ရတနာပုံဆရာမှတ်ကြီး - မြန်မာစစ်နိုင်ငံတော်ကြီးမှ ဗမာစစ်နိုင်ငံတော်လေးသို့ ပြဇာတ်ရှော်ကြီး
ရတနာပုံဆရာမှတ်ကြီး - မြန်မာစစ်နိုင်ငံတော်ကြီးမှ ဗမာစစ်နိုင်ငံတော်လေးသို့ ပြဇာတ်ရှော်ကြီး
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄
“NCAဆိုတာ
အကြံမသတီစရာတွေပါဘဲ
အမှန်ပြည်ကြေမယ့် စာချုပ်မို့
မသာပုတ်လို ဖုတ်ကျည်းသင်္ဂြိုဟ်လိုက်ကြောင်း
ပအိုဝ်းနီနဲ့ မွန်ပြည်သစ်က မောင်းခတ်ကြေညာလိုက်တယ်ခမျ။ ဒူ ဒူ ဒူ”
“တယ် နားဝင်ချိုတဲ့မောင်းပါလား၊ မိချောင်းစောင်းကြိုးနဲ့ အိုးစည်သံ ညံသလေ့လေ့ပေါ့လကွယ်။ အင်းလေ ခုဆို သရေကြိုးစစ်တပ်ဟာ လူသတ်မြို့ဖျက်ရာကနေ လမ်းဖျက်တံတားမိုင်းခွဲ ဗိုင်းဗိုင်းလဲတော့မယ့်အခြေဆိုက် ခံစစ်ကနေ ခွါစစ်တဲ့၊ ပြီးရင် ခွါနာလျှာနာ လေးဘက်နာစစ်တွေလာတော့မယ်မဟုတ်လား”
“အဟုတ်ပငါ့လူရာ၊ စစ်သားတွေမလဲ မြေဩဇာဖြစ်လိုက် ရေမျောစာဖြစ်လိုက်နဲ့ ကျီးနဲ့ဖုတ်ဖုတ် လုပ်တိုင်းကုန်းတပ်ဖြစ်လာတော့ ခုဆို ဘာတဲ့ ဘောပုနဲ့ခေါကြူ့မှုထမ်းဥပဒေထုတ်ဆိုဘဲ”
“ထုတ်ရပြီကောမောင်၊ ဒီမိုကရေစီရေး အသက်ပေးတိုက်ကြ၊ အရပ်သားအုပ်ချုပ်ရေး အသက်ပေးတိုက်ကြ၊ ဖက်ဒရယ်ရေး အသက်ပေးတိုက်ကြနဲ့ ၈၈ကတွက်ရင် နှစ်သုံးဆယ်လောက်အရောက်မှာ အရပ်သားစစ်စစ်နောက် အာဏာကလေးကောက်ကောက်ပါလာတော့ အရပ်သားလက် အာဏာစက်ပြန်ရောက်တယ်ဆိုရင်ဘဲ အကြောက်မျိုးစုံနဲ့ နောက်အိုးမလုံဖြစ်ပြီး စစ်အာဏာပြန်သိမ်းလိုက်တာလေ အာဏာမရဘဲ မသာချရတာနဲ့ နားရတယ်မရှိ ဖြစ်နေ မဟုတ်လားကွဲ့”
“လုံးဝ အုပ်ချုပ်၍ မရစေရဆိုတဲ့အတိုင်း စကထဲက ဖျင်တာဖျင်တာဆို အို ဘယ်လိုပြောရမယ်မှန်းတောင်မသိတော့၊ ရွာကရွှေမိတောင် မိုင်းသရဲမဖြစ်နေပြီ အဘိုးရဲ့”
“ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်မတဲ့၊ ခုဆို အမြီးတွေ တော်တော်ပြတ်နေပြီ၊ အမြစ်လဲ သိပ်မကြာတော့ဘူး။ ဒီနဂါးနှစ်မှာ မြန်မာပြည်သူမူလပိုင်ရှင်တွေဆီ အာဏာပြန်အပ်မယ်လို့ ညီနောင်သုံးဖော်က ပြောတယ်”
“ကြားရကြားရ နားဝအရသာရှိ အားရပါဘိသနဲ့၊ မြန်မာစစ်နိုင်ငံတော်ကြီးဆိုတာ အပြီးကွယ်ပျောက်တော့မှာ သေချာပလေ။ တိုင်းရင်းသားမြေမှာ ခွေးခြေချစရာကုန်တော့မှာမဟုတ်လား။ ရှမ်းမြောက်ကြည့်၊ ရခိုင်ကြည့်၊ ချင်းပြည်ကြည့်၊ ကရင်နီကြည့်၊ ရှမ်းတောင်လဲ ခု ပအိုဝ်းနီက ချပြီ။ ရှမ်းနှစ်ဖွဲ့နဲ့ ဝကလဲ မနက်အိပ်ယာထသိမ်းသိမ်း နေ့လည်စာစားပီးသိမ်းသိမ်း ဘယ်ချိန်ထသိမ်းသိမ်းမဟုတ်လား။ မကြာခင် မြန်မာဆိုတာ မရနိုင်တော့မှန်းသိသမို့ စစ်မှုထမ်းဥပဒေထုတ်ပြီး မြန်မာစစ်နိုင်ငံတော်ကြီးကနေ ဗမာစစ်နိုင်ငံတော်လေး ထောင်ဖို့ ဘိုင်ကြံကြံတာပေါ့လေ”
“မြန်မာစစ်နိုင်ငံတော်ကြီး အပြီးထောင်ဖို့ဆို အာဏာသိမ်းတာဘဲ၊ ဒေါ်စု မရှိရင် ရပြီထင်တာ၊ အင်း ဟိုက သူ့ပြည်သူကို စိတ်ချပါပြီလို့ တရားရုံးထုတ်မှာ ပြုံးပြုံးကြီး မိန့်လိုက်တော့ ဒီကောင်တွေ အစက သဘောမပေါက်ဘူးရယ်၊ ငှက်ပျောအူမလောက်တော့မှ ရိပ်မိချိန် နောက်ကျပြီလေ၊ ဗမာနဲ့ ဗမာတပ်လမ်းခွဲတာမြင်တော့ “စိတ်ဝမ်းကွဲလျှင် ချက်ချင်းပင် ထိုးစစ်ဆင်လိမ့်မည်” လို့ ဆရာတော်မိန့်မှာခဲ့တဲ့အတိုင်း ညီနောင်သုံးဖော်က အမုန်းကစ်တော့တာ ဒုံးပစ်စင်တွေတောင် ကလေးတွေဆော့စရာရပြီပ”
“အင်း စစ်အုပ်စုက ခု ဗမာပြည်နယ်ကို ဗမာစစ်နိုင်ငံလေးထောင်ဖို့ စစ်မှုထမ်းဥပဒေထုတ်ပြီး အရင်ဆုံး အပိုင်သေချာ ခိုင်ရွှေဝါနန်းလေးတွေကို ဂန်းပေးပြီး ဗမာနယ်ခြားစောင့်တပ်လုပ်ဖို့ကြံပြီလေ၊ ရှေ့ဆုံးကတော့ မီးသပ်ဘဲ၊ စစ်အုပ်စု အနီးကပ်မွေးထားတဲ့ ဖားကလေးတွေပေါ့၊ ဆာတဲ့အချိန် ရိုက်သတ်ချက်စားနေကြ၊ မွေးမြူရေးငါး ဝန်ထမ်းများလဲ မြေပြင်မှာ ဖျတ်ဖျတ်လူးရတော့မယ့်အခြေ၊ ကွန်းဖော့ဇုန်မှာ ဂျွမ်းဆော့ချိန်ကုန်ပြီလေ”
“အော် နန်းတွေလဲ ပန်းတွေခြောက် စမ်းရေနောက် လမ်းတွေပျောက်”
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar