Breaking News

အမိန့်နဲ့ စစ်သားစုဆောင်းခံရခြင်း သို့မဟုတ် အိတ်ဇိုးဒပ်စ်

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၆ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄


အမိန့်နဲ့ စစ်သားစုဆောင်းခံရခြင်း သို့မဟုတ် အိတ်ဇိုးဒပ်စ်

ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့စွဲနဲ့ အသက်ဝင်ပြီလို့ ကြေညာလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေ ထွက်လာပြီးနောက် ပြည်တွင်းမှာ ရှိနေတဲ့ လူထုအကြား စိုးရိမ်မှုတွေ၊ ရှုပ်ထွေးတဲ့ တုံ့ပြန်မှုတွေနဲ့ မြန်မာနိုင်ငံထဲက တိမ်းရှောင်ကြဖို့ ကြိုးစားကြတာတွေနဲ့ တချို့က အိတ်ဇိုးဒပ်စ် ဆိုတဲ့ ဂျူးလူမျိုးတွေ လွတ်မြောက်ရေးအတွက် နယ်မြေတခုကနေ ထွက်ပြေးကြတဲ့အဖြစ်နဲ့ တင်စားကြတာတွေလည်း ကြားသိနေရတာ ဖြစ်ပါတယ်။ 

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုမှာ နအဖ စစ်အစိုးရက လူမသိ သူမသိတိတ်ဆိတ်စွာ ပြဋ္ဌာန်းခဲ့တဲ့ “ပြည်သူ့စစ်မှုထမ်းဥပဒေ”ကို ၁၄ နှစ်အကြာမှာ စစ်ကောင်စီက စတင်အသက်ဝင်ကြောင်း ကြေညာလိုက်တဲ့နောက် မြန်မာနိုင်ငံအတွင်းမှာ ရှိကြတဲ့ လူငယ်တွေ အဖို့ ဘာလုပ်ရမှန်းမသိအောင် ဖြစ်ကုန်ကြတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံကို ဗီဇာလျှောက်သူတွေ တရက် နှစ်ရက်အတွင်း ရုတ်တရက် မြင့်တက်လာပြီး သံရုံးက တရက်ကို လူ ၄၀၀ အတွက်သာ ဗီဇာထုတ်ပေးမယ်လို့ ကန့်သတ်ချက် ထုတ်ပြန်ကြေညာရတဲ့အထိ ဂယက်က ရိုက်ခတ်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားတဲ့သူတွေက အတိုင်းအတာတခုထိ ငွေကြေးတတ်နိုင်တဲ့ အသိုင်းအဝိုင်းက ဖြစ်ကြပြီး သာမန်လူတွေအနေနဲ့တော့ ထိုင်းနိုင်ငံကို ဗီဇာယူပြီး သွားဖို့၊ အလည်အပတ်ဗီဇာနဲ့ သွားရောက်ပြီး ကျောင်းတကျောင်းကျောင်းမှာ ပညာသင်ယူဖို့ ငွေကြေးပေးဖို့လည်း မတတ်နိုင်ကြသလို၊ ကျွမ်းကျင်မှုတခုခုနဲ့ အလုပ်အကိုင်ရအောင်လည်း မစွမ်းနိုင်ကြပါဘူး။ သာမန်လူတန်းစားအလွှာက သူတွေအဖို့တော့ တရားဝင် ဗီဇာနဲ့သွားရောက်ဖို့ ငွေကြေး မတတ်နိုင်ကြလို့ နယ်စပ်ကနေ တရားဝင်ဖြစ်ဖြစ် တရားမဝင် ဖြစ်ဖြစ်ကူးပြီး တဖက်နိုင်ငံမှာ အလုပ်လုပ်ရင်း မထမ်းချင်တဲ့ စစ်မှုကိုထမ်းရမယ့် အဖြစ်ကနေ လွတ်မြောက်အောင် တိမ်းရှောင်ကြရမယ့် အခြေအနေဖြစ်ပါတယ်။ 

ဘာကြောင့် စစ်မှုမထမ်းချင်တာလဲ ဆိုရာမှာ အခုလို အာဏာသိမ်းတဲ့စစ်တပ်ကို တနိုင်ငံလုံးက မုန်းတီးရွံရှာနေချိန် စစ်တပ်ရဲ့ စစ်မှုထမ်းဖို့ ဥပဒေအရ ဆင့်ခေါ်ခံရမယ့် အရေးက ဘဝမှာ အသက်မသေတောင် သိက္ခာရပ်တည်ချက်အရ ကျဆုံးမှုလို့ ယူဆကြတာကြောင့်၊ အသက်လည်းဆုံးရှုံး သိက္ခာလည်းဆုံးရှုံးရမယ့် အဖြစ်မျိုးကို ဘယ်သူမှ မကြုံတွေ့ချင်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ လူထုကို ဒုက္ခပေး သတ်ဖြတ်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းလို့ ယူဆထားတဲ့ အဖွဲ့အစည်းထဲ ဝင်ကြပြီး ကျူးလွန်တဲ့ ရာဇဝတ်မှုတွေထဲ အလိုတူ အလိုပါ အဖြစ်ကို မကျရောက်လိုကြပါဘူး။ 

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်ပြီးနောက်မှာ နိုင်ငံသားတွေ စစ်မှုထမ်းဖို့ ဆင့်ခေါ်စဥ်က ရုရှားက လူငယ်တွေ သောင်းနဲ့ သိန်းနဲ့ချီ ပြည်ပကို ထွက်ခွာကြတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တာ သတင်းတွေထဲ ကြားသိခဲ့ကြရသလို အဲဒီအဖြစ်နဲ့ အလားသဏ္ဍာန်တူတဲ့ ဖြစ်ရပ်မျိုး မြန်မာနိုင်ငံမှာ အခုကြုံနေကြရတာပါ။ ရုရှားလူငယ်တွေလည်း ယူကရိန်းကို ကျူးကျော်မှုကို သဘောမတူကြတဲ့ သူတွေ၊ ဒီအကြောင်းအရာအတွက် အသက်ရော၊ ဂုဏ်သိက္ခာ တခုခု ဆုံးရှုံးတာမျိုးကို ထိခိုက်ဆုံးရှုံး မခံသင့်ဘူးလို့ ယူဆကြတာကြောင့် ပြည်ပကို တိမ်းရှောင်ကြတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက ရုရှားနဲ့ မတူဘဲ ပြည်တွင်းစစ် ဆင်နွှဲနေတဲ့ အထဲ ပြည်တွင်းက သူအချင်းချင်းကို ဖိနှိပ်အုပ်ချုပ်တဲ့ စစ်တပ်ဘက်က ဝင်တိုက်ခိုက်ဖို့ ဆင့်ခေါ်တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရ ဆိုတဲ့အရာကို ဥပဒေအရ တကြိမ်မှ ကျင့်သုံးခဲ့တာမရှိသေးဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။ ဥပဒေအရ မဟုတ်ပေမယ့် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အမိန့်တွေနဲ့ ဆင့်ခေါ်ပြီး စစ်သားစုဆောင်းမှုက မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ ရှိနေတာ ဆယ်စုနှစ်များစွာ ရှိနေခဲ့တာပါ။ တိုင်းရင်းသား နယ်မြေဒေသတွေမှာ စစ်သားစုဆောင်းခံရတဲ့ အဖြစ်တွေ ရှိနေတာကို ကြားသိခဲ့ကြရဖူးပေမယ့် တနိင်ငံလုံး အဖြစ်အပျက် မဟုတ်တာ၊ အခုလောက် ကျယ်ကျယ်ပြန့်ပြန့် မဟုတ်တာကြောင့် အရေးတကြီး အကြောင်းအရာအဖြစ် အုတ်အောင်သောင်းနင်း မဖြစ်ခဲ့ပါဘူး။ 

တအန်းပလောင် လူမျိုးစုလက်နက်ကိုင် တွေစိုးမိုးတဲ့ နယ်မြေဒေသတွေမှာ၊ ရှမ်းလက်နက်ကိုင် စိုးမိုးတဲ့ နယ်မြေတွေမှာ၊ ကရင်၊ ပအိုဝ်း လူမျိုးစုလက်နက်ကိုင်တွေ စိုးမိုးတဲ့ ဒေသတွေမှာ အိမ်ထောင်စု အလိုက် စစ်မှုထမ်းဆင့်ခေါ်တဲ့ လက်တွေ့ကျင့်သုံးမှုက ဆယ်စုနှစ်များစွာကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဗမာလူများစုနေတဲ့ ဒေသကသူတွေအဖို့ ဒီလို ဖြစ်ရပ်တွေက ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေက ပုံမှန်ဖြစ်နေကျ ဖြစ်ရပ်တခုလို မှတ်ယူကြပြီး အရေးတကြီး အကြောင်းအရာ တရပ်လို့ မမြင်ခဲ့ကြပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အခုလို စည်းရုံးရာမှာ ၄င်းတို့လူမျိုးစု လွတ်မြောက်ရေး၊ စစ်အာဏာရှင်တပ်တွေရဲ့ အနိုင်ကျင့်မှု၊ နှိပ်စက်သတ်ဖြတ်မှု၊ ကျူးကျော်မှုတွေက ကာကွယ်ဖို့ရာ အမျိုးသားရေး တာဝန်အနေနဲ့ စုဆောင်းကြတဲ့ သဘောမျိုး ဖြစ်ပြီး အဲဒီဒေသတွေမှာ နေထိုင်တဲ့ တိုင်းရင်းသားလူငယ်တွေ အနေနဲ့ စစ်မှုထမ်းအဖြစ် မဝင်ချင်ရင် ငယ်ရွယ်စဥ်ကတည်းက သာသနာ့ဘောင်ကို ဝင်ကြတဲ့ လမ်းကြောင်းမျိုး အရင့်အရင်ကတည်းက ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အမျိုးသားတွေတင်မက အမျိုးသမီးတွေလည်း စစ်မှုထမ်းဖို့ အကျုံးဝင်တာကြောင့် စစ်ပွဲထဲမှာ အသက်မဆုံးရှုံးအောင် သာသနာ့ ဘောင်ထဲဝင်ရောက်ကြတဲ့ ဖြစ်ရပ်တွေလည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာအတွင်း ဖြစ်ပွားနေခဲ့ကြတာ ဖြစ်ပါတယ်။ 

မန္တလေး၊ မော်လမြိုင်၊ ရန်ကုန်၊ ပြင်ဦးလွင်၊ ပခုက္ကူ စတဲ့ဒေသတွေမှာ တိုင်းရင်းသားဒေသက လာရောက်ကြတဲ့ ကိုရင်၊ ဘုန်းကြီး၊ သီလရှင်တွေ အများအပြားရှိနေခဲ့တာ ဖြစ်ပါတယ်။ ပရိယတ္တိစာသင်တိုက်တွေ၊ သီလရှင်ကျောင်းတွေမှာ တိုင်းရင်းသား လူငယ်တွေအများအပြား သာသနာ့ဘောင်ဝင် အဖြစ် ပရိယတ္တိသင်ယူရင်း နေထိုင်ကြသလို အချို့က အတန်းပညာရေးကို သာသနာ့ဘောင်ထဲကနေ သင်ယူနေကြတဲ့ အဖြစ်အပျက်တွေတောင် ရှိနေခဲ့တာ တွေ့ရပါတယ်။ 

တိုင်းရင်းသားဒေသက စစ်သားစုဆောင်းမှုမှာ မိသားစုထဲ သား၊ သမီးတွေ စစ်မှုထမ်းဖို့ ရွာသူကြီး/ အုပ်ချုပ်ရေးမှူးဖြစ်သူက တဆင့် ဆင့်ခေါ်ခံကြရပြီး မထမ်းဆောင်နိုင်ရင်၊ ထမ်းဆောင်ဖို့ ငြင်းဆန်ရင်း ဒီဒေသမှာ နေထိုင်ခွင့်မရှိပဲ နှင်ထုတ်ခံရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြရတာလည်း ရှိပါတယ်။ စိုက်ပျိုးရေးနဲ့ လုပ်ကိုင် အသက်ရှင်သန်ကြရတဲ့ မိသားစုတွေအနေနဲ့ မိမိတို့နေထိုင်ရာကျေးရွာတွေက စွန့်ခွာပြီး အခြားသော ဒေသတွေ၊ မြို့ရွာတွေမှာ အသက်ရှင်သန်နေထိုင် နိုင်ဖို့မလွယ်ကူပါဘူး။ ဒီအခြေအနေတွေက လွတ်မြောက်ဖို့ နည်းလမ်းက သာသနာ့ဘောင်ဝင်တာ၊ သားသမီးတွေကို အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်စေပြီး တိမ်းရှောင်တဲ့ နည်းလမ်းတွေသာ ရှိပါတယ်။

မကြာသေးခင်က စစ်ကောင်စီထိန်းချုပ်မှု အောက်ကလွတ်မြောက်ခဲ့တဲ့ ကိုးကန့်ဒေသ၊ တအန်းပလောင် ဒေသတွေမှာ စစ်သားစုဆောင်းမှုတွေ ဆက်လက်ရှိနေပြီး စစ်ရေးလှုပ်ရှားမှု လက်နက်ကိုင်တိုက်ပွဲတွေ များပြားလာတဲ့ အခုလိုကာလမှာ လူအရေအတွက် ပိုမိုလိုအပ်နေတဲ့ သဘောလည်း ဖြစ်ပါလိမ့်မယ်။ 

ဗမာလူမျိုးတွေ အများစုနေထိုင်တဲ့ တိုင်းဒေသတွေ၊ မြို့ကြီးတွေက လူငယ်တွေ အနေနဲ့ တိုင်းရင်းသားဒေသတွေက ဆယ်စုနှစ်များစွာ တိုင်းရင်းသားတွေ ကြုံတွေ့ခဲ့ကြရတဲ့ စစ်မှုမထမ်းမနေရ စုဆောင်းခံရတဲ့ အဖြစ်မျိုးကို ဆယ်စုနှစ်များစွာ အတွင်း ပထမဆုံး လက်တွေ့ကြုံကြရတာ ဖြစ်ပြီး တိုင်းပြည်က ထွက်ခွာကြဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေကြတဲ့ ကာလ၊ ကသောင်းကနင်းနဲ့  ရမိရရာ အခွင့်အလမ်းတွေ ဆွဲကိုင်ကြရတဲ့ ကာလကြီးထဲ ရောက်ရှိနေတာလို့ဆိုရင် မှားမယ် မထင်ပါဘူး။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar