စစ်မှုထမ်းဥပဒေရဲ့ ဂယက် ပြင်းထန်နေဆဲ
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၃ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄
စစ်မှုထမ်းဥပဒေရဲ့ ဂယက် ပြင်းထန်နေဆဲ
ဖေဖော်ဝါရီလဆန်းမှာ အသက်ဝင်ကြောင်း ကြေညာလိုက်တဲ့ သတ်မှတ်အသက်အရွယ်ရှိသူတွေ အနေနဲ့ စစ်မှုမထမ်းမနေရ ဥပဒေ စတင်အသက်ဝင်ကြောင်း ကြေညာလိုက်တဲ့နောက် မြန်မာနိုင်ငံ တနံတလျားက စစ်ကောင်စီ ထိန်းချုပ်ဒေသတွေမှာနေထိုင်သူတွေ အဖို့ စိုးရိမ်စရာတွေ မိသားစုဝင်တွေရဲ့ ပူပန်သောကတွေ၊ နိုင်ငံခြားကို ကာလတခုအထိ ထွက်ခွာပြီးနေထိုင်လုပ်ကိုင်ကြဖို့ ပြင်ဆင်ကြတာတွေက လူထုကြားထဲမှာ ဖြစ်ပွားနေတာ သတင်းတွေထဲရော အသိမိတ်ဆွေအသိုင်းအဝိုင်းမှာပါ ကြားသိနေရတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့လည်း စစ်ကောင်စီက စုဆောင်းခံရတာကို မခံရအောင် ၄င်းတို့ လက်နက်ကိုင် အဖွဲ့တွေဆီ ဝင်ရောက်လာနိုင်ဖို့ ဖိတ်ခေါ်မှု တချို့တွေ့လာရတာ ဖြစ်ပါတယ်။
စစ်မှုမထမ်းမနေရ ဥပဒေက လူထုအကြား ကြီးမားတဲ့ ဂယက်ရိုက်ခတ်နေတာ အငြင်းပွားစရာ မရှိတဲ့အခြေအနေမျိုး ရောက်ရှိနေတာဖြစ်ပါတယ်၊ မိဘတွေ အနေနဲ့ မောင်နှမသားချင်းတွေ အနေနဲ့ မိမိတို့ရဲ့ သားသမီး၊ ညီအစ်ကို၊ နှမတွေ လူအများမုန်းတီးနေတဲ့ စစ်တပ်ထဲ မဝင်စေချင်တဲ့ ဆန္ဒ၊ နောက်ရှုထောင့်တခုကတော့ ပြည်ပ ကျူးကျော်စစ်လို မဟုတ်ဘဲ ပြည်တွင်းမှာ အချင်းချင်းတိုက်ခိုက်နေကြတဲ့ ပြည်တွင်းစစ်လိုမျိုးမှာ မိမိတို့ မယုံကြည်ဘဲ တိုက်ခိုက်သတ်ဖြတ်ရမယ့် အလုပ်မျိုးကို မလုပ်လိုကြတာ၊ ပြည်တွင်းစစ်မီး အရှိန်ပြင်းပြင်းနဲ့ တောက်လောင်နေချိန် စစ်တပ်ထဲ ဆွဲသွင်းခံရပြီး အသက်ဆုံးရှုံးကြရမယ့်အရေး တွေးတောစိုးရိမ်ကြတာ စသဖြင့် ဘယ်လို ရှုထောင့်က စဥ်းစားစဥ်းစား ဒီစစ်မှုထမ်း ဥပဒေ အသက်သွင်းတာကို လက်ခံနိုင်စရာ၊ သဘောတူနိုင်စရာ မရှိတဲ့အနေအထား ဖြစ်နေတာပါ။
နိုင်ငံက စစ်မက်ဖြစ်ပွားမှုမရှိတဲ့ အနေအထား၊ အုပ်ချုပ်သူနဲ့ ပြည်သူလူထုအကြား ဆက်ဆံရေးက ကောင်းမွန်နေတဲ့အချိန်အခါ၊ ဒီမိုကရေစီ အခွင့်အရေးတွေရှိပြီး အများတန်းတူ အခွင့်အရေးရှိတဲ့ အနေအထားမျိုးမှာ စစ်မှုထမ်းဥပဒေလိုမျိုး ပြဌာန်း အသက်သွင်းရင် မပြောလိုပေမယ့် တနိုင်ငံလုံး စစ်မက်ဖြစ်ပွားနေချိန် အစိုးရလို့ဆိုတဲ့ စစ်ကောင်စီအနေနဲ့ အရှုံးတွေ တခုပြီးတခု ရင်ဆိုင်နေရချိန်မှာ ဥပဒေ ပြဌာန်းတာဟာ လူလည်း အသက်အန္တရာယ် ကျရောက်နိုင်သလို ဂုဏ်သိက္ခာပါ ကျဆုံးရမယ့် အနေအထားမျိုး ဖြစ်နေတာမို့လို့ ဘယ်သူကမှ စစ်ကောင်စီတပ်ထဲ ဆွဲသွင်းမခံချင်ကြပါဘူး။
ခုရက်ပိုင်းအတွင်း နယ်တွေရော မြို့ကြီးတွေက လူငယ်တွေကိုပါ မိဘ မောင်နှမတွေက စစ်မှုထမ်း ဥပဒေအရ ဆွဲသွင်း မခံရအောင် ရတဲ့နည်းနဲ့ လွတ်မြောက်ဖို့ ကြိုးစားနေကြတာတွေ ကြားသိနေရပါတယ်။ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ပြည်နယ်တွေက လူငယ်တွေ နယ်စပ်လမ်းကြောင်းက တဆင့် ထိုင်းနိုင်ငံထဲ အလုပ်သွားရောက်လုပ်ကိုင်ရင်း ကြိုတင်ရှောင်တိမ်းဖို့ ပြင်ဆင်နေကြတာတွေရှိနေပြီလို့ မြန်မာနိုင်ငံတောင်ပိုင်းက ပြည်နယ်တချို့က သတင်းတွေ ထွက်ပေါ်လာပါတယ်။ ငွေကြေးတတ်နိုင်တဲ့ အချို့သော မြို့ပေါ်က သူတွေကတော့ သားသမီးကို နိုင်ငံခြားမှာ ကျောင်းတက်စေတဲ့ နည်းလမ်းမျိုးတွေ အပူတပြင်း စုံစမ်းနေကြတဲ့ အနေအထားလို့လည်း သိရပါတယ်။ ဒါတွေက တိုင်းရင်းသား နယ်မြေမဟုတ်တဲ့ မြန်မာနိုင်ငံက မြို့တွေမှာ နေထိုင်ကြတဲ့ သူတွေရဲ့အနေအထား နဲ့ မြန်မာနိုင်ငံတောင်ပိုင်းက ဒေသအချို့ရဲ့ အခြေအနေဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာတော့ အခြေအနေက မတူကွဲပြားတာလည်း တွေ့ရမှာဖြစ်ပါတယ်။ ရှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြတဲ့ သတင်းတပုဒ်မှာ ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ထဲက ဒေသခံတွေ ထိုင်းနိုင်ငံဘက်က သွားရောက်ဖို့ ပြင်ဆင်နေတာတွေကို သျှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA က တားဆီးတာ၊ ပိတ်ပင် ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဖေါ်ပြထားပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့က စပြီး ကျေးသီးမြို့နယ်ထဲက ပြည်ပကိုထွက်ခွာမည့်သူတွေကို သယ်ဆောင်ပေးတဲ့ ကားတွေတွေ့ရှိရင် ကားသမားကို ဖမ်းဆီးမှာဖြစ်ပြီး ကားကို သိမ်းယူသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ပြည်ပ ထွက်ခွာတယ်ဆိုရာမှာ ထိုင်းနိုင်ငံကိုထွက်ခွာသွားကြပြီး စစ်မှုထမ်းဥပဒေအရ သိမ်းသွင်းခြင်း ခံရမှာကို စိုးရိမ်မှုနဲ့ တိမ်းရှောင်ကြတာကို SSPP/SSA က တားမြစ်တဲ့ အဓိပ္ပာယ်လို့ သတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ရှမ်းပြည်နယ်မှာ ရှိတဲ့ နောက်ရှမ်းလက်နက်ကိုင် တဖွဲ့ဖြစ်တဲ့ RCSS ကတော့ လူငယ်တွေကို ၄င်းတို့လက်နက်ကိုင် တပ်ထဲဝင်ရောက်လာဖို့ ဖိတ်ခေါ်လိုက်တဲ့ ပြောဆိုချက်ရရှိတဲ့ သတင်းမှာလည်း တွေ့ရတာဖြစ်ပါတယ်။ ကေအန်ယူ၊ ကေအိုင်အေနဲ့ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရှိတဲ့နယ်မြေတွေမှာတော့ ရှမ်းပြည်နယ်လို ပြည်ပထွက်ခွာတာကို တားမြစ်တာ၊ စုဆောင်းဖို့ ဖိတ်ခေါ်တာတွေ မကြားသိရသေးပါဘူး။
စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က နောက်ဆက်တွဲ အချက်အလက်တချို့ ထုတ်ပြောလာတာ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းတဲ့ အကြောင်း ထုတ်ပြန်ချက်ကို ဖေဖေါ်ဝါရီ ၁၃ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ဗဟိုအဖွဲ့ကို ကာကွယ်ရေးဝန်ကြီး၊ ကြည်း၊ရေ၊ လေ ညှိကွပ်၊ ပြည်ထဲရေး ဝန်ကြီးတို့ ပါဝင်တဲ့ ဗဟိုအဖွဲ့အနေနဲ့ ဖွဲ့စည်းထားတာ တွေ့ရမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို ပြောရာမှာတော့ ဧပြီလ သင်္ကြန်ပိတ်ရက်တွေအပြီး စတင်ဆင့်ခေါ်တာကို လုပ်မယ်ဆိုတဲ့အချက်၊ အသက်အရွယ်အားဖြင့် အကျုံးဝင်တဲ့သူအားလုံးကို တပြိုင်နက်တည်း ဆင့်ခေါ်တာမျိုးမဟုတ်ဘဲ တသုတ်မှာ အရေအတွက် ၅၀၀၀ ခေါ်မယ်ဆိုပြီး ပြောဆိုထားတာ သတင်းမှာတွေ့ရပါတယ်။ အသက်အရွယ်အရ အကျုံးဝင်သူတွေကို တပြိုင်နက်ထဲ ခေါ်တာမျိုးမဟုတ်ဘဲ အသုတ်လိုက် ခေါ်ယူမယ့် အနေအထားက ဘယ်သူ့ကို ဦးစားပေးခေါ်မယ့် စာရင်းထဲ ထည့်သွင်းမယ် ဘယ်သူတွေကိုတော့ နောက်အသုတ်တွေမှာ ထည့်သွင်းမယ်ဆိုတာမျိုး ဆုံးဖြတ်ခွင့်ရှိမယ့် စစ်မှုထမ်းဆင့်ခေါ်ရေး ကော်မတီတွေရဲ့ လာဘ်စားဖို့ အခွင့်အလမ်းလည်း ဖြစ်စေမှာ ခန့်မှန်းနိုင်ပါတယ်။
အခုလို ပြည်တွင်းစစ်ကာလမှာ စစ်မှုထမ်းဥပဒေ အသက်သွင်းခြင်းဟာ တဖက်က ကြည့်ရင် အကြံကုန်လို့ ဂဠုန်ဆားချက် တဲ့ ဥပမာလို ဖြစ်ပြီး မျှော်လင့်မထားတဲ့ ၊ ထိန်းချုပ်ဖို့ မလွယ်ကူတဲ့ အကျိုးဆက်တွေ အများအပြား ပေါ်ထွက်လာနိုင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီ တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်တာမျိုး တော်လှန်ရေး အင်အားစုတွေ အကျိုးအမြတ်ထွက်စေနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလို နိုင်ငံတနိုင်ငံလုံး စစ်ပွဲတွေ ဖြစ်ပွားနေချိန် စစ်ကောင်စီအနေနဲ့ နောက်ဆုံး နှိပ်လိုက်တဲ့ ခလုပ်က ကိုယ့်ဟာကိုယ် ဒုက္ခပိုများစေမယ့် ခလုပ်လည်း ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar