Breaking News

လာမယ့် နှစ်ကာလတွေမှာ မြန်မာနိုင်ငံရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၂ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄

လာမယ့် နှစ်ကာလတွေမှာ မြန်မာနိုင်ငံရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နဂိုက ရှိပြီးဖြစ်တဲ့ လက်နက်ကိုင် အဖွဲ့တွေအပြင် စစ်အာ ဏာသိမ်းပြီး လအနည်းငယ်အကြာမှာ စတင်ဖွဲ့စည်းလာကြတဲ့လက်နက်ကိုင်အဖွဲ့တွေက အာဏာ သိမ်းခဲ့တဲ့စစ်တပ်ကို ဘုံရန်သူသဘောထားပြီးတိုက်ခိုက်ကြတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ တနည်းအားဖြင့် ပြည်တွင်းစစ်မီး ဟာ ၁၀၂၇ စစ်ဆင်ရေး လို့အမည်ပေးထားတဲ့ ၂၀၂၃ ခုနှစ် အောက် တိုဘာ ၂၇ ရက် အချိန်ကာလအမှတ်အသားရဲ့ နောက်ပိုင်း နောက်ထပ်တဆင့်ကိုရောက်ရှိလာပြီဆိုတာ စစ်ရဲ့ ပြင်းထန်မှု၊ ရလဒ်၊ အကျိုးဆက်၊ ရှိသမျှ ငွေကြေးနဲ့ စစ်သားအင်အား အရင်းအမြစ်တွေ အကုန်ထုတ်သုံးလာကြတာကို ကြည့်ပြီး ကောက်ချက်ချလို့ ရနိုင်မယ်ထင်ပါတယ်။ 

အဲဒီမတိုင်ခင်က နယ်မြေသိမ်းယူမှုတွေက ထင်ထင်ရှားရှားရလဒ်အနေနဲ့ မရှိခဲ့ရာက ၁၀၂၇ နောက် ပိုင်းမှာတော့ မြို့တွေ၊ နယ်မြေတွေ၊ စစ်ရေးအရ အရေးပါတယ်လို့ ယူဆကြတဲ့ ခြေကုတ်စစ်စခန်းတွေကိုရရှိလာတဲ့ အကျိုးရလဒ်၊ လက်နက်ကိုင်အဖွဲ့တွေက လက်နက်နဲ့ လူအင်အားအရင်းအမြစ်တွေ အစွမ်းကုန်ထုတ်သုံးကြပြီး နယ်မြေတွေများများ စိုးမိုးထိန်းချုပ်နိုင်ဖို့လုပ်ဆောင်လာကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်အနေနဲ့လည်း ၄င်းမှာရှိသမျှ လူအင်အား၊ လက်နက်အင်အား၊ ငွေကြေးအင်အားတွေထုတ်သုံးနေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်းများစွာအသုံးပြုပြီး ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ သို့ပေမယ့် ၁၀၂၇ စတင်ပြီး ၂ လခွဲနီးပါးအတွင်းမှာ အာဏာသိမ်းစစ်တပ်အနေနဲ့ နယ်မြေအများအပြားနဲ့ မြို့တဒါဇင်ကျော်ကို လက်လွှတ်ဆုံးရှုံးခဲ့ရသလို ဗိုလ်မှူးချုပ်အဆင့် တပ်မှူးတွေသေဆုံးတာ၊ လက်နက်ချတာ၊ စစ်ခုံရုံးနဲ့ သေဒဏ်အထိ အပြစ်ပေးတာတွေအထိလုပ်ဆောင်ရလောက်အောင် ၄င်းရဲ့ စစ်တပ်အတွင်း အကျပ် အတည်းနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ လူနဲ့ လက်နက် တိုက်ခိုက်နိုင်အားက မျှော်လင့်မထားတဲ့ အတိုင်းအတာအထိ ရောက်ရှိခဲ့ကြတာလည်း တွေ့ရမှာဖြစ်ပြီး ဒီလို လက်နက်၊ ငွေကြေးအင်အားနဲ့ တိုက်ခိုက်နိုင်ဖို့ ပြည်ပက အစိုးရတွေ အကူအညီအထောက်အပံ့ပါနိုင်သလားလို့တောင် သံသယရှိစေတဲ့ အခြေအနေမျိုး ရောက်ခဲ့တာပါ။ တနည်းပြောရရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ အကျိုးစီးပွား ဆက်နွှယ်နေတဲ့ နိုင်ငံတခုခုက ငွေကြေး၊ လက်နက် အထောက်အပံ့ပေးတာမျိုး ရှိခဲ့သလားဆိုတဲ့ တွေးဆမှု၊ သံသယတွေလည်း ပေါ်ထွက်ခဲ့တဲ့ သဘောဖြစ်ပါတယ်။ 

မြောက်ပိုင်း ၃ ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းမှုအရ ဇန်နဝါရီ ၁၁-၁၂ ဆွေးနွေးပွဲအပြီး ယာယီအပစ်ရပ်စေခဲ့ပြီး အဲဒီသဘောတူညီချက်မှာ အကျုံးမဝင်တဲ့ လက်နက် ကိုင်အဖွဲ့နဲ့ ဒေသတွေမှာတော့ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ AA လို့ခေါ်တဲ့ ရခိုင့်တပ်တော်က ရှမ်းမြောက်မှာ အပစ်ရပ်ထားပေမယ့် ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလကစပြီး ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ပွားပြီး မြို့နဲ့ စစ်စခန်းအများအပြားကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

အလားတူ ရှမ်းမြောက်မှာ လှုပ်ရှားမှုရှိနေတဲ့ KIA အဖွဲ့အနေနဲ့လည်း နမ့်ဖတ်ကာ၊ နမ့်ခမ်းနဲ့ ကပ်လျှက်တည်ရှိတဲ့ မန်းဝိန်းကြီးအနီး မံစီမြို့နယ်ထဲက စစ်စခန်းတွေ အများအပြားကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ ကေအိုင်အေ အနေနဲ့ မံစီ၊ ဖားကန့် မြို့နယ်တွေမှာ လတ်တလော တိုက်ခိုက်မှုတွေ၊ စခန်းနဲ့ နယ်မြို့အချို့ သိမ်းယူထားတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေကိုလေ့လာအကဲခတ်ပြီး နောင်လာမယ့် ၆ လ သို့မဟုတ် နောက် ၁ နှစ်မှာ အခြေ အနေဘယ်လို ဖြစ်မလဲ ဆိုတဲ့ မေးခွန်းနဲ့ မှန်းဆချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ လာမယ့် ၆ လ သို့မဟုတ် ၁ နှစ်မှာ စစ်ရေးနဲ့ နိုင်ငံရေးချိန်ခွင်လျှာ ဘယ်လိုပြောင်းလဲသွားနိုင်သလဲ၊ နိုင်ငံရေး စစ်ရေးအာဏာတွေ စုစည်းလာမလား သို့မဟုတ် ပိုပြီးပြန့်ထွက်သွားမလား ဆိုတာတွေလည်း မှန်းဆကြည့်ကြရမယ့်အနေအထားဖြစ်ပါတယ်။ အဖွဲ့အစည်းတခုခုအနေနဲ့ စစ်ရေး နိုင်ငံရေးအင်အား တနည်းပါဝါလျော့ကျသွားတဲ့နေရာတွေကို အနီးစပ်ဆုံးအဖွဲ့အစည်း၊ အထက်ကအဖွဲ့အစည်းကို အနိုင်ယူလိုက်တဲ့အဖွဲ့အစည်းက အစားထိုးနေရာဝင်ယူလေ့ရှိပြီး အချို့သောအခြေအနေတွေမှာတော့ ကြိုတင်သဘောတူညီချက်၊ ညှိနှိုင်းထားချက်တွေအရ တဖွဲ့ဖွဲ့နဲ့ ပူးတွဲသော်လည်းကောင်း လက်လွှဲပြောင်းပေးတာ သော်လည်းကောင်း ရှိကြတာတွေ့ရမှာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ်အချို့သောမြို့ငယ်တွေကို လက်လွှတ်လိုက်ရတဲ့နောက်မှာ အဲဒီဒေသတွေမှာ စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်အနိုင်ယူခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေက အစားထိုးဝင်ရောက်နေရာယူ အုပ်ချုပ်ကြပြီး ဟိုပန်နဲ့ ပန်လုံလိုမြို့တွေက ခြွင်းချက်အဖြစ်နဲ့ လက်နက်ကိုင်တိုက်ခိုက်မှုမှာ တရားဝင်ပါဝင်ခြင်းမရှိတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့လို လက်ထဲလွှဲပြောင်းခဲ့တာတွေ့ရပါတယ်။ 

နောက် ၆ လမှာ စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေ နောက်ထပ် ဘယ်လောက်လက်လွှတ်ဆုံးရှုံးနိုင်သလဲ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေအနေနဲ့ နောက်ထပ် နယ်မြေဘယ် လောက်ကို ထပ်မံသိမ်းယူနိုင်မလဲ၊ စစ်ကောင်စီရဲ့ တပ်တွေက ပြိုကွဲမလား၊ သို့မဟုတ် ဗမာတွေ အများစုနေထိုင်တဲ့ဒေသတွေဆီ ပြန်အင်အားစုပြီး ခုခံကာကွယ်မလား၊ တိုင်းရင်းသား နယ်မြေတွေ တိုက်ခိုက်သိမ်းယူမှုတွေမှာ ပြဿနာ သို့မဟုတ် အငြင်းပွားမှု၊ မကျေနပ်မှုတွေ ပေါ်ထွက်နိုင်တဲ့အနေအထားကိုဖြေရှင်းဖို့ အများသဘောတူတဲ့အခြေခံမူတွေရှိထားကြပြီလား၊ မရှိထားခဲ့ရင် ဘုံရန်သူအင်အားနည်းလာချိန် ရင်းနှီးတဲ့ မဟာမိတ်၊ သိပ်မရင်းနှီးတဲ့မဟာမိတ်လို့ ယူဆထားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား အကျိုးစီးပွား ဆန့်ကျင်ဘက်ဖြစ်မှုတွေက ပေါ်လွင်ထင်ရှားပြီး ရှေ့ကိုရောက်လာတဲ့ပြဿနာမျိုး ဖြစ်လာမလားဆိုတဲ့ ဖြစ်နိုင်ခြေတွေလည်း မှန်းဆထားရမယ့် အခြေ အနေမျိုး ဖြစ်ပါတယ်။ 

အခု လတ်တလောမှာတော့ စစ်ကောင်စီနဲ့အပစ်ရပ်ထိုးတာတဲ့ လက်နက်ကိုင်အဖွဲ့တွေရော မထိုးထားတဲ့အဖွဲ့တွေကိုယ်တိုင်က ၁၀၂၇ နောက်ပိုင်းမှာ သူတို့ခြေကုပ်ယူထားတဲ့ နယ်မြေတွေမှာ သူတို့ကိုယ်ကို သူတို့ကာကွယ်နိုင်ဖို့ ပြင်ဆင်ကြတာ၊ ဒေသခံတွေကို အသိပေးထုတ်ပြန်ချက်တွေ ကြေ ညာကြတာ၊ နွေဦးတော်လှန်ရေးနဲ့အတူ ရပ်တည်လှုပ်ရှားနေတဲ့ NUG အင်အားတွေအပြင် မဟာ မိတ်တွေ၊ local PDF လို အင်အားစုတွေနဲ့ပါ ထိတွေ့ဆက်ဆံရေးတွေ တိုးမြှင့်လာကြတာကို တွေ့နိုင်ပါတယ်။

အခြားဖြစ်နိုင်ခြေကတော့ နောက် ၆ လ သို့မဟုတ် ၁ နှစ် အကြာမှာ အာဏာသိမ်းစစ်တပ်က ပြိုလဲပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေက မိမိတို့တိုက်ခိုက်သိမ်းယူနိုင်တဲ့ နယ် မြေတွေမှာ မိမိတို့အုပ်ချုပ်ရေးနဲ့ မိမိတို့ အုပ်ချုပ်ကြတဲ့အနေအထားမျိုး ဖြစ်ပါတယ်။ တနိုင်ငံလုံး ပြန်လည်စုစည်းတာ၊ ဖက်ဒရယ် သို့မဟုတ် ကွန်ဖက်ဒရေးရှင်းစနစ်နဲ့ ပြည်ထောင်စုနိုင်ငံတနိုင်ငံ ထူထောင်ဖို့အတွက် စိန်ခေါ်မှုတွေ ဆွေးနွေးညှိနှိုင်းသဘောတူမှုတွေများစွာကို လိုအပ်မှာဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီပြိုလဲခဲ့ရင် အောင်ပွဲတဆင့်ကိုရောက်ရှိမှာမှန်ပေမယ့် စစ်တပ်ကို ဆန့် ကျင်တိုက်ခိုက်ကြတဲ့လက်နက်ကိုင်အဖွဲ့တွေအကြား မတူညီမှု၊ ကွဲပြားမှုတွေကို ဆွေးနွေးညှိနှိုင်းခြင်းအားဖြင့် ဖြေရှင်းနိုင်ကြမယ့် အခြေခံသဘောတူညီမှုနဲ့ အစဥ်အလာတွေလည်း အခုချိန်က တည်းက စတင်ပြင်ဆင် ထားကြဖို့လိုအပ်မှာဖြစ်ပြီး အဲလိုမဟုတ်ခဲ့ရင် အာဏသိမ်းစစ်တပ်ရဲ့ အလွန်ခေတ်မှာ လက်နက်ကိုင်ပဋိပက္ခတွေမချုပ်ငြိမ်းနိုင်သေးမယ့် အလားအလာမျိုးလည်း ရှိနိုင်တာသတိပြုကြဖို့ အရေးတကြီးလိုအပ်မှာ ဖြစ်ပါတယ်။ သည်နေရာမှာ NUG အစိုးရနဲ့ မဟာမိတ်အင်အားစုအချို့တို့ နောက်ဆုံးထုတ်ပြန်ထားခဲ့တဲ့ဘုံသဘောတူညီချက်များအပေါ် မည်သည့် စစ်ရေးအင်အားစုတွေ နိုင်ငံရေးအင်အားစုတွေက သက်ဝင်လက်ခံမှုရှိကြသလဲဆိုတာနဲ့ တိုင်းတာကြည့်ရမယ်ထင်မိသလို အခြားသော ဆုံမှတ်တွေ ခွဲဖြာထွက်မှုတွေပေါ်လာမလဲဆိုတာကလည်း စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar