Breaking News

မနအ - ပန်းတွေ မိုးထားမယ်လေ

Art by Than Htay Maung
ပန်းတွေ မိုးထားမယ်လေ
မနအ
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄

အိမ်အဝင် ခြံစည်းရိုးလေးပေါ်မှာ
နှင်းမြူတွေကို ခါချလိုက်တဲ့အသံ
မင်း ပြန်လာတော့မယ်တဲ့ ။ 

မတော်မတည့်ကာလ စ,ကတည်းက
မင်း ခွဲခွာသွားခဲ့တဲ့ သည်အိမ်
တံစက်မြိတ်တွေကလည်း တွန့်လိမ်လို့
အိမ်ရှေ့ကပြင်လေးကလည်း ပေါက်ပြဲလို့ ။

မိုးမို့  မိုးကို မေ့လျော့
ဆောင်းမို့  ဆောင်းကို မေ့လျော့
ငါ့ မှာ
မေ့လျော့မှု လက်ထက်ပွားတွေနဲ့ ။

မင်း ထွက်ခွာသွားကတည်းက
တစတစ ဖရိုဖရဲ ဖြစ်သွားခဲ့တဲ့ အိမ်
မင်းချစ်တဲ့ ပန်းချီကားလေးကလည်း မှိန်လို့
နေညိုချိန် မင်းငေးငေးနေတတ်တဲ့ 
ပြတင်းပေါက်ကလေးကလည်း ရွဲ့လို့ ။    

မိုးမို့  မိုးကို မေ့လျော့
ဆောင်းမို့  ဆောင်းကို မေ့လျော့
ဟော .. 
သည်နွေ တကျော့မှာတော့ 
မင်း ပြန်လာတော့မယ်ဆိုတဲ့အသံ
အိမ်အဝင် ခြံစည်းရိုးလေးပေါ်မှာ ။

မင်း ပြန်လာတော့မယ်ဆိုတော့
မင်း စိတ်လက်ပေါ့ပါး ကြည်လင်ဖို့
အိမ်ကို အလှဆင်ရဦးမယ် ။        ။   

၁၅ ဖေ ၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar