Breaking News

ဆု ဘိုး မိ - " မီးသင့်ကျောက်များ "

 " မီးသင့်ကျောက်များ "
 ဆု ဘိုး မိ
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄
..
..
ခေတ်ကိုခတ်ချလိုက်တဲ့အခါ
မီးတောက်ဟာ ရဲခနဲပဲ ။

ကောင်းကင်နှစ်ခုစာအလွဲတွေကြားမှာ
သရေ အရှုံး ဟာလောင်းကြေးပေါ့ ။

ပေါက်ကောင်ကိုဖွင့်မယ်ဆို
လက်ကိုရှောင်ကြရစမြဲမဟုတ်လား ...။

စေ့ထားတဲ့ နှုတ်ခမ်းတွေကြားမှာ
ပိပိရိရိ မီးညှိထားကြတဲ့
နှလုံးသား တွေ ရှိတယ် ။

သေသေသပ်သပ် ခေါက်သိမ်းထားရတဲ့
ပါဖောမင့်စကားတွေရှိတယ် ။

ခိုင်ခိုင်မာမာ တိတ်ဆိတ်ထားဖြစ်တဲ့
သံမဏိတံတားတွေ ရှိတယ် ။

တရွေ့ရွေ့လှမ်းလျှောက်နေရတဲ့
အဘိုးအိုတစ်ယောက်ရဲ့ 
ဖလံထည် အကွက်ကျဲကျဲကြီးထဲမှာ ..

ထွက်ပေါက်ကို ဂစ်တာလိုခေါက်ပြီး
ဦးနှောက်မှာတက်တူး‌‌ထိုးထားတဲ့ 
လူငယ်တွေရဲ့ အတွေးအံဝှက်ထဲမှာ ..

လေးထောင့် ဖလင်ပြားပေါ်မှာ
ဆော့ကစားနေရတဲ့ ကလေး‌လေးတွေရဲ့
မသိစိတ် အရိပ်တစ်ခုထဲမှာ .. 

တံခါးတွေ အလုံပိတ်ထားရတဲ့
မီးဖိုချောင်ထဲက မိန်းမသားတစ်ယောက်ရဲ့  
ဓားသွေးသံ‌အောက်မှာ ..

တစ်ဝမ်းတစ်ခါး ခရီးသွားနေရတဲ့
လင်သားတစ်ယောက်ရဲ့ 
ဖက်ကြမ်းတစ်လိပ်ထဲမှာ ..
..
..
.. 
မြစ်တွေဟာ 
ကိုယ့်ကိုကိုယ်လှော်ခတ်ရင်း
ပင်လယ်ဆီ ...။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar