လှကျော်ဇော - တရုတ်ရဲ့ မဟာဗျူဟာ ကမ္ဘာ့အမြင် (၃)
လှကျော်ဇော - တရုတ်ရဲ့ မဟာဗျူဟာ ကမ္ဘာ့အမြင် (၃)
(မိုးမခ) ဖေဖော်ဝါရီ ၆ ၊ ၂၀၂၄
ကမ္ဘာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆိုပြုချက် [Global Development Initiative(GDI)]
၁၉၇၈ ခုနှစ်ကစလို့ တရုတ်ပြည်ဟာ တိန့်ရှောင်ပင်ရဲ့ ခေါင်းဆောင်မှုနဲ့ ပြုပြင်ရေးနဲ့ တံခါးဖွင့်ရေး ပေါ်လစီ ကျင့်သုံးခဲ့ပြီး ပြည်တွင်းစီးပွားရေး တိုးတက်ဖို့ အားသွန်ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီကာလက အရင်းရှင်စနစ်ကလည်း နိုင်ငံကျော် ကော်ပိုရေးရှင်းကြီးကနေ (လက်ဝါးကြီးအုပ်) တမ္ဘာလုံးပတ် စီးပွားရှာနေရာမှာ အမြတ်အစွန်း အမြောက်အမြားရနေချိန်၊ ရင်းနှီးမြှုပ်နှံဖို့နေရာသစ်များ ရှာနေချိန်လည်း ဖြစ်နေပါတယ်။
ဒါကို တရုတ်က အခွင့်ကောင်းအဖြစ်--တံခါးဖွင့်ပေါ်လစီ-သုံးပြီး ဆွဲယူလိုက်ပါတယ်။ ဒီလိုနဲ့ တရုတ်ဟာ အရင်းရှင်နိုင်ငံ အများအပြားက အရင်းအနှီးများ လှိမ့်ဝင်လာစေပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေများကို တိုးတက်စေခဲ့ပါတယ်။ တကယ်တော့ ဒီလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရရှိတဲ့ နိုင်ငံတွေ မနည်းမနောပါ။ ဘာဖြစ်လို့ တရုတ်နိုင်ငံက ဒီလောက် တိုးတက်ဖွံ့ဖြိုးသွားရတာလဲ။
တရုတ်နိုင်ငံက ကျင့်သုံးတဲ့ ဆိုရှယ်လစ်-ဈေးကွက်စီးပွားရေးစနစ်ကြောင့်ပါ။
ဒီစနစ် စတင်ကျင့်သုံးစဉ်က တိန့်ရှောင်ပင်က ဒီလိုပြောခဲ့ဖူးပါတယ်။
"ဆိုရှယ်လစ်နိုင်ငံမှာ ကျင့်သုံးတဲ့ စီမံကိန်းကျ စီပွားရေးစနစ်ကို အရင်းရှင် နိုင်ငံကြီးများကလည်း တခါတရံ ကျင့်သုံးကြတာပါပဲ။ သူတို့ရဲ့ အရင်းရှင်ကြီးတွေရဲ့ အကျိုးစီးပွားများကို ကာကွယ်ဖို့ပေါ့။ဒီတော့ တို့များကလည်း တို့ပြည်သူတွေ အကျိုးစီးပွားများအတွက် လိုအပ်တဲ့အချိန်မှာ အရင်းရှင်နိုင်ငံများ ကျင့်သုံးတဲ့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို သုံးရမှာပေါ့။ ဒီတော့ စီမံကိန်းကျစီးပွားရေးစနစ်အောက်မှာ ကျင့်သုံးတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးလို့ ခေါ်ကြတာပေါ့" တဲ့။
ဒီလိုနဲ့ တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်မှုနဲ့ တရုတ်အစိုးရဟာ အရင်းရှင်စနစ်က အားသာချက်တွေကို အသုံးချပြီး ပြည်သူလူထုအများစုကြီးရဲ့ အကျိုးစီးပွားကို ဦးတည်လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ၊ ကမ္ဘာစီးပွားရေးစနစ်ကြီးက ကမ္ဘာမှုပြုလာချိန်မှာတော့ (ကမ္ဘာကုန်သွယ်ရေးအဖွဲ့ (WTO) ထဲ တရုတ်က ၂၀၀၁ မှာ ဝင်ခွင့်ရလိုက်တာလဲပါ) တရုတ်စီးပွားရေးဟာ အံ့မခန်းတိုးတက်လာပါတော့တယ်။
ဒီလိုနဲ့ တရုတ်ဟာ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံကြီး ဖြစ်လာပြီး အရန်ငွေတွေကလည်း အများအပြား စုဆောင်းမိလာပါတယ်။
ဒီတင် မိမိတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ စဉ်းစားပြီး ပထမဆုံး ပိုးလမ်းမ စီမံချက် အဆိုပြုချက်ကို ၂၀၁၃ မှာ တင်သွင်းခဲ့တာပါ။ ဒီလိုနဲ့ တရုတ်ပြည်ဟာ မိမိမှာရှိတဲ့ ငွေရင်းငွေနှီးတွေကို တကမ္ဘာလုံး ပတ်မြှုပ်နှံပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ကြိုးပမ်းခဲ့တယ်။
အခု ၁၀ နှစ် ကြာလာပြီးနောက် အကျိုးအမြတ်တွေ အတော်ရလာတာ တွေ့မြင်လာရပါပြီ။
ဒီအတောအတွင်း ကာလတွေမှာ ပြည်တွင်းမှာလည်း နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ၊ လုံခြုံရေးအရ ဘက်စုံက တိုးတက်တည်ငြိမ်အောင် စွမ်းဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။
၂၀၂၀ မှာတော့ တရုတ်အစိုးရအဆက်ဆက် အလွန်အားထုတ်ကြိုးစားခဲ့တဲ့ တရုတ်ပြည်ရဲ့ ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းကြီး အောင်မြင်သွားပါတော့တယ်။ ဒီတော့ တရုတ်က သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံစံကို တခြားနိုင်ငံများ လေ့လာနိုင်ဖို့၊ မိမိတို့ရဲ့ အောင်သီးအောင်နှံတွေကို မျှဝေပေးနိုင်ဖို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ၂၀၂၁-ကုလသမဂ္ဂရဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံမှာ ရှီကျင့်ပင်က "ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆိုပြုချက် (GDI)"ကို တင်သွင်းလိုက်ပါတယ်။
ကုလသမဂ္ဂက တင်ထားတဲ့ ၂၀၃၀ ပြည့်နှစ်မှာ အကောင်အထည်ဖော်ဆောင်ရမယ့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတက်ရေးရည်မှန်းချက် ၁၇ ချက် (17 Sustainable Development-Goals.17SDG) ကို အရှိန်မြှင့်ဖို့အတွက် ရည်ရွယ်တယ်လို့လည်း ဆိုထားပါတယ်။
တကယ်တော့ ကမ္ဘာမှုပြုမှုဟာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး တဖက်က ရရှိတဲ့ အကျိုးအမြတ်တွေ မယုံနိုင်ဖွယ်များလာတာနဲ့ အမျှ၊ တဖက်ကလည်း ဆင်းရဲ-ချမ်းသာ ကွာခြားမှုက ပိုပိုဆိုးလာပါတယ်။ အရင်းရှင်စနစ်ရဲ့ အားနည်းချက်ဖြစ်တဲ့ ဘဏ္ဍာရေးအကျပ်အတည်းကလည်း မကြာခဏ ကျရောက်လာနေတော့ တချို့နိုင်ငံကြီးများက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး (Protectionism)မူတွေ ချမှတ်လာပါတော့တယ်။
ဒီမှာတင် ၂၀၁၅ လောက်ကစပြီး ဒီကမ္ဘာမှုပြုမှုကို တရုတ်က ဘက်စုံက ကာကွယ်လာရပါတော့တယ်။
တရုတ်အမြင်က ဒီ ကမ္ဘာမှုပြုမှုက ရရှိလာတဲ့ အကျိုးအမြတ်များကို တရားမျှတစွာ ခွဲဝေရင် တကမ္ဘာလုံးက လူတွေ (ရှစ်ဘီလီယံ)အတွက် လုံလောက်နိုင်တယ်။ ဒါကြောင့် ကမ္ဘာကြီးရဲ့ တချို့နိုင်ငံတကာအခင်းအကျင်းတွေကို ပြုပြင်ပြီး ဖွံ့ဖြိုးပြီး(ကမ္ဘာမြောက်ပိုင်း)နိုင်ငံများအနေနဲ့ ဖွံ့ဖြိုးဆဲ(ကမ္ဘာတောင်ပိုင်း)နိုင်ငံများနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကွာခြားချက်(development-gap)ကို သေးကျုံ့သွားအောင် လုပ်ရေးကို တင်ပြတာပါ။ အရင်းရှင် ကမ္ဘာမှုပြုမှုကို တကမ္ဘာလုံးအတွက် အကျိုးရှိစေဖို့ စဉ်းစားဟန်တူပါတယ်။
ဒီအဆိုပြုချက်မှာ --အသေးစိတ် အကြံပြုချက်တွေ ပါပါတယ်။ ၆ ချက်ပါ။
၁။ အဓိကနိုင်ငံကြီးများအနေနဲ့ ကမ္ဘာအကြီးစားစီးပွားရေးမူဝါဒများ ရေးဆွဲရာမှာ ပိုမိုဟန်ချက်ညီတဲ့ ပိုမိုတရားမျှတတဲ့ ထိန်းညှိမှုများ လုပ်ဆောင်ပြီး တကမ္ဘာလုံး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဖို့၊
၂။ လူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီး၊ ဖွံ့ဖြိုးတိုးတက်မှုများက တဆင့်လူထုရဲ့ နေထိုင်မှုဘ၀ ဘက်စုံက တိုးတက်မြှင့်တင်ပေးနိုင်ဖို့၊ လူထုအများစုရဲ့ လူ့အခွင့်အရေးများကို ကာကွယ်ဖို့နဲ့ တိုးတက်စေဖို့ အာမခံချက်ရှိရမယ်။ ဖွံ့ဖြိုးတိုးတက်ရေးဟာ ပြည်သူအတွက်ဖြစ်ရမယ်။ ပြည်သူက ပါဝင်လုပ်ဆောင်ရမှာဖြစ်ပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကိုလည်းပြည်သူလူထုက ခွဲဝေစံစားရဖို့ အာမခံရမှာဖြစ်ပြီး ပြည်သူလူထုတရပ်လုံးကလည်း မိမိတို့ရဲ့ဘက်စုံ-ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းနိုင်ခွင့် ရှိရမယ်။
၃။ နိုင်ငံအားလုံး ပါဝင်ရမှာဖြစ်ပြီး အားလုံးလည်း အကျိုးကျေးဇူးခံစားရဖို့ လို့ပါတယ်။အထူးသဖြင့် အခက်အခဲများရှိတဲ့၊ အားနည်းချည့်နဲ့တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများကို အထူးအကူအညီတွေပေးသင့်ပါတယ်။ နိုင်ငံအချင်းချင်းအကြား ဖြစ်ဖြစ်၊ တနိုင်ငံတွင်းမှာပဲဖြစ်ဖြစ် ဖွံ့ဖြိုးတိုးတက်မှုမညီမညာဖြစ်မှု၊ ကွာခြားမှု စတာ တွေကို ကူညီဖြေရှင်းပေးသင့်ပါတယ်။ (ဥပမာ -ကြွေးမြီတွေ လျှော်ပေးဖို့။)
၄။ တီထွင်ဖန်တီးမှုရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ဖို့ လိုပါတယ်။ နောက်ဆုံး ပေါ်ပေါက်လာတဲ့ ခေတ်မီသိပွံနဲ့နည်းပညာ၊ စက်မှုလက်မှုတော်လှန်ရေးများက ဖန်တီးပေးလိုက်တဲ့ သမိုင်းဝင် အခွင့်ကောင်းများကို အသုံးချပြီး ထုတ်လုပ်ရေးများကို မြှင့်တင်ပြီး ပိုမိုတရားမျှတတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို လုပ်ဆောင်ရပါလိမ့်မယ်။
၅။ လူသားများနဲ့ သဘာဝအကြား သဟဇာတကျတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စေရမယ်။
၆။ အကျိုးအမြတ် ပေါ်လွင်တဲ့လမ်းများ ဖြစ်ရမယ်။ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်တွေကို မျှဝေပြီး ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းများ၊ စားနပ်ရိက္ခာ လုံလောက်ရေးလုပ်ငန်းများ၊ ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ ကာကွယ်ဆေး အလုံအလောက်ရရှိရေးလုပ်ငန်းများ စတာတွေမှာ ဦးစားပေး လုပ်ဆောင်ပေးရမယ်
စတာတွေ ဖြစ်ပါတယ်။
တရုတ်က သူ့ရဲ့လုပ်ဆောင်ချက်များကိုလည်း ဖော်ပြထားပါတယ်။
တရုတ်အနေနဲ့ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများအကြား လုပ်ငန်းများ လုပ်ဆောင်ရန် ရန်ပုံငွေအဖြစ် အမေရိကန် ဒေါ်လာ ၄ ဘီလီယံနဲ့ မတည်ထားပြီး စီမံကိန်းပေါင်း ၂၀၀ ကျော် လုပ်ဆောင်နေတာ ရရှိချက်တွေ အတော်ကောင်းမွန်ကြောင်းနဲ့ နိုင်ငံပေါင်း ၇၀ ကျော်ကလည်း ကုလသမဂွနဲ့အတူ တရုတ် ပူးပေါင်းတည်ထောင်ထားတဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆိုပြုချက်အတွက် ကမ္ဘာမိတ်ဆွေနိုင်ငံများ စာရင်းထဲ ပါဝင်ထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။
တရုတ်အနေနဲ့ တံခါးဖွင့်မူဝါဒကို ဆက်လက်ကိုင်စွဲထားမှာ ဖြစ်ပြီး အခုအခါမှာလည်း တရုတ်နိုင်ငံဟာ နိုင်ငံပေါင်း ၁၄၀ ကျော်ရဲ့ အဓိကနဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်နေပါပြီ။
ဒါ့အပြင် အခုအခါ ကမ္ဘာအကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်ခွင့်ဒေသကြီး ဖြစ်တဲ့ (RCEP) အာစီယံ ၁၀ နိုင်ငံနဲ့ တောင်ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ သြစတြေးလျ၊ နယူးဇီလန် စုစုပေါင်း ၁၅ နိုင်ငံပါဝင်တဲ့ ဈေးကွက်ကြီးနဲ့ ထောက်ပံ့ရေးကွင်းဆက်ကြီး(supply-chain)ကိုလည်း ဖွဲ့စည်းတည်ဆောက်ပြီး အရှိန်ကောင်းကောင်းနဲ့ လည်ပတ်နေတာ နှစ်နှစ်ကျော်ပါပြီ။ ဒါက ကိုဗစ်အလွန်အာရှ စီးပွားရေးနာလန်ပြန်ထူရေးအတွက် အတော်အထောက်အကူဖြစ်ခဲ့တာပါ။
စတာတွေ အများကြီး တင်ပြထားပါတယ်။
ဒါတွေကို တရုတ်က သူတို့နိုင်ငံအနေနဲ့ ကမ္ဘာကြီးအပေါ် ကောင်းမှုပြုချက်များ(Global good)လို့ ပြောဆိုထားပါတယ်။
ဒါတွေကတော့ တရုတ်ရဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆိုပြုချက် အကြောင်း အကျဉ်းဖော်ပြလိုက်တာပါ။
လှကျော်ဇော
၅-၂-၂၀၂၄။
ကိုးကား - P020230511396286957196.pdf (mfa.gov.cn)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar