Breaking News

ရဲဘော်တေး - အသံတိတ်ဗုံး တအုံးအုံး


ရဲဘော်တေး - အသံတိတ်ဗုံး တအုံးအုံး

(မိုးမခ) ဖေဖော်ဝါရီ ၂ ၊ ၂၀၂၄


လေဆာငနဲက မျက်လုံးက ကျဉ်းတလုံး ကျယ်တလုံး၊ တောင်တလုံး မြောက်တလုံး၊ ရှေ့တလုံးနောက်တလုံးရယ်။ အဲလိုဆိုလို့ ခြောက်လုံး ပါတယ် မှတ်မနေနဲ့။ သူများလို နှစ်လုံးဘဲ။ တလုံးနဲ့ တလုံး မတူတာ။ တလုံးကျဉ်း တလုံးကျယ်။ တလုံးက ရှေ့ကြည့်ရင် နောက်တလုံးက နောက်မျက်စောင်း လှမ်းထိုးထားသလို ဖြစ်နေတာ။ တလုံးက မြောက်ကြည့်ရင် တလုံးက တောင်ဘက်ရွယ်ထားပြီးသား။ တလုံးက ခိုးနေရင် တလုံးက ရိုးဟန်။ သက်တမ်းတိုးတဲ့နေ့ဆို ပိုသိသာတယ်။ တလုံးကြုံ့တလုံးချဲ့၊ ခွေးပါးစပ်နဲ့ နတ်စကားဆင်ရတော့မှာကိုး။ မုသာဝါဒနဲ့ မုဒိမ်းစပ်ကျထားတဲ့ စကားတွေ ပြောတော့မယ်ဆို သိသိသာသာ ဖြစ်လာတော့တာဘဲ။

အဲဒါကြောင့် စကားပြောရင် နှစ်ဘက် တပြိုင်နက်ပါတာ။ ကိုယ်က အာဏာသိမ်းပြီး သူများတော့ လက်နက်ကိုင်တိုက်လို့ မရဘူးတို့၊ ဥပဒေနဲ့မညီဘူးတို့ ဘာတို့ပေါ့လေ။ ရွေးကောက်ပွဲနိုင်လို့ လွှတ်တော် ခေါ်နေတာ ဝင်ဖျက်ပြီး ရွေးကောက်ပွဲလုပ်ပေးမှာတို့၊ လွှတ်တော်က ဆုံးဖြတ်ရမှာတို့။  တပြည်လုံး မဲဝိုင်းထည့်တဲ့ ပါတီကို မဲလိမ် မဲခိုးတာတို့။ အဲလို ဖင်နဲ့ခေါင်းလဲ စောင်းရွဲနေတာမျိုး။ ရွာမီးတိုက်ပြီး ကိုယ့်အပူလောင်လာတော့မှ ရေစေတီတည်တာမျိုး။ ခြောက်လတခါ ကီမိုသွင်းသွင်းပေးရတဲ့ လေဆာဆိုတဲ့ သေနာက အဲလိုကောင်။

ဒီရက်ပိုင်း ကပ်တိုက်ချက်ကလဲ လက်ကုန်။ ဘယ်သူကမှ မပစ်ချဘဲ လေယဉ်က သူ့ဘာသာ ခါးကျိုးပေးရတာမျိုး။ ငှက်မျိုးတုံးကိုန်းဆိုက်ပုံများပြောပါတယ်။ နာမ့်ဖတ်ကာမှာ လေယဉ်မှူးအသား ခွေးစားခံရပြီး အရိုးကုန်းကိုင်း နံကရိုင်းဖြစ်ပြီဆိုတော့ လေဘဲတွေအတွက် လုံးဝနိမိတ်မကောင်းတော့ဘူး၊ ဆိုးဆိုးဝါးဝါးကျဆုံးခန်းတွေလာတော့မယ်ဆိုပြီး လေယဉ်မှူးတွေလဲ သွေးပျက် ချွေးထွက်နေကြချိန် ကရင်အာကာ အဇဋာကောင်းကင်မှာ ပြောင်းတင်ခံရလို့ ပုဇင်းဒရိုက်ဘာ စနိုက်ပါမိပြီး တကယ့်အမြင့်ကြီးက ပြုတ်ကျ၊ ဗိုလ်မှူးချုပ်အသစ်ကလေးရော ပုဇင်းရောမွစာကြေလို့။ တိုက်ပေါ်က ခုန်ချသေရတဲ့ သူရဲကောင်းလေးတွေကို မြင်ယောင်လာတယ်။ တလေပြီးတလေ၊ တသေပြီး တသေ လာပြီ။

စခန်းအလှူ ဂန်းအလှူကလည်း ကြမ်းချက်။ AAက တစခန်းရတိုင်း တ မတိုးတော့ နှစ်ဆတိုးကျုံးရော။ အင်း မသာမြင်တိုင်း၊ အဲလေ အသုဘရှုရတိုင်းသာ တရားရမယ်ဆိုလို့ကတော့ ပွဲပြီးရင် ရဲဘော်အကုန် ရဟန္တာဖြစ်ကြမလား မသိ။ မဘသ ဆရာတော်တွေကတော့ ဓမ္မ အဓမ္မမသိလောက်အောင် မောဟမီးလောင်နေတော့ ငရဲမှာ ဝါဆက်ကပ်ကြပေါ့။

ဟောကြည့်၊ အသံတိတ် ဆိုတာနဲ့ တပြည်လုံး အပ်ကျသံ မကြားရလောက်အောင် ခါးသီးချက်ကြီးနော်။ နေ့ခင်းကြောင်တောင်ကြီး မြေကြီးက တခုခု ကွဲအက်လာမလား ကြောက်အားနဲ့ ချောက်ချား၊ လမ်းပေါ် ခြေရဲရဲ မချရဲတဲ့ စစ်သား ရဲသားတွေ ကားလေးတွေပေါ် မျက်နှာလေးတွေက ဇီးရွက်လောက်။ တာဝန်ဆိုလို့သာ ဝန်ရတာ၊ အဲဒီကောင်တွေသာ လျှောက်သွားခိုင်းတာ၊ လေဆာနဲ့ အပေါင်းအပါ ဗိုလ်ချုပ်ကြီးတွေက ဒီနေ့မျိုးဆို သူ့ဘုရား မာရဝိဇယတောင် တက်မဖူးရဲ။ အင်းလေ သူလည်း ဒေဝဒတ် မြေမျိုတယ် ဆိုတာကြီး ခဏခဏ ကြားဖူးနေတာပဲ မဟုတ်လား။ ကျောက်ဖျာကြီး ကွဲထွက်လာရင်လာ၊ မဟုတ်လည်း ဒေါ့ဗုံးတွေက ခွေး မရွေးဘူးလေ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar