အမေရိကန် ပျော်တော်ဆက် ဂျွန်စတူးဝပ် က အမေရိကန်ရွေးကောက်ပွဲကို သရော်လိုက်ပြီ

အမေရိကန် ပျော်တော်ဆက် ဂျွန်စတူးဝပ် က အမေရိကန်ရွေးကောက်ပွဲကို သရော်လိုက်ပြီ
နိုင်ငံတကာသာဂိ၊ (မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄
Jon Stewart သည် သမ္မတ Biden နှင့် ယခင်သမ္မတ Trump တို့ကို "The Daily Show" အမည်ရ ပျော်တော်ဆက်ရုပ်သံအစီအစဉ်တင်ဆက်မှု ပြန်လုပ်သည့် ပထမဆုံးနေ့မှာင် လှောင်ပြောင်ခဲ့ပြီး 2024 ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံးသည် "ကမ္ဘာ့အကြီးလေးဆုံးအလုပ်ကို သက်ကြီးရွယ်အိုကြီး ၂ ဦးက “မနိုင်ဝန်ထမ်းဖို့ ကြိုးပမ်းနေကြသည်” ဟု ပြောကြားခဲ့သည်။
ကိုးနှစ်ကြာ ရုပ်သံအစီအစဉ်မှ အနားယူခဲ့ပြီးနောက် အသက် ၆၁ နှစ်အရွယ် လူရွှင်တော်သည် တနင်္လာနေ့တွင် Comedy Central ရုပ်သံ၏ The Daily Show ပြန်လည်သရုပ်ဆောင်ရန် လက်ခံတာဝန်ယူလိုက်သည်။ Stewart သည် တနင်္လာနေ့ညတိုင်း အစီအစဉ်ကို တင်ဆက်မည် ဖြစ်သည်။
ဘိုင်ဒင်ကို အထူးစုံစမ်းရေးကော်မရှင်တခုက ၎င်းတို့သုံးသပ်ချက်ကို ပြောကြားရာတွင် မှတ်ဥဏ်အားနည်းနေသည့် ရိုးသားသည့် အဘိုးအိုဟု ထုတ်ပြောခဲ့သည်။ အိမ်ဖြူတော်နဲ့ ဘိုင်ဒင်တို့ ယမ်းပုံမီးကျပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပက တုန့်ပြန်ငြင်းဆိုခဲ့ကြသည်။ ဘိုင်ဒင်က မိမိမအိုသေးကြောင်း၊ မှတ်ဥဏ်အလွန်ကောင်းကြောင်း ပြောဆိုကြိမ်းမောင်းခဲ့ပြီးနောက် ဆက်လက်မှတ်ချက်တခုပေးရာမှာ မက္ကစီကိုက သမတ စီစီနဲ့ ပါလက်စတိုင်းနယ်စပ်အရေး ဆွေးနွေးနေသည်ဟု မှား.ယွင်းစွာ ပြောဆိုခဲ့သည်ကို လူရွှင်တော် (ပျော်တော်ဆက်) ဂျွန်စတူးဝပ်က ရုပ်သံဖြင့် ထောက်ပြ လှောင်ပြောင်လိုက်သည်။ မက္ကစီကိုနဲ့ ပါလစ္စတိုင်းမှာ တခြားစီ ဖြစ်သည်။ နယ်စပ်ချင်း မထိစပ်ပါ။
ဒေါ်နယ်ထရန့်ကိုယ်တိုင်လဲ မှတ်ဉာဏ်များ ချို့ယွင်းနေပြီး ဘာမေးမေး မမှတ်မိတော့ဘူးဟု အမြဲတမ်း ဝန်ခံနေသည်ဟု စတူးဝပ်က သရော်လိုက်သည်။ ထရန့်သည် နိုင်ငံတော်လျိုဝှက်ချက် စာရွက်များကို နေအိမ်သို့ ခိုးသယ်ပြီး ပြန်မပေးသဖြင့် အမှုရင်ဆိုင်နေရသည်။ အစိုးရရှေ့နေများက ဘာမေးမေး ထရန့်တို့မိသားစုက အမှုကို ခေါင်းရှောင်ရန် ဘာမှ မမှတ်မိပါဟု တွင်တွင်ငြင်းနေပုံ ရုပ်သံများ ထုတ်ပြပြီး စတူးဝပ်က သရော်လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။ ထရန့်ကိုယ်တိုင် မဲဆွယ်ပွဲများတွင် မဟုတ်တန်းတရားများ ဘလွတ်ရွှတ်တပြောနေတာကြောင့် ထရန့်လည်း အိုမင်းမစွမ်းဖြစ်နေပြီဟု သူက ထောက်ပြလိုက်သည်။
အဘိုးကြီးများ ပြောလေ့ရှိသည့် စကားဖြစ်သည့် - ‘ အခု ငါ ဘာတွေ ပြောနေမိတာပါလိမ့်” ဆိုတဲ့ ပုံစံ ေတွ ဖြစ်နေပြီဟု စတူးဝပ်က ဆိုလိုက်သည်။
"ဒီမှာ ငါတို့ ဘာ သောက်တလွဲတွေ လုပ်နေကြတာလဲ၊ လူတွေက မေးစရာဖြစ်လာတယ်။" စိတ်တိုနေပုံရသော Stewart က ပြောသည်။
ဘိုင်ဒင်ကော ထရန့်ကောက ယခင်သမ္မတရွေးကောက်ပွဲတုန်းက စံချိန်ချိုးခဲ့တယ်။ အမေရိကန်သမိုင်းမှာ အအိုဆုံးသမတလောင်း ၂ဦး ဆိုတဲ့ စံချိန်။ အခုလည်း အဲသည် စံချိန်ကို သူတို့ ၂ ဦးက နောင် ၄ နှစ် မှာ ထပ်ချိုးလိုက်ပြီ။ ပို၍ အိုသော အအိုတကာ့ အအိုဆုံး သမတလောင်း ၂လောင်းလေ ဟု စတူးဝပ်က ဟားတိုက်လိုက်သည်။
မဲဆန္ဒရှင်များက အသက်အကြီးဆုံး လူအို၂ဦးထဲက တဦးဦးကို နိုင်ငံ၏ အမြင့်မားဆုံး အရေးအကြီးဆုံး သမတရာထူးပေးဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတာ လွဲချော်နေတယ်ဟု သူက ဝေဖန်လိုက်သည်။ ဘိုင်ဒင်က ၈၀၊ ထရန့်က ၇၇ နှစ် ဖြစ်သည်။ ၂ ဦးစလုံးက သူတို့တွေ မအိုကြောင်း စွမ်းဆောင်ရည်မကျသေးကြောင်း အပြိုင်အဆိုင် ဆွယ်တရားဟောနေကြသည်။ တကယ်တမ်းက မဲပေးသူတွေ စိတ်မပူအောင် လုပ် ြပ ပြောပြကြမယ့်အစား လူတွေကို စိတ်ပူပန်အောင် ဖိဆီးအောင် သူတို့တွေက လုပ်ပြနေကြတယ်ဟု ဆိုလိုက်သည်။
ထရန့်လောက် ရာဇဝတ်မှုများ၊ အမှုအခင်းများ၊ ပြစ်တင်စွပ်စွဲခံရမှုများ အဆိုးဆုံးရင်ဆိုင်နေရသည့် သမတလောင်းမျိုး အမေရိကန်သမိုင်းမှာ မရှိပါ။ ထရန့်ထက်စာရင် ဘိုင်ဒင်က အများကြီး သာလွန်ပါသည်။ သို့သော် ဘိုင်ဒင်ကို သမတခန့်လိုက်လို့လည်း သူ့ကို တိုက်ခိုက် အပုတ်ချမည့်သူများက လက်လျော့သွားမှာ မဟုတ်ကြောင်း လက်ရှိအခြေအနေ တင်းမာမှုများက ပြဆိုနေသည်ဟု စတူးဝပ်က မှတ်ချက်ပေးသည်။ တကမ္ဘာလုံးမှာ ပဋိပက္ခမျိုးစုံ ဆူပွက်နေချိန် အမေရိကန်ခေါင်းဆောင်မှာ အိုနာကျိုးကန်းတဦး ဖြစ်မနေဘဲ ကိုနန်လို (အာနိုးသရုပ်ဆောင်) လူဗလကြီးတဦး ဂိတ်စောင့်နေတာမျိုး လူတွေက ဖြစ်စေချင်မှာဟု သူက ထုတ်ပြောသည်။ အခုချိန်မှာ တဘက်ကလူကို မကြိုက်တာနဲ့ ကိုယ့်ဘက်ကလူ ဘာဖြစ်ဖြစ် မျက်စိမှိတ်ပြီး လက်ခံနေတာဟာ အမေရိကန်မဲဆန္ဒရှင်တွေရဲ့ ပြသနာကြီးပဲလို့ သူက တည်တည်တန့်တန့်ဖြင့် ပြောလိုက်ပါသည်။
သူ၏ နိဂုံးစကားက လူတွေကို ပိုပြီး အတွေးပွားစေပါသည်။
ခင်ဗျားတို့ ထောက်ခံတဲ့သူ ရှုံးသွားရင် အဆိုးတွေ ဖြစ်လာမယ်လို့ ထင်နေသလား၊ အေး .. ခင်ဗျားတို့ လူ နိုင်သွားလည်း တိုင်းပြည်က အေးချမ်းသွားမှာမဟုတ်ပါဘူး၊ ပွဲပြီးသွားမယ် ထင်ကြနဲ့။ နောက်ထပ် ပြသနာတွေ လာအုံးမှာပဲ။ အခုက အဲသလို ဖြစ်နေပါပြီ။ သည်တော့ ရွေးကောက်ပွဲ မပြီးသေးခင် ပူပန်နေရတာတွေဟာ ရွေးကောက်ပွဲပြီးသွားတဲဲ့နောက်လဲ ဆက်ပူပန်နေကြရဦးမှာပဲ။ တသက်လုံး ပြီးမှာ မဟုတ်တော့ဘူး … တဲ့။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar