Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၂

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၂

(မိုးမခ) ဖေဖော်ဝါရီ ၁ ၊ ၂၀၂၄


ခြွင်ချိုး သမိုင်းမှတ်တမ်း

ဘီစီ ၇၇၁ ခုနှစ်မှာ ကျို့နန်းတော်ကို အနောက်ဘက်ကနေ အရှေ့ဘက်ဒေသဆီ ရွှေ့ပြောင်းလာခြင်းနဲ့အတူ အရှေ့ဘက်ကျို့ခေတ် စတင်ပါတယ်။ အရှေ့ဘက်ကျို့ခေတ်ကို နှစ်ပိုင်းပြန်ခွဲပြီး လေ့လာကြရမှာပါ။ ပထမအပိုင်းကတော့ ခြွင်ချိုး(春秋; Chūnqiū)လို့ခေါ်တဲ့ နွေဦးဆောင်းဦးကာလ (Spring and Autumn Period) ဖြစ်ပြီး၊ ဘီစီ ၇၇၁ ကနေ ဘီစီ ၄၇၆ အကြား ကာလဖြစ်ပါတယ်။ 

အဲဒီကာလအပိုင်းအခြားထဲက ကျို့ခေတ်ရဲ့ သမိုင်းကို ကျို့အင်ပါယာ လက်အောက်ခံ လူ (Lu) နိုင်ငံက မှတ်တမ်းတင်ထားတဲ့ ခြွင်ချိုး ရာဇဝင်မှတ်တမ်း (Spring and Autumn Annals) ကို အစွဲပြုပြီး အဲဒီကာလကို နွေဦးဆောင်းဦးကာလ လို့ အမည်မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ ခြွင်ချိုး ရာဇဝင်မှတ်တမ်းထဲဟာ ဘီစီ ၇၇၂ ကနေ ဘီစီ ၄၈၁ အထိ နှစ်ပေါင်း ၂၄၁ ရှည်ကြာတဲ့ သမိုင်းကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ခြွင်ချိုး ရာဇဝင်မှတ်တမ်း အကြောင်း နည်းနည်းလောက် လေ့လာကြည့်ရအောင်ပါ။ 

သမိုင်းကို လေ့လာရာမှာ Annals တွေဟာလည်း အရေးကြီးတဲ့ သမိုင်းမှတ်တမ်းအမျိုးအစား တစ်မျိုး ဖြစ်ပါတယ်။ အဲဒီ Annals တွေဟာ ဖြစ်စဉ်ဖြစ်ရပ်တွေကို ဖြစ်ပွားတဲ့နှစ်အလိုက် အစီအစဉ်တကျ မှတ်တမ်းတင်ထားတဲ့ သမိုင်းမှတ်တမ်းအမျိုးအစား ဖြစ်ပါတယ်။ ဆိုလိုတာက Annals တွေဟာ ဖြစ်ပျက်သွားပြီးသား အတိတ်သမိုင်းတွေကို ပြန်လည်သုတေသနပြုလုပ်ပြီး သမိုင်းကျမ်းတစ်စောင်အဖြစ် ရေးသားပြုစုထားတာမျိုး မဟုတ်ဘဲ၊ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ အချိန်ကာလမှာပဲ နေ့စဉ်မှတ်တမ်းရေးထိုးသလို မှတ်တမ်းတင်ထားတဲ့ ကျမ်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် တခါတရံမှာ Annals တွေကို historical records လို့လည်း ခေါ်ဆိုလေ့ ရှိပါတယ်။ Annals တွေဟာ ဖြစ်စဉ်ဖြစ်ရပ်တွေကိုသာ မှတ်တမ်းအဖြစ် ရေးထိုးထားပြီး ကောက်ချက်တွေ၊ အဖြစ်အပျက်တွေကို ချိတ်ဆက်ပြီး သုံးသပ်ပြတာတွေ၊ ရှင်းပြတာတွေ မပါပါဘူး။ ထို့အတူ သမိုင်းသင်ခန်းစာတွေ ထုတ်နှုတ်ပြတာမျိုးလည်း မရှိပါဘူး။ ဘယ်နှစ်ခုနှစ်မှာ ဘာဖြစ်သွားတယ် ဆိုတာကိုသာ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ Annals တွေဟာ ခရော်နီကယ် (Chronicles) ဆိုတဲ့ သမိုင်းမှတ်တမ်းအမျိုးအစားနဲ့ မတူတာကို တွေ့ရှိရမှာပါ။ ခရော်နီကယ်တွေကတော့ အကြောင်းအရာခေါင်းစဉ် တစ်ခုချင်းစီအလိုက် အဖြစ်အပျက်တွေကို ခြုံငုံပြီး ဇာတ်ကြောင်းပြောတဲ့ အနေနဲ့ မှတ်တမ်းရေးထိုးထားတတ်ကြပါတယ်။ ကာလတစ်ခုချင်းစီအလိုက်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို လိုအပ်ရင် နှိုင်းယှဉ်ဖော်ပြလေ့ရှိတာ၊ ဆက်စပ်ပြတာတွေ ရှိတတ်ပါတယ်။ 

ဘီစီ ၆ ရာစု ဝန်းကျင်မှာ ရေးထိုးတဲ့ မှတ်တမ်းဖြစ်တဲ့ ခြွင်ချိုးကတော့ Annals တစ်စောင် ဖြစ်ပါတယ်။ အဲဒီခေတ်ကာလတုန်းက ခြွင်ချိုး ဆိုတဲ့စကားလုံးကို "နှစ် (year)” ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးစွဲခဲ့ကြတယ်လို့ ဆိုပါတယ်။ နှစ်အလိုက် ရေးထိုးထားတဲ့ သမိုင်းမှတ်တမ်းမို့ "နှစ်စဉ်မှတ်တမ်း" ရယ်လို့ ဆိုလိုခဲ့ပုံရပါတယ်။ နှောင်းလူတွေကတော့ ခြွင်ချိုးမှတ်တမ်းကို နွေဦးဆောင်းဦးကာလမှတ်တမ်း (Spring and Autumn Annals) လို့ပဲ ခေါ်ဆိုခဲ့ကြပါတယ်။ 

ခြွင်ချိုးထဲမှာ ထီးနန်းဆက်ခံမှုတွေ၊ နန်းတော်ထဲက လက်ထပ်ထိမ်းမြားမှုတွေ၊ မွေးဖွားမှု၊ သေဆုံးမှုတွေ၊ အုပ်စိုးသူတွေ၊ စစ်ပွဲတွေ၊ သဘာဝ‌ဘေးအန္တရာယ်တွေ၊ နက္ခတ်ဂြိုဟ်ခွင်အပြောင်းအလဲတွေနဲ့ ထူးခြားဖြစ်စဉ်တွေကို အစဉ်လိုက် မှတ်တမ်းတင်ထားတယ်လို့ သိရပါတယ်။ 

မှတ်တမ်းတစ်ခါရေးသွင်းရင် စာလုံးရေ ပျမ်းမျှအားဖြင့် ၁၀ လုံးအထိ ပါဝင်တတ်တယ်လို့ ဆိုပါတယ်။ စာလုံး ၁ လုံးတည်းနဲ့ မှတ်တမ်းတင်ထားတာမျိုးရှိသလို၊ အများဆုံးအနေနဲ့တော့ စာလုံးရေ ၄၇ လုံးအထိ ပါဝင်တာကိုလည်း တွေ့ရတယ်လို့ သိရပါတယ်။ 

တကယ်တော့ အဲဒီကာလမှာ ခြွင်ချိုး တစ်ခုပဲ မှတ်တမ်းအဖြစ် ရေးထိုးခဲ့ကြတာတော့ မဟုတ်ပါဘူး။ အခြားသော နိုင်ငံတွေကလည်း သူ့နိုင်ငံနဲ့သူ မှတ်တမ်းတွေ ရေးသားခဲ့ကြတာပါပဲ။ ဒါပေမယ့် ခြွင်ချိုးကတော့ ခုချိန်ထိ နာမည်ကြီးပြီး၊ အထောက်အထားခိုင်မာတဲ့ သမိုင်းမှတ်တမ်းတစ်စောင်အဖြစ် အသိအမှတ်ပြုခံထားရပါတယ်။

အကြောင်းကတော့ ကွန်ဖြူးရှပ် နဲ့ ဆက်စပ်နေလို့ ဖြစ်နိုင်ပါတယ်။ ကွန်ဖြူးရှပ် ပေါ်ထွန်းခဲ့တဲ့ ခေတ်ကာလက မှတ်တမ်းဖြစ်နေတာရယ်၊ ကွန်ဖြူးရှပ် အသက်ရှင်နေထိုင်ခဲ့ရာ လူ နိုင်ငံက ရေးထိုးတဲ့ မှတ်တမ်းဖြစ်နေတာရယ် ကြောင့် ခြွင်ချိုး ကို ကွန်ဖြူးရှပ်နဲ့ တွဲပြီး လူသိများတာဖြစ်နိုင်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့အထိ သုတေသနတွေ့ရှိမှုတွေအရ တရုတ်သမိုင်းမှာ Annals ပုံစံနဲ့ မှတ်တမ်းတင်ထားတဲ့ အစောဆုံးသမိုင်းမှတ်တမ်းတစ်စောင်အဖြစ် ခြွင်ချိုး ကို အသိအမှတ်ပြုထားရဆဲ ဖြစ်ပါတယ်။ ဒါကလည်း ခြွင်ချိုး ကို လူသိများရတဲ့ အကြောင်းအရင်းတစ်ရပ် ဖြစ်နိုင်ပါတယ်။ 

ခြွင်ချိုး ဟာ တရုတ်ဂန္ထဝင်မှတ်တမ်း (Chinese Classics) တွေထဲမှာ အရေးပါတဲ့ သမိုင်းမှတ်တမ်းတစ်ခုလည်း ဖြစ်ပါတယ်။ 

ရှ၊ ရှန်း၊ ကျို့ ခေတ်တွေဟာ အင်ပါယာတွေအဖြစ် တွေ့ရပေမယ့် တကယ်တော့ ခေတ်သစ်တရုတ်ပြည်ကြီးကို ပုံဖော်နိုင်ခြင်း မရှိသေးပါဘူး။ ကျို့ခေတ်လွန်ပြီး ချင်မင်းဆက် (Qin dynasty) ခေတ်ကို ရောက်မှသာ တရုတ်အင်ပါယာကြီး ကို ပထမဆုံးအကြိမ်အဖြစ် စတင်တည်ထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ပထမဆုံး တရုတ်အင်ပါယာကြီးကို မတည်ထောင်နိုင်မီကာလ ရှ၊ ရှန်း၊ ကျို့ ခေတ်တွေမှာ ပေါ်ထွက်ခဲ့ပြီး ဩဇာကြီးမားတဲ့ သမိုင်းမှတ်တမ်းကြီးတွေ၊ စာပေတွေကို စုစည်းပြီး Chinese Classics လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ခြွင်ချိုးဟာ အဲဒီထဲက တစ်ခု အပါအဝင်ပါ။

ခြွင်ချိုး ဟာ ကျို့ခေတ်ထဲက အရေးကြီးတဲ့ အနှစ် ၂၅၀ ဝန်းကျင်စာ ခေတ်ကာလအတွင်း ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုတာကို ၂၁ ရာစုလူသားတွေ လေ့လာနိုင်ဖို့ အလွန်အသုံးဝင်တဲ့ အထောက်အထားဖြစ်ပါတယ်။ ခြွင်ချိုးက တရုတ်သမိုင်းရဲ့ နွေဦးဆောင်းဦးကာလ အကြောင်း ဘာတွေပြောပြထားသလဲ ဆက်လက်လေ့လာတင်ပြပါဦးမယ်။ 

~~~~~~~~~~~~~~~~~~~~~

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀ 👉https://www.moemaka.com/2024/01/blog-post_162.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁ 👉https://www.moemaka.com/2024/01/blog-post_872.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂ 👉https://www.moemaka.com/2024/01/blog-post_8245.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၃ 👉https://www.moemaka.com/2024/01/blog-post_308.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၄ 👉https://www.moemaka.com/2024/01/blog-post_799.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၅ 👉https://www.moemaka.com/2024/01/blog-post_399.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၆ 👉https://www.moemaka.com/2024/01/blog-post_234.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၇ 👉https://www.moemaka.com/2024/01/blog-post_1968.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၈ 👉https://www.moemaka.com/2024/01/blog-post_153.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၉ 👉https://www.moemaka.com/2024/01/blog-post_665.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၀ 👉https://www.moemaka.com/2024/01/blog-post_793.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၁ 👉https://www.moemaka.com/2024/01/blog-post_608.html



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar