက်ခဲတဲ့ သဘောသဘာဝ ရှိနေတာလည်း ဖြစ်ပါတယ်။ နယ်မြေ စိုးမိုးလာတဲ့ PDF အဖွဲ့တွေအနေနဲ့တော့ စိုးမိုးထားတဲ့ နယ်မြေမှာ အထက် သတင်းထဲကလို ဖြတ်သန်းသွားလာတဲ့ ကား၊ လူတွေထံက အခွန်အကောက် ကောက်ခံခြင်းနဲ့ ရပ်တည်ဖို့ လုပ်ဆောင်ကြတာလည်း ဖြစ်ပါတယ်။ 

ဒီနေရာမှာ လက်နက်ကိုင် တော်လှန်ရေးအမြန်ပြီးဆုံးအောင် ဆိုတဲ့ မျှော်လင့်ချက်နဲ့ များများလှူ၊ မြန်မြန်တိုက်ပြီး မြန်မြန် အောင်ပွဲရမယ်ဆိုတဲ့သဘောမျိုးဖြစ်စေချင်တဲ့ ဆန္ဒမျှော်မှန်းချက်တွေရှိသလို စစ်ပွဲရဲ့ ဝန်ထုပ်ဝန်ပိုးကို ၄င်းတို့ရဲ့ထမ်းနိုင်စွမ်းထက် ပိုပြီးထမ်းထားကြရတဲ့ ကျေးလက်ဒေသက လူထုရဲ့ ခံနိုင်ရည်၊ လူထုအနေနဲ့ မိသားစုကို ဝမ်းဝအောင် ကျွေးမွေးနိုင်ဖို့ အရေးလည်း လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ သတိပြုမိသင့်ပြီး ငါတို့အနေနဲ့ အသက်ပေးထားတဲ့အထိတော်လှန်ရေး မှာပါဝင်နေတာ လူထုအနေနဲ့ ဒိလောက်တော့ ဒုက္ခခံရမှာ ဆိုတဲ့အတွေးမျိုး အယူအဆမျိုးနဲ့ လူထုအပေါ် ဝန်တွေအကုန် ပုံမချသင့်ကြောင်းလည်း နှိုးဆော်လိုတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar