Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃၆

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃၆

(မိုးမခ) ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၄

စစ်မက်ထူပြောသောကာလ သို့မဟုတ် ခုနစ်ပြည်ထောင်ခေတ် 

အရှေ့ဘက်ကျို့ခေတ်ကို နှစ်ပိုင်း ခွဲခြားထားပါတယ်။ ပထမပိုင်းကတော့ ခြွင်ချိုး(春秋 Chunque) ဆိုတဲ့ ကာလဖြစ်ပြီး အနှစ် ၃၀၀ နီးပါး (ဘီစီ ၇၇၂ နဲ့ ဘီစီ ၄၇၆ ကြား) ကြာမြင့်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

အရှေ့ဘက်ကျို့ ခေတ်ရဲ့ ဒုတိယ ကာလအပိုင်းအခြားကိုတော့ ကျန့်ကော်ရှီတိုင့် (战国时代 Zhànguó Shídài) လို့ ခေါ်ပါတယ်။ အတိုချုပ်ပြီး ကျန့်ကော် (战国 Zhànguó) လို့လည်း ခေါ်ကြပါတယ်။ စစ်မက်ထူပြောသောကာလ (Warring states period) လို့ ဘာသာပြန်ကြပါတယ်။ ဒီကာလက အနှစ် ၂၅၀ ကျော် (ဘီစီ ၄၇၅ ကနေ ဘီစီ ၂၂၁ အထိ) ကြာမြင့်ခဲ့ပါတယ်။ 

ကျန့်ကော် ကာလကို "ခုနစ်ပြည်ထောင်ခေတ်" လို့လည်း ခေါ်လေ့ ရှိပါတယ်။ မြစ်ဝါမြစ်ဝှမ်းကို အခြေပြုပြီး တည်ရှိခဲ့တဲ့ ကျို့အင်ပါယာအတွင်းမှာ တချိန်က ကျို့ဩဇာခံ နယ်စားပယ်စားတွေအဖြစ် ရှိခဲ့တဲ့ နိုင်ငံတွေဟာ ဘုရင့်နိုင်ငံတော် (Kingdom) တွေအဖြစ် ပေါ်ထွန်းလာခဲ့တာကြောင့် ခုနစ်ပြည်ထောင်ခေတ် လို့ မှတ်သားကြတာ ဖြစ်ပါတယ်။ 

အဲဒီ ခုနစ်နိုင်ငံရဲ့ အလယ်ပိုင်းမှာ ကျင်နိုင်ငံ က ကွဲထွက်လာတဲ့ ကျောက် (趙Zhao) ၊ ဟန် (韓Han) ၊ ဝေ (魏Wei) ဆိုတဲ့ သုံးနိုင်ငံ ရှိနေပါတယ်။ အနောက်ဘက်ခြမ်းမှာ ချင် (秦 Qin) နိုင်ငံ ရှိပါတယ်။ အရှေ့ဘက်မျာ ချီ (齊 Qi) နိုင်ငံရှိနေပါတယ်။ တောင်ဖက်မှာတော့ ချူ (Chu 楚) နိုင်ငံ ရှိနေပါတယ်။ အရှေ့‌မြောက်ဘက်၊ ယနေ့ ပေကျင်းမြို့တော် နေရာမှာတော့ ယန် (燕 Yan) နိုင်ငံ တည်ရှိနေပါတယ်။ 

ခုနစ်ပြည်ထောင်ခေတ် ဆိုပေမယ့် အင်အားကြီးနိုင်ငံ ၇ နိုင်ငံပဲ ရှိနေတာတော့ မဟုတ်ပြန်ပါဘူး။ တိုင်းငယ်၊ ပြည်ငယ်၊ နယ်မြေငယ်လေးတွေ လည်း ရှိနေပါသေးတယ်။ 

အထင်ရှားဆုံးအနေနဲ့ ကျို့(Zhou) တော်ဝင်နယ်မြေ ဟာ နယ်မြေငယ်လေးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ နောက်ထပ်ဥပမာ တစ်ခုကတော့ နွေဦးဆောင်းဦးကာလမှာ ထွန်းကားလာတဲ့ ယွဲ့ (越 Yue) နိုင်ငံပါ။ အဲဒီနိုင်ငံဟာ ဒီနေ့ခေတ် ရှန်ဟိုင်းပတ်ဝန်းကျင်မှာ ‌ရှိနေခဲ့ပြီး၊ နောက်ပိုင်းမှာ ချူနိုင်ငံ လက်အောက် ရောက်ရှိသွားပါတယ်။ 

အင်အားကြီး ခုနစ်ပြည်ထောင်အကြား အဆက်မပြတ်တဲ့ စစ်ပွဲတွေ ဖြစ်ပွားခဲ့တာမို့ စစ်မက်ထူပြောသောကာလ လို့ ခေါ်ဆိုကြတာလည်း ဖြစ်ပါတယ်။ 

စစ်မက်ထူပြောတယ် ဆိုရာမှာ ခုနစ်ပြည်ထောင်အကြား တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ နယ်စပ်ရေး၊ စသည်ဖြင့် မကျေနပ်မှု တစ်ခုခုဖြစ်ပေါ်ရာက ပွတ်တိုက်မှုတွေ ဖြစ်ပေါ်ပြီး စစ်မက်ဖြစ်ပွားတာမျိုး မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံချင်းစီက အခြားနိုင်ငံအားလုံးကို သိမ်းပိုက်ပြီး အင်ပါယာကြီး ထူထောင်နိုင်ဖို့ ကြိုးစားရင်း ဖြစ်ပွားတဲ့ စစ်ပွဲတွေ ဖြစ်ပါတယ်။ ဒါကြောင့် စည်းလုံးမှု ပျက်ယွင်းပြီး တိုက်ကြတဲ့ စစ်ပွဲမျိုးထက် ပထမဆုံး တရုတ်အင်ပါယာ ပေါ်ပေါက်လာဖို့ တိုင်းပြည်တွေကို စုစည်းနိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားရင်း စစ်ခင်းကြတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ 

အဲဒီပြိုင်ပွဲမှာ ချင် နိုင်ငံက အောင်ပွဲခံပြီး ဘီစီ ၂၂၁ မှာ ချင်ဘုရင် ချင်ရှီဟွမ် (秦始皇 Qin Shi Huang) ပထမဆုံး တရုတ်အင်ပါယာ ကို ထူထောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျို့ခေတ်လည်း အဆုံးသတ်ခဲ့ရပါတယ်။  

စစ်မက်ထူပြောသောကာလ အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအကြောင်း ဆက်လက်လေ့လာကြရပါဦးမယ်။ 

~~~~~~~~~~~~~~~~~~~~

👉ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတိုများ (၁ — ၃၅) 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar