ကျော်မင်းထွန်း(NEW YORK) - ဗယ်လင်တိုင်းအသစ်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄
ဗယ်လင်တိုင်းနေ့မှာ
ပျော်စရာတွေ ပျော်ကျနေလိုက်တာ
မီးတောင်ထိပ်ကစီးလာတဲ့ ချော်ရည်တွေလို။
များများမူးမှ များများချစ်တတ်တယ်ဆိုလို့
ဗယ်လင်တိုင်းဝိုင်ထဲ ရိုမန်တစ်တွေထည့်
ပုလင်းလိုက် မော့သောက်ပစ်မယ်။
ဒီအရပ်မှာ -
ချစ်သူနဲ့လက်ထပ်ဖို့ လုံ့လစိုက်ရတာ
အသင်္ချေများစွာကြာသတဲ့
ကြက်ဥတလုံး ၃၀၀
နံ့ပြားတချပ် ၅၀၀
ကန်စွန်းရွက်တစည်း ၈၀၀
ဒီခေတ် ဒီစနစ် မြေလှန်ပစ်ဖို့က
ပုဆိုးရေညှစ်သလောက်တော့
မလွယ်ဘူးပေါ့။
အိုကွယ် -
ရည်းစားဘဝ မီးပွားမကျအောင်
အသည်းကြားမှာ အမြဲထားပါမယ်။
လာပါ အချစ်ရယ်
မိုတယ်မှာ ချိန်းတွေ့ရအောင်..
လာပါ အချစ်ရယ်
လက်မထပ်ပဲ အတူနေရအောင်..
အချစ်ခရီးမှာ
စစ်ကြီးဟာ ကိုးရိုးကားရား
အာဏာခါးပိုက်နှိုက်ခံထားရတဲ့
ဒီနိုင်ငံက ဗယ်လင်တိုင်းအချစ်ကို
အဝတ်လျှော်စက်ထဲ ပစ်ထည့်လိုက်တယ်
သစ်သစ်လွင်လွင် ဖြူဖြူစင်စင်လေးများ
ပြန်ဖြစ်လာမလားလို့..။ ။
**(မိုတယ် = Motel )**
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar