Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၃

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၃

(မိုးမခ) ဖေဖော်ဝါရီ ၂ ၊ ၂၀၂၄


နွေဦးဆောင်းဦးကာလ ရဲ့ ဖက်ဒရယ်အာဏာ ခွဲဝေမှု

ဘီစီ ၇၇၁ မှာ အနောက်ဘက်ကျို့ခေတ် ဧကရာဇ်ဖျင် ဟာ မြို့တော်ကို အရှေ့ဘက်ကို ပြောင်းရွှေ့လာခြင်းနဲ့ အရှေ့ဘက်ကျို့ခေတ် စတင်ပါတယ်။ တိတိကျကျပြောရရင် အရှေ့ဘက်ကျို့ခေတ်ရဲ့ ပထမပိုင်းဖြစ်တဲ့ နွေဦးဆောင်းဦးကာလ (Spring and Autumn Period) သို့မဟုတ် ခြွင်ချိုးကာလ စတင်ပါတယ်။ 

တကယ်တော့ ကျို့မင်းဆက်က ကျို့ခေတ်ကို ဆက်လက်ဦးဆောင်နေဆဲ ဆိုပေမယ့် လက်တွေ့မှာတော့ ကျို့နန်းတော်ရဲ့ ဩဇာအာဏာ သိသိသာသာ ကျဆင်းသွားချိန်လို့ ဆိုရမယ့် ကာလဖြစ်ပါတယ်။ အရှေ့ဘက်ကို နန်းတော်ကို ရွှေ့သွားရခြင်းသည်ပင်လျှင် ကျို့နန်းတော်ကို ထောက်ခံဝန်းရံတဲ့ နိုင်ငံတွေနဲ့ အနီးဆုံးကို ရွှေ့သွားရခြင်း ဖြစ်ပါတယ်။

အထူးသဖြင့် ကျင်နိုင်ငံ (Jin) နဲ့ ကျန်းနိုင်ငံ (Zheng) နိုင်ငံတွေရဲ့ အားကို ယူပြီး အရှေ့ဘက်မှာ မြို့တော်တည်ထားရတဲ့ အခြေအနေပါ။ ဒါကြောင့် နွေဦးဆောင်းဦးကာလမှာ ကျို့ရဲ့ ဗဟိုအုပ်ချုပ်ရေးက အားလျော့ပြီး ကျို့လက်အောက်ခံ နယ်မြေတွေကို အာဏာအတော်များများခွဲဝေပေးထားရတဲ့ ဖက်ဒရယ်ဆန်ဆန် ကာလလို့ ဆိုရပါလိမ့်မယ်။  

တချိန်တုန်းက ကျို့အင်ပါယာရဲ့ တပ်တွေကို အဓိကတည်ဆောက်ထားတာက လက်အောက်ခံနယ်မြေတွေက စုစည်းထားတဲ့ စစ်တပ်ကြီး ခြောက်ခု နဲ့ပါ။ ဒါပေမယ့် ခြွင်ချိုးခေတ်ကို အရောက်မှာ အင်အားချည့်နဲ့သွားတဲ့ ကျို့နန်းတော်ကို အဲဒီလို အင်အားကြီး တပ်ကြီး ၆ ခုနဲ့ ဖွဲ့စည်းထားနိုင်ခြင်း မရှိတော့ပါဘူး။ 

တကယ်တော့ ကျို့ရဲ့ နန်းတော်သစ်ကို စောင့်ရှောက်ဖို့တောင် ကျို့မှာ အင်အားအပြည့်မရှိတော့တဲ့ အနေအထားပါ။ ဒါကြောင့် ကျို့ကို သစ္စာခံတဲ့ ကျင် နဲ့ ကျန်း နိုင်ငံတွေက မြို့တော်ရဲ့ လုံခြုံရေးကို တာဝန်ယူပေးရတဲ့ အခြေအနေ ဆိုက်သွားပါတယ်။ 

ဒါကြောင့် ကျို့ခေတ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းရတဲ့ အနေအထား ဖြစ်လာပါတယ်။

အနောက်ဘက်ကျို့ခေတ် စတင်ခါစက ဗဟိုမှာ အာဏာတွေ စုစည်းထားပြီး၊ လက်အောက်ခံနယ်မြေတွေမှာ ဧကရာဇ်ရဲ့ ဆွေတော်မျိုးတော်တွေနဲ့ စိတ်ချရသူတွေကို တာဝန်ပေးထားတာကြောင့် ဗဟိုမှာ အာဏာအားလုံး စုနေတဲ့သဘောပါ။ နွေဦးဆောင်းဦးကာလမှာတော့ ဧကရာဇ်ဟာ မိုးနတ်မင်းရဲ့ ဗျာဒိတ်ခံထားရသူ အဖြစ် အသိအမှတ်ပြုပြီး ကျို့ပြည်ထောင်ရဲ့ အကြီးအကဲ အဖြစ် အသိအမှတ်ပြုထားကြပေမယ့်၊ လက်အောက်ခံနိုင်ငံငယ်တွေရဲ့ အရေးကိစ္စတွေကိုတော့ သက်ဆိုင်ရာနိုင်ငံရဲ့ အကြီးအကဲ ဘုရင်တွေ၊ နယ်စားတွေက တိုက်ရိုက်ချုပ်ကိုင်လာပါတယ်။ 

မှတ်တမ်းတွေအရ နွေဦးဆောင်းဦးကာလမှာ ကျို့အင်ပါယာအင်အား လျော့ကျလာတာနဲ့အမျှ မြစ်ဝါမြစ်ဝှမ်းဒေသမှာ နိုင်ငံငယ်ပေါင်း ရာဂဏန်း အထိ ကွဲပွားလာတယ်လို့ ဆိုပါတယ်။ အများစုကတော့ မြို့တစ်မြို့စီပဲ ရှိတဲ့ နိုင်ငံငယ်လေးတွေပါ။ မြို့တစ်မြို့ထက် ပိုတဲ့နိုင်ငံငယ်လေးတွေလည်း ရှိပေမယ့် အနည်းစုပဲဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီမြို့ တစ်မြို့ထက်ပိုတဲ့ နိုင်ငံငယ်လေးတွေဟာ မြို့တစ်မြို့တည်းရှိတဲ့ နိုင်ငံငယ်တွေထက် ဧရိယာနည်းနည်းပိုကျယ်ပြီး ကျို့ပြည်ရဲ့ အစွန်အဖျားတွေမှာ ရှိကြတာပါ။ ဒါကြောင့် တခြားမြို့တွေ ထပ်တည်ဖို့၊ ဒါမှမဟုတ် အခြားမြို့ငယ်တွေကို သိမ်းပိုက်ဖို့ အဆင်ပြေတာကြောင့် တစ်မြို့ထက်ပိုပြီး ရှိနေတာဖြစ်ပါတယ်။ အချို့မှတ်တမ်းတွေက နွေဦး ဆောင်းဦးကာလမှာ ကွဲပြန့်နေတဲ့ နိုင်ငံငယ်ပေါင်း ၁၄၈ ခုရှိတယ်လို့ ဆိုပါတယ်။ (အဲဒီထဲက ၁၂၈ နိုင်ငံဟာ နွေဦးဆောင်းဦး လွန်တဲ့ကာလမှာ အကြီးဆုံးနိုင်ငံကြီး ၄ ခုရဲ့ သိမ်းပိုက်မှုကို ခံရပြီး အဲဒီနိုင်ငံကြီး ၄ ခုရဲ့ အစိတ်အပိုင်းတွေ ဖြစ်သွားကြရပါတယ်။) 

နောက်ပိုင်းမှာ ကျို့ဧကရာဇ်ဟာ နိုင်ငံငယ်တွေထဲကမှ စစ်ရေးအင်အားကြီးမားတဲ့ နိုင်ငံငယ်အချို့ကို ရွေးချယ်ပြီး အဲဒီနိုင်ငံတွေရဲ့ အကြီးအကဲတွေကို ကျို့အင်ပါယာရဲ့ ဘုရင်ခံ (Hegemon) တွေအဖြစ် အာဏာခွဲဝေပေးခဲ့ပါတယ်။ တနည်းအားဖြင့် နိုင်ငံငယ်လေးတွေအားလုံးကို ကျို့ဧကရာဇ်က တိုက်ရိုက် မကွပ်ကဲတော့ဘဲ ဘုရင်ခံတွေက တာဝန်ယူ ကွပ်ကဲတဲ့ အာဏာခွဲဝေမှုပုံစံပါ။ ဒါကြောင့် အဲဒီနိုင်ငံငယ်တွေက ဆက်သတဲ့ အခွန်အတုပ်နဲ့ လက်ဆောင်ပဏ္ဏာတွေကလည်း ဧကရာဇ်ဆီ အကုန်မရောက်တော့ဘဲ၊ ဘုရင်ခံတွေဆီ ခွဲဝေရောက်ရှိသွားပါတယ်။ တစ်ဖက်မှာတော့ ဘုရင်ခံတိုင်းပြည်တွေဟာ ကျို့တော်ဝင်နန်းတော်နဲ့ ကျို့အင်ပါယာထဲက အင်အားသေးတဲ့ နိုင်ငံငယ်တွေကို အခြား ကျို့အင်ပါယာပြင်ပက နိုင်ငံတွေက လာမတိုက်နိုင်အောင် ကာကွယ်ပေးရတဲ့ တာဝန်ကို ယူရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နွေဦးဆောင်းဦးကာလ ကို ခေတ်သစ်သမိုင်းဆရာတွေက "Age of Hegemons" လို့လည်း ခေါ်ဆိုကြပါတယ်။ 

ဒီလို အာဏာခွဲဝေမှုကြောင့် တခါတရံ နိုင်ငံငယ်တစ်ခုချင်းစီအကြားမှာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် နိုင်ငံတစ်ခုတည်းအတွင်းမှာပဲဖြစ်ဖြစ် ပဋိပက္ခတွေ ဖြစ်လာတတ်ပြီး ကျို့နန်းတော်ရဲ့ ဩဇာကို ထိခိုက်လာတာမျိုး ရှိခဲ့ပေမယ့် ကျို့တော်ဝင်မိသားစုနဲ့ ကျို့မင်းဆက်ကိုတော့ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြပါတယ်။ 

အကြောင်းကတော့ ကျို့ ဧကရာဇ်ကို ကျို့ပြည်ထောင်တစ်ခုလုံးရဲ့ အကြီးအကဲအဖြစ် လက်ခံထားကြဆဲ ဖြစ်တာကြောင့်ပါ။ အင်ပါယာထဲက နိုင်ငံငယ်တွေရဲ့ စစ်ရေးခေါင်းဆောင်တွေဟာ ကျို့ဧကရာဇ်ကို သစ္စာခံသလို၊ လေးစားရိုသေကြပါတယ်။ ဒါကြောင့် ကျို့ဘုရင်ဟာ နိုင်ငံငယ်တွေအသီးသီးက တပ်တွေကို လိုအပ်သလို ရွှေ့ပြောင်းနိုင်တဲ့ အာဏာ အတော်အတန် ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် အချင်းချင်းကြား စစ်မဖြစ်ရအောင် ထိန်းသိမ်းနိုင်တာ ဖြစ်ပါတယ်။ 

တကယ်လို့သာ အာဏာကို ဗဟိုက ဆက်လက်ဆုပ်ကိုင်ထားရင် ကျို့မင်းဆက်ဟာ ဘီစီ ၇၇၁ နောက်ပိုင်း ‌နှစ်အနည်းငယ်အတွင်း ရပ်စဲသွားပြီး၊ ရှို့ အင်ပါယာနဲ့ ကျို့ခေတ်လည်း အဆုံးသတ်သွားမှာပါ။ အာဏာကို ခွဲဝေလိုက်တာဟာ ကျို့ခေတ်ကို နောက်ထပ် ရာစုနှစ်အတော်များများကြာအောင် ဆက်လက် တည်ရှိခဲ့တာ ဖြစ်ပါတယ်။ 


~~~~~~~~~~~~~~~~~~~~~

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀ 👉https://www.moemaka.com/2024/01/blog-post_162.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁ 👉https://www.moemaka.com/2024/01/blog-post_872.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂ 👉https://www.moemaka.com/2024/01/blog-post_8245.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၃ 👉https://www.moemaka.com/2024/01/blog-post_308.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၄ 👉https://www.moemaka.com/2024/01/blog-post_799.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၅ 👉https://www.moemaka.com/2024/01/blog-post_399.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၆ 👉https://www.moemaka.com/2024/01/blog-post_234.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၇ 👉https://www.moemaka.com/2024/01/blog-post_1968.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၈ 👉https://www.moemaka.com/2024/01/blog-post_153.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၉ 👉https://www.moemaka.com/2024/01/blog-post_665.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၀ 👉https://www.moemaka.com/2024/01/blog-post_793.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၁ 👉https://www.moemaka.com/2024/01/blog-post_608.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၂ 👉https://www.moemaka.com/2024/02/blog-post_01.html




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar