ထိုင်းနိုင်ငံရဲ့ ၂၀၄၃ ခုနှစ် လုံခြုံရေး မြော်မြင်ချက် (2043 security outlook)
အောင်သူငြိမ်း - ထိုင်းနိုင်ငံရဲ့ ၂၀၄၃ ခုနှစ် လုံခြုံရေး မြော်မြင်ချက် (2043 security outlook)
(မိုးမခ) ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၄
ကာဝီ ချုံကစ်တာဝန် (Kavi Chongkittavorn)
ဘန်ကောက်ပို့စ် သတင်းစာမှာ စိတ်ဝင်စားဖွယ် ဆောင်းပါးတပုဒ် ဖတ်ရပါတယ်။ ရေးသူကတော့ ဝါရင့်သတင်းစာဆရာ ကာဝီ ချုံကစ်တာဝန်ပါ။ သူက အာဆီယံ သံတမန်ရေးနဲ့ ဒေသအရေး ဆောင်းပါးတွေ အရေးများပြီး၊ အချက်အလက် လည်း ကြွယ်ဝပါတယ်။ အခု ဆောင်းပါးကတော့ ထိုင်းနိုင်ငံရဲ့ ၂၀၄၃ ခုနှစ် လုံခြုံရေး မြော်မြင်ချက် ဖြစ်ပါတယ်။ ၂၀၄၃ ခုနှစ်ဆိုရင်တော့ အခုအချိန်ကတွက်ရင် ၁၉ နှစ်အကြာ ဖြစ်ပါတယ်။ လာမယ့် ၁၉ နှစ် (၂၀-နှစ်လောက်) ကို ကြိုတင် စဉ်းစားတွက်ဆထားတာတော့ အံ့ဩဖွယ် ကောင်းလှပါတယ်။ အခုသုံးသပ်ချက် စာတမ်းကို ရေးတာကတော့ ထိုင်း အမျိုးသား ထောက်လှမ်းရေးအေဂျင်စီ (NIA) ရဲ့ အနာဂတ်ဆိုင်ရာ လေ့လာမှုစင်တာ Center of Future Studies ပါ။
အယူအဆ ကွဲပြားမှုတွေတိုးပြီး ဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးမှာ ကမ္ဘာ့အင်အားကြီး စူပါပါဝါတွေအကြား မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုတွေ ရှိနေကြပါတယ်။ တချိန်တည်းမှာ သူတို့မိတ်ဆွေဖွဲ့မှု၊ မဟာမိတ်ဖွဲ့မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ ဒီ အခြေအနေအောက်မှာ ထိုင်းနိုင်ငံကလည်း ကမ္ဘာ့လုံခြုံရေး အခင်းအကျင်းသစ်အတွက် စိုးရိမ်ပူပန်နေရတာတော့ အံ့ဩ စရာ ကိစ္စ မဟုတ်ပါဘူး။ နိုင်ငံ အလတ်စားနဲ့ အငယ်စားတွေအတွက်တော့ ဒီလို ရေစီးကြောင်းထဲမှာ သူတို့လုံခြုံရေး မူဝါဒ နဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဘယ်ပုံဘယ်နည်း ရွက်လွှင့်စီးမျာကြမယ်ဆိုတာကတော့ စမ်း သပ်မှုကြီးဖြစ်နေပါတယ်။ သူတို့အတွက် ရွေးချယ်စရာ များများစားမရှိလှပါဘူး။ အဲသလို အလတ်စားနဲ့ အငယ်စားနိုင်ငံတွေအတွက်တော့ သူတို့ဘာသာ မဟာမိတ်စုဖွဲ့ရင် ဖွဲ့၊ ဒါမှမဟုတ် သူတို့ရဲ့ အမျိုး သားအကျိုးစီးပွားကို ကာကွယ်ပေးနိုင်မယ့် နိုင်ငံတခုခုနဲ့ ကပ်မှီနေကြရဖို့ ဖြစ်ပါတယ်။ ဒါမှမဟုတ် ပြင်ပက ဗိုလ်ကျလိုတဲ့အင်အားကြီးနိုင်ငံတွေကိုဟန့်နိုင်ဖို့ အချင်းချင်းအင်အားစုဖွဲ့မှုတခု ထူ ထောင်ထားရပါလိမ့်မယ်။ တကိုယ်တည်း ထီးတည်း နေထိုင်တာနဲ့ မိတ်ဖက်တွေ ထောက်ကူမှု ရှိမနေဘဲ ကိုယ်ထင်ရာလမ်း လျှောက်နေကြရတာတော့ အဖြေမဟုတ်ပါဘူးလို့.. ကာဝီက စဆွေးနွေးပါတယ်။
အခု ထိုင်း NIA က ထုတ်ဝေတဲ့ “ကမ္ဘာ့အင်အားနိုင်ငံများ တည်ဆောက်ထားပုံ ၂၀၄၃ ခုနှစ်” အစီ ရင်ခံစာမှာ လာမယ့် ဆယ်စုနှစ် ၂-ခု ကာလမှာ ဗဟုဝင်ရိုးစုံ ကမ္ဘာကြီး ဖွဲ့စည်းထားပုံကို သုံးသပ်ထားတဲ့ ထိုင်းနိုင်ငံ ထိပ်တန်းထောက်လှမ်း ရေး အဖွဲ့အစည်းတခုရဲ့ အစီရင်ခံစာမိုလို့ ရှားပါးလှပါတယ်။ ကမ္ဘာကြီးမှာ များမကြာမီကာလက ဖြစ်ပျက်ခဲ့တဲ့ မဟာ ဗျူဟာမြောက် အရွေ့တွေ ဖြစ်တဲ့ Covid-19 ကူးစက်ဘေးအလွန်ကာလ ကမ္ဘာကြီး၊ ရုရှား- ယူကရိန်းစစ်ပွဲနဲ့ အစ္စရေး- ဟားမားစ် စစ်ပွဲတွေက သက်ရောက်ရိုက်ခတ်မှု ရှိနေပါတယ်။ ထိုင်းနိုင်ငံအဖို့ကတော့ သူတို့ရဲ့ အမျိုးသား အကျိုးစီးပွား က ဘာလဲ၊ နိုင်ငံခြားရေး မူဝါဒမှာ ဘယ်လိုနေရာချမှာလဲ ဒါတွေကို စဉ်းစားပြီး နိုင်ငံရဲ့ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး အခြေအနေတွေကို တွက်ကြည့်ရတာပါ။
ဒီ NIA အစီရင်ခံစာမှာတော့ ထိုင်းနိုင်ငံက ရင်ဆိုင်ရနိုင်တဲ့ ဖြစ်တန်ခြေ(scenarios) ၃-ခုကို တွက်ဆထားပါတယ်။ ပထမ ဖြစ်တန်ခြေ တခုကတော့ ကမ္ဘာကြီးတခု- စနစ် ၂ ခု (one-world with two systems) ပါ။ ဒီလိုအခြေအနေက လူအများ သိကျွမ်းပြီးသားပါ။ အမေရိကန် ဦးဆောင်တဲ့ ကမ္ဘာကြီးနဲ့ ကျန်တာက တရုတ်ပါ။ သူတို့ပြိုင်ဆိုင်မှုက အရင်လိုပဲ ဆက်ပြီး ရှိနေပါမယ်။ အမေရိကန်က ဦးဆောင်တဲ့ လစ်ဘရယ်ဒီမိုကရေစီကမ္ဘာကြီးက သူတို့နဲ့ တွေးခေါ်ပုံ တူရာတူရာနိုင်ငံတွေနဲ့ ချိတ် ဆက်ပါလိမ့်မယ်။ နိုင်ငံအချို့ ချိတ်ဆက်ထားတာ (mini-lateral) ဒါမှမဟုတ် လက်တန်း အရေးပေါ် အုပ်စုဖွဲ့တာ (ad hoc groupings) မျိုး ဖြစ်ပြီး တရုတ်နိုင်ငံဩဇာလွှမ်းမှုကို လျှော့ချဖို့ ကြိုးစားကြမယ့် အရေးပါ။ အမေရိကန်က စိတ်ချထားရမယ့် မိတ်ဖက်တွေအနေနဲ့ ဥရောပသမဂ္ဂ၊ ယူကေ။ ဩစတြေလျ၊ ဂျပန်၊ တောင်ကိုရီးယား စတာတွေက နိုင်ငံစုံအုပ်စုဖွဲ့မှုတွေနဲ့ ချိတ်ဆက်မှုကောင်းအောင် လုပ်ကြပါမယ်။
တဖက်မှာလည်း တရုတ်နိုင်ငံက အင်အားပါဝါ ကြီးလာနေပါတယ်။ ဒီအခြေအနေက ဆန့်ကျင်ဖက် နိုင်ငံရေး၊ စီးပွားရေး စနစ်တွေနဲ့ မဟာမိတ်ဖွဲ့မိဖို့ အကြောင်း ဖြစ်စေပါတယ်။ ဥပမာအားဖြင့် အနောက်အုပ်စုနဲ့ အဆင်မပြေလှတဲ့ ရုရှား၊ အီရန်၊ မြောက်ကိုရီးယားတို့လို နိုင်ငံမျိုးပါ။ သူတို့ရဲ့ ဆန့်ကျင်ဖက်လို့ အတူတူ ထင်မြင်ယူဆထားကြပုံရယ်၊ အဆင်ပြေသလို တော်သင့်သလို ပေါင်းစုမိကြတာမျိုး ဖြစ်နိုင်ပါတယ်။
နောက်ထပ် ဖြစ်တန်ခြေတခုကတော့ အစိတ်စိတ်အမွှာမွှာ ကမ္ဘာကြီးပါ။ (a fragmented world) အဲဒီမှာ တူညီတဲ့ အကျိုးစီးပွားတွေအတွက် တူရာတူရာ အုပ်စုဖွဲ့မှုမျိုးတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတွေက အယူဝါဒရေးရာအရ မဟာ မိတ် ဖွဲ့ကြတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် တချိန်တည်းမှာ ပူးပေါင်းဆောင်ရွက်မှုလည်း လုပ်၊ ပြိုင်ဆိုင်မှုလည်း လုပ်တာ မျိုး ရှိနေနိုင်ပါတယ်။ သူတို့ ဆက်ဆံရေးက နိုင်ငံတခုချင်းရဲ့ အမျိုးသား အကျိုးစီးပွားအပေါ် မူတည်ပြီး ပြောင်းလွယ် ပြင် လွယ်ရှိနိုင်ပါတယ်။ ကိစ္စရပ်အချို့အပေါ် စုဖွဲ့ထားတဲ့အုပ်စုတွေက အင်အားကြီးနိုင်ငံတွေနဲ့ မဟာ မိတ်ဖွဲ့ထားတာမျိုး မရှိ နိုင်ပါဘူး။ အဲသလို အသစ်ပေါ်ထွန်းတဲ့ အုပ်စုတွေက မဟာအင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ ရုရှားတို့က ဩဇာလွှမ်းနိုင်တာမျိုး မရှိ သလို၊ အိုင်ဒီယာ ချပေးတာ၊ သံတမာန်ရေးလမ်းကြောင်း ချပေးတာကို လည်း လက်ခံမှာ မဟုတ်ပါဘူး။
နောက်ဆုံး ဖြစ်တန်ခြေတခုကတော့ “အာဏာရဲ့ ကွန်ဒိုမီနီယံ” (the condominium of power) လို့ အမည်ပေးထားပါ တယ်။ အဲဒီမှာတော့ အဓိကကျတဲ့ နိုင်ငံအစိုးရတွေ၊ အစိုးရ မဟုတ်တဲ့ အင်အားစုတွေက အာဏာအတွက် တွန်းထိုးလုပ် ကိုင်နေကြပြီး အခြားအင်အားစုတွေကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေကြတာပါ။ အစိုးရမဟုတ်တဲ့ အင်အားစုတွေဆိုရာမှာ တော့ ကော်ပိုရေးရှင်းကြီးတွေနဲ့ နည်းပညာကုမ္ပဏီကြီးတွေ (hi-tech companies) တွေ ပါဝင်ပါတယ်။ ဒီလို အခြေအနေ အောက်မှာ အုပ်စုတခုက အခြားတခုအပေါ် လုံးဝအာဏာလွှမ်းမိုးနေမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံတကာ ကစားပွဲမှာ ပါဝင်နေကြတဲ့ အင်အားစုတွေက အာဏာမျှခြေရဖို့ ကြိုးပမ်းနေကြတာနဲ့ မဟာဗျူဟာ/ နိုင်ငံရေးတွေက အရေးပါတဲ့ တန်ဖိုးထားမှုတွေ ဖြစ်နေပါမယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာအဖွဲ့အစည်းတွေက ခေါင်းဆောင်မှု အခန်း ကဏ္ဍက ရှိနေမှာ မဟုတ်ဘဲ အရင်လိုလည်း အင်အားကောင်းကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က အရေးပါစွာ ဆက်ရှိနေပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဆုံတွေ့ညှိနှိုင်းကြဖို့ ပလက်ဖောင်း/ စင်မြင့်တွေအဖြစ်တော့ အသုံးဝင်နေ ပါသေးတယ်။ ကမ္ဘာ့မှာ ဘုံအရေးပါတဲ့ ပြဿနာတွေ၊ အစိုးရမဟုတ်တဲ့ အင်အားစုတွေပါ ပါဝင်နိုင်ဖို့ နေရာကောင်းမျိုး ဖြစ်နေလို့ပါ။
အဲသလို ဖြစ်တန်ခြေတွေအပြင် NIA အေဂျင်စီက အရေးကြီးတဲ့ သုံးသပ်မှု အချို့လည်း ပြုခဲ့ပါသေးတယ်။ ထိုင်းလူထုတွေ အနေနဲ့ နိုင်ငံခြားအာဏာ ဩဇာကနေ သူတို့ရဲ့ ပြည်တွင်း စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး ကိစ္စတွေအပေါ် ထိခိုက်သက် ရောက်နေမှုအပေါ် ကောင်းကောင်း သိရှိထားဖို့ လိုအပ်ပါတယ်တဲ့။ ထိုင်းနိုင်ငံမှာတောင် မတူခြားနားတဲ့ဒေသအသီးသီး က မဟာဗျူဟာမြောက် ပိုင်ဆိုင်ထားမှုတွေ ရှိနေပါသေးတယ်။
သဘောက ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသမှာ မဟာအင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှု စက်ကွင်းထဲ ရှိပါတယ်။ အထူး သဖြင့် မဟာဗျူဟာအရ အရေးပါတာကြောင့် လုံခြုံရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာပါ ထိခိုက်သက်ရောက်မှုတွေ ရှိနိုင်ပါ တယ်။ အရှေ့မြောက်ဒေသနဲ့ ပတ်သက်လို့ကျတော့ အမေရိကန်-တရုတ် မဟာဗျူဟာ အားပြိုင်မှု ရှိနေပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ မဲခေါင်မြစ်ကြောင်းနဲ့ ပတ်သက်တဲ့ ကိစ္စ၊ အစီအစဉ်တွေကြောင့်ပါ။ ဝါရှင်တန်အစိုးရအနေနဲ့ လုံခြုံရေး၊ အရပ်ဘက် ထိတွေ့ဆက်ဆံမှုကို အလေးထားပြီး၊ တရုတ်နိုင်ငံကတော့ စီးပွားရေး ဦးစားပေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကနေ ချည်းကပ်ပါတယ်။
ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသကို ရောက်လာတော့ မဟာအင်အားကြီးနိုင်ငံတွေရဲ့ ပဋိပက္ခက လူထုကြားထဲ အကွဲအပြဲအဖြစ် သက်ရောက်စေပါတယ်။ အထူးသဖြင့် ဒီမိုကရေစီနဲ့ ဒီမိုကရေစီမဟုတ်တဲ့ အင်အားစုအကြား နိုင်ငံရေး အကွဲအပြဲ ပါ။ ထိုင်းတောင်ပိုင်းဒေသကို ရောက်လာတော့ ပိုလို့ ရှင်းလင်းပါတယ်။ ယေဘုယျအားဖြင့် တောင်ပိုင်းဒေသတခုလုံးနဲ့ပိုအစွန်းကျတဲ့ တောင်ပိုင်းမတည်ငြိမ်တဲ့ ယာလာ၊ ပတာနီ၊ နာရာထိဝတ် နယ်ခြားဒေသတွေပါ။ တောင်ပိုင်းဒေသတခု လုံးက ခရီးသွားလုပ်ငန်း နဲ့ အကြီးစား အခြေခံအဆောက်အဦ စီမံချက်တွေ၊ ဖွံ့ဖြိုးရေးအတွက်တွေ အလားအလာကောင်း တွေ ရှိပါတယ်။ အင်ဒမန်ပင်လယ်ဖက်ခြမ်းမှာတော့ ငါးဖမ်းလှေ တပ်ဖွဲ့ကြီးတခုလုံးကို အဆင့်မြှင့်တင်ဖို့ လိုအပ်နေပါ တယ်တဲ့။
တောင်ပိုင်းအစွန်ဒေသတွေမှာတော့ NIA အစီရင်ခံစာအရ အနောက်နိုင်ငံတွေက ပံ့ပိုးထောက်ပံ့ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (အဲန်ဂျီအို) တွေ တောင်ပိုင်း ၃ ခရိုင်မှာ လူထုအခြေပြု အဖွဲ့အစည်းတွေ တဖြည်းဖြည်းပေါ်ထွန်းလာနေကြ ပါတယ်။ ဒါပေမယ့် တောင်ပိုင်းနယ်စပ်က လူထု အဖွဲ့အစည်းတွေက အနောက်နိုင်ငံတွေက ထောက်ပံ့ထားကြတာ မဟုတ်ပါဘူး။ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီက အထောက်အပံ့ လာကြတာပါ။ ထိုင်း-အစ္စလမ်မစ် စည်းနှောင်မှု အနေနဲ့ ရှိနေကြတာပါ။
ဒါဆိုရင် ထိုင်းနိုင်ငံက ဘာလုပ်သင့်ပါသလဲ။
အကြံပေးထားတာတော့ အင်အားကြီးတဖက်ဖက်ကို မရပ်လိုက်ဘဲ၊ မဟာဗျူဟာ မျှခြေရအောင် တက်ကြွစွာနဲ့ လုပ် ဆောင်ဖို့ပါ။ ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ ချည်းကပ်မှုက ဥပဒေအခြေပြု ဖြစ်ရမယ်၊ အမျိုးသား အကျိုးစီးပွားကို ထိန်းသိမ်းရ မယ်။ လိုအပ်ရင် ကမ္ဘာ့အရေးကြီး ပြဿနာတွေမှာ ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြရမယ်လို့ ဆိုပါတယ်။ အဲဒါအပြင် ပြည်တွင်းအင်အား ကြံ့ကြံ့ခံနိုင်မှု (internal resilience) ကို အားကောင်းအောင် လုပ်ရမယ်။ ပြည်ပနိုင်ငံတွေကြောင်း ထိုင်းလူထုတွေ ပိုသိမြင်အောင် လုပ်ရမယ်။ ဒါမှပဲ လူမှုရေးအရ ညီညွတ်ရေးနဲ့ အထွေ ထွေ လူမှုဖူလုံရေး သာယာဝပြောရေးကို ရနိုင်မယ်လို့ ဆိုတယ်။
ထိုင်းနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ထဲမှာ ဦးဆောင်ပြီး အလယ်အလတ် အင်အား နိုင်ငံတခုအဖြစ် တည်ဆောက်နိုင်တယ်။ အဲဒါအပြင် ထိုင်းက နိုင်ငံတကာ ဆက်ဆံရေးမှာ ပိုပြီး ဖြန့်လို့ဆက်ဆံရင် နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာအန္တရာယ် စွန့်စားရမှု (security risk) ကိုလည်း လျှော့ချနိုင်ပါလိမ့်မယ်။ နိုင်ငံကြီးတခုခုကို ဘက်ရပ်လိုက်တာမျိုးမဟုတ်ရင် အကွဲကွဲ အပြားပြားဖြစ်နေတဲ့ ကမ္ဘာကြီးမှာ ထိုင်းနိုင်ငံရဲ့ အနာဂတ် မရေရာ မသေချာမှုတွေကိုလည်း လျှော့ချနိုင်မယ်လို့ ဖော်ပြခဲ့ပါ တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar