Breaking News

လေခဏီ - ဘက်ကြုံလိုက်လို့မရ

လေခဏီ - ဘက်ကြုံလိုက်လို့မရ

(မိုးမခ) ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၄

ရှမ်းတောင်မှာ SSPP တပ်ချီလာပြီ။ မဟာမိတ်တွေနဲ့ ငနာ ကြိတ်ပြီ။

PNO နဲ့တပ်က သူတို့ကိုယ်သူတို့ ဘာမှတ်တယ် မသိ၊ ခပ်တည်တည်နဲ့ မိုင်းပွန်တံတား သွားပိတ်ပြီး စစ်ခေါ်သကိုး။ ဟိုက ပစ်ဆော်ပြီပေါ့။ ဟစ်အော်ဖို့သာ ပြင်ကြပေတော့။ ဘယ်နေ့ ရွက်စစ်ကပါ တက်ကစ်မယ် မသိ။ ရှမ်းပြည်တပြည်လုံး ဂန်းတွေညီလို့ အုံးရင်တော့ နိဂုံးရဲ့ အဆုံးသတ်တောင် ကျုံးတပတ်မပြည့်ခင် ရပ်သွားရပေချိမ့်။

ရှမ်းပြည်မှာတင် စစ်ဌာနချုပ်ကလေးခု၊ ရှမ်းမြောက်တခုက တဲတဲကျန်၊ ရှမ်းတောင်ကလဲ သိပ်ဟန်တော့တာမဟုတ်။ ရှမ်းလယ်နဲ့ရှမ်းရှေ့ကလဲ ရှမ်းနဲ့ဝတွေ တကယ်တေ့ရင် အမေ့အမေ့ဖြစ်နေမှာ။ ရခိုင်မှာလဲ ဘာကြာတော့မလဲ၊ ဗုံးမကြဲနိုင်တာနဲ့ အုံးခနဲ အချိုင်ခံရတော့မှာ။ လေဘဲရှိတော့တာ၊ မြေက မကျန်၊ ရေလဲ ယက်ကန်ကန်ဖို့လောက်ပဲလေ၊ ပြင်တွင်းစစ်အတွက် ဖြစ်မြောက်စရာမှမရှိတာ။

တဖြည်းဖြည်းနဲ့ လေဘဲမိသားစုတွေ ပြေးစရာမြေမရှိတော့ရင် စစ်ကပြီးပါပြီ။ အကုန်လုံးက မိသားစုတွေနဲ့ချည်း မဟုတ်လား။ မနေ့ကတောင် ခေတ်သစ်က မင်းအောင်လှိုင် မိသားစုပုံတွေ ချပြလိုက်သေး၊ မြေးမကလေးတွေ တထွေးကြီးနဲ့ပုံလေ။ သူများမိသားစုတွေ ထင်သလိုလိုက်သတ်နေလို့ ဇာတ်လမ်းက ပြီးသွားမယ် မဟုတ်မှန်း စစ်ဗိုလ်ချုပ်ကြီးတိုင်း သိရှိခံစားမိနေကြပါပြီ။ အိုင်တီခေတ်မှာ ကမ္ဘာကြီးကိုက ရွာငယ်ဇနပုဒ်မျှပါဘဲ။ ဘယ်သူ့ ဘယ်သူမှ လက်ညှိုးထိုးလွှဲချလို့ မရပါဘူး။ စစ်အာဏာရှင်ယန္တရား ဆိုတာ ဘယ်သူ့ကိုမဆို ကြိတ်ဝါးပစ်တာပါဘဲ။ အတူဝင်မရုန်းရင် ရဟန်းရှင်လည်း မလွှတ် ဘောင်းဘီကျွတ်လည်း မပြေးသာ ဘောင်းဘီဝတ်ကတော့ ပိုဆိုးတာပေါ့။ ခရိုနီလဲ အဆီစား အသားမျိုနေရမယ်ချည်း မထင်လေနဲ့။ စစ်ရာဇဝတ်ကောင်ရဲ့ အတောင်ပံတွေဆိုတော့ မောင်နှံအတူပေါ့လေ။ အကြံတော်ပေးများလဲ ပြေးလမ်းရှိတယ် ထင်ရင် မှားမယ်ပေါ့၊ သူတို့က ပြေးလမ်းမရှိမှန်းတော့ သိကြပါတယ်။ မြန်မာစစ်တပ်ကို ဘယ်လိုမှ မနိုင်နိုင်ဘူးဆိုတဲ့မောဟနဲ့ ဘောမတာပါ။ 

တကယ်တော့ စစ်တပ်ဘက် ရပ်သူတိုင်း၊ ကြားနေသလိုလို ဟန်ဆောင်သူတိုင်းက စစ်တပ်ကို မနိုင်နိုင်ဘူးဆိုတဲ့ ဒီအတွေးအခေါ်ကို လက်ကိုင်ပြုတာပါ။ အခု အဲလိုလူတွေ အသံတိမ်လာတာကြည့်ရင် သူတို့အထင်ကို သူတို့ သံသယဝင်သွားပြီဆိုတာ သိသာပါတယ်။ အဲဒီမှာ လူပြောင်းရင် ရတယ်ဆိုပြီး မအလကို လဲပေးဖို့ ဆဲပေးစို့လုပ်ကြတာ။ တချို့ကတော့ တပ်ပျက်တော့မယ်လို့ကို တွက်လိုက်ကြပြီး ထွက်ဖို့ရှောင်ဖို့ ရောဖို့နှောဖို့ လုပ်ကြပါပြီ။ မတရားယူထားတာတွေ အကုန်ထုတ်ရောင်းပြီး အပြင်ထွက်သူအများစုက သူတို့ပါဘဲ။ 

ခုက ရွက်ကုန်မှာ တက်စုံကို လက်ကုန်နှိုက်ကြတော့မှာလေ။ ဘက်ကြုံလိုက်လို့တော့ မရ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar