မောင်စွမ်းရည် - သူငယ်ချင်း သန်းဘို
မောင်စွမ်းရည် - သူငယ်ချင်း သန်းဘို
(မိုးမခ) ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၄
ကျွန်တော် အသက်အရွယ် ကြီးလာသည်အထိ ပေါင်းသင်းမိနေတဲ သူငယ်ချင်းတွေဟာ ကိုသာနိုး၊ ကိုသိန်းနိုင်၊ ကိုဘဂျမ်း(တင်မိုး) တို့လို စာပေ သူငယ်ချင်းတွေ များပါတယ်။ ရှားရှားပါးပါး စာပေသမား မဟုတ်တဲ့ သူငယ်ချင်းတွေထဲမှာ ကိုသန်းဘို ဆိုသူတဦး ပါရှပါတယ်။ သူက စာရေးဆရာ၊ ပန်းချီဆရာ မဟုတ်လို့ လူသိနည်းပါတယ်။ သူနဲ့ ကျွန်တော်နဲ့ ပေါင်းမိသွားတာက တက္ကသိုလ်မှ သင်ယူကြတဲ့ ဘာသာရပ်တွေ တူနေလို့ပါ။ သူရော ကျွန်တော်ရော ဘူမိဗေဒ၊ ဓာတုဗေဒနဲ့ ပထဝီဘာသာတွဲကို ယူကြပါတယ်။ ဘူမိဗေဒအတန်းထဲမှာ စာပေသမားတဦး ပါပေမဲ့ သူက မိန်းကလေး ဖြစ်နေလို့ ကျောင်းမမှန်တဲ့ ကျွန်တော်က အနီးကပ် အားကိုးလို့မရပါ။ သူက မတင်မွှေးလှ ပါ။ ယုဝတီကလောင်ရှင် ပင်းယမွှေး ပါ။ ကျွန်တော်က ကျောင်းတက်မမှန်တော့ မှတ်စုမစုံပါ။ သူငယ်ချင်းကိုပဲ အားကိုးရတာပါ။ စာမေးပွဲနားနီးရင် ကိုသန်းဘို နဲ့ လိုက်အိပ်ပြီး စာအတူကျက်ရပါယ။ သူက ကျောင်းစာတွေ ကျွန်တော့်ကို ရှင်းပြနေတုန်း ကျွန်တော်က ကုလားထိုင်ပေါ် အိပ်ပျော်သွားလို့ ကျွန်တော့်ကို ကုလားထိုင်ပေါ်က ကန်ချခဲ့ဖူးပါတယ်။
ကျွန်တော်က သူ့ဆီကိုလိုက်ပြီး အိပ်ရ၊ စားရတာ အားနာစရာမလိုပါ။ သူက သူ့ဦးကြီး ဘုန်းကြီး ကျောင်း ဘော်ဒါဆောင်မှာ နေတာပါ ဘုန်းကြီးကျောင်းကလည်း ရိုးရိုးဘုန်းကြီးကျောင်း မဟုတ်ပါ။ မိဘမဲ့ကလေးများကို ကျွေးမွေးစာသင်ပေးတဲ့ကျောင်းပါ။ ဘီ-ဘီ-အို-အေ (B.B.O.A) ကျောင်းလို့ ခေါ်ပါတယ်။ မန္တလေးအစိုးရ အလွတ်ကျောင်းတွေကို ပြည်သူပိုင် သိမ်းတော့ စာသင်ကျောင်းက အမှတ် (၅) အ.ထ.က ဖြစ်သွားတယ် ထင်ပါတယ်။ မိဘမဲ့ကျောင်းသားများရဲ့ ဘော်ဒါဆောင်ကိုတော့ သူက အုပ်ချုပ်ရပါတယ်။ ကျောင်းသားတွေကို ဘော်ဒါဆောင်ကပဲ စောင့်ရှောက် ကျွေး မွေး၊ အဝတ်အစားများ ပေးရပါတယ်။ ဘော်ဒါကျောင်းသားများအတွက် ဆန်၊ ပဲ စသည်တို့ကို S.A.M.B ခေါ် အစိုးရ ကောက်ပဲသီးနှံရုံးက လစဉ်ထောက်ပံ့ပါတယ်။ အဲဒီကာလမှာ မန္တလေးမြို့ ကောက်ပဲသီးနှံရုံးရဲ့ ဇုံမန်နေဂျာက မြင်းခြံဘက်ကပါ။ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ထနောင်းတိုင်ရွာ ဇာတိဖြစ်ပြီး ကျွန်တော့်အမေဘက်က ဦးလေးတော်စပ်ပါတယ်။ တခါတရံ ကျွန်တော်က ကျွန်တော့်ဦးလေးအိမ်မှာလည်း တလ ကိုးသီတင်း အိပ် စား နေတတ်ပါတယ်။ ဦးလေးက ကိုသန်းဘိုကို ဘုန်းကြီးရဲ့တူအဖြစ် သိကျွမ်းနေပါတယ်။
ကိုသန်းဘိုက မိဘမဲ့ကျောင်းရှိရာ မန္တလေးမြို့ အရှေ့ဖျားမှာ နေရပေမဲ့ သူ့မိဘတွေရဲ့အိမ်က မန္တလေးမြို့ရဲ့ အနောက်ဖျား မင်းတဲ-ဘီကင်းရပ်ဘက်မှာ ရှိပါတယ်။ စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက် တာ မောင်မိုးသူရဲ့ ဇနီး၊ မိဘများနေတဲ့အရပ် တရပ်တည်းလို့ ဆိုရမယ် ထင်ပါတယ်။ ကိုသန်းဘိုတို့ မောင်နှမတတွေ ရုပ်ချင်းဆင်ကြပါတယ်။ အသားညိုညို၊ စိုစိုပြည်ပြည်၊ ထောင်ထောင်မောင်းမောင်းချည်းပါပဲ။
ကိုသန်းဘိုရဲ့ ဦးကြီး ဆရာတော်ကတော့ ထွားထွားကျိုင်းကျိုင်း မဟုတ်ပါ။ အယူအဆ ခေတ်ဆန်တယ် ပြောရမယ် ထင်ပါတယ်။ အရှင်အာဒိစ္စဝံသ တို့၊ တောင်တွင်းရှင်ဥက္ကဋ္ဌ တို့နဲ့ အဆက်အဆံရှိပါတယ်။ တဂိုဏ်းတည်းလို့ ဆိုရပါမယ်။ အရှင်ဥက္ကဋ္ဌရဲ့ လက်ရေးမူစာအုပ်တောင် ဘီဘီအိုအေဆရာတော် ဦးပဝရထံမှာ တွေ့ရဖူးပါတယ်။ 'လူသေ လူဖြစ်' စာအုပ် လက်ရေးမူတခုပါ။ တောင်တွင်းဆရာတော် အရှင်ဥက္ကဋ္ဌ ကိုယ်တိုင် ဦးပဝရထံ ဘီဘီအိုအေကျောင်းကို ကြွလာတော်မူတာကိုလည်း တွေ့ရဖူးပါတယ်။
ကိုသန်းဘိုဟာ ဘုန်းကြီးကျောင်းမှာ နေပေမဲ့ ဘာသာရေးကို အထူးလေ့လာလိုက်စားသူတော့ မဟုတ်ပါ။ ဒါပေမဲ့ ရိုးသားဖြောင့်မတ် တည်ကြည်သူတဦး ဖြစ်ပါတယ်။ အမျိုးသမီးများနဲ့လည်း အရောတဝင် နေလေ့မရှိပါ။ ဘုန်းကြီးကျောင်းမှာ ဆိုတော့ သူ့ပတ်ဝန်းကျင်မှာ အမျိုးသမီးများလည်း မရှိပါ။ တက္ကသိုလ် ဘူမိဗေဒ စာသင်ခန်းမှာ ဆိုရင်လည်း အမျိုးသမီး သုံးယောက်ပဲ ရှိတာပါ။ မှူးမျိုးမတ်နွယ်၊ မဟာမျိုးမဟာနွယ်လို့ ဆိုတဲ့ ပင်းယမွှေး ခေါ် တင်မွှေးလှ နဲ့ တရုတ်မလေး တယောက်၊ကုလားမလေး တယောက်၊ ဒီ သုံးယောက်ပဲ ရှိတာကိုလည်း သိပ်ပြီးအရောတဝင် မရှိလှပါ။ သူ့ကျောင်းစာနဲ့ မိဘမဲ့ကျောင်းသားများ ကိစ္စကိုသာ စိတ်ဝင်စားပါတယ်။ သူနဲ့အတူနေနတဲ့ တက္ကသိုလ်ကျောင်းသား နှစ်ယောက် ရှိပေမဲ့ ယူကြတဲ့ ဘာသာတွဲကလည်း မတူ၊ အတန်းကလည်း မတူကြလို့ တွဲချိန် မရှိလှပါ။ တခါတရံ ကျွန်တော်တို့နဲ့ စုပြီး စကားဝိုင်းဖွဲ့တာမျိုးပဲ ရှိပါတယ်။
ဘီဘီအိုအေကျောင်းမှာ မြေကွက်လပ်အကျယ်ကြီး ရှိပါတယ်။ လမ်းခြားပြီး အနောက်တောင်ဘက်မှာလည်း ခြံတခု ရှိပေမဲ့ ဟင်းသီးဟင်းရွက် အနည်းအပါးသာ စိုက်ပျိုးတာ တွေ့ရပါတယ်။ ရေပေါ မြေပေါတဲ့ နေရာမှာဖြစ်လို့ များများစိုက်ပျိုးနိုင်ရင်တော့ မိဘမဲ့ကျောင်းသားတွေအတွက် ဟင်းသီးဟင်းရွက် ပေါပေါလောလောစားဖို့ အထောက်အပံ့ရနိုင်မှာပါ။ မွေးမြူရေးလုပ်ဖို့ အကွက်အကွင်းလည်း ကောင်းပေမဲ့ ဘုန်းကြီးကျောင်း ဖြစ်နေလို့ မွေးမြူရေးကိုတော့ လုပ်မှာ မဟုတ်ပါ။ မြို့အစွန်မှာ၊ မြေကလည်း ကျယ်၊ ရေနီမြောင်းနဲ့လည်း နီးလို့ စိုက်ပျိုးရေး၊ ဘူး ဖရုံ ဖရဲ သခွားနဲ့ ခရမ်းချဉ်၊ ခရမ်းချိုများ စိုက်ပျိုးနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ မိဘမဲ့ ကျောင်းသားများကို ရိက္ခာထောက်ပံ့နေတဲ့ S.A.M.B ရုံး ဇုန်မန်နေဂျာရဲ့တူလည်း ဖြစ်၊ ကိုသန်းဘိုရဲ့ သူငယ်ချင်းလည်း ဖြစ်လို့ မိဘမဲ့ကျောင်းသားများ ကိစ္စမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်ခွင့် ရှိပေမဲ့ ကိုသန်းဘိုကသာ ဘွဲ့ရသွားပြီး ကျွန်တော်က နှစ်ခါကျလိုက်၊ သုံးခါကျလိုက်နဲ့ ကျောင်းထွက်ခဲ့ရပြီး အိမ်ထောင်ကျသွားတဲ့အတွက် ကိုသန်းဘိုနဲ့လည်း ဝေး၊ မိဘမဲ့ကျောင်းနဲ့လည်း ဝေးခဲ့ရလို့ အဆက်ပြတ်သွားပါတယ်။ ကျွန်တော်က ရန်ကုန်ကို ပြောင်းသွားတော့ ကိုသန်းဘိုနဲ့ပါ အဆက်ပြတ်သွားခဲ့ပါတယ်။
မန္တလေး ရောက်တိုင်း လူထုသတင်းစာတိုက်ကနေပြီး ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါ။ သူငယ်ချင်း ကိုသန်းဘို သက်ရှည်ကျန်းမာစွာနဲ့ မိဘမဲ့ကျောင်းသားများ အကျိုးကို ဆတက်ထမ်းပိုး တိုးပြီး ဆောင်ရွက်နိုင်ပါစေသတည်း။
မောင်စွမ်းရည်
၂၀၂၃၊ စက်တင်ဘာ
နယူးယောက်
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar