Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃၅

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃၅

(မိုးမခ) ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၄


ထျန်ရှစ်တိုက်ချီ - ချီနိုင်ငံ၏ မင်းဆက်အပြောင်းအလဲ

ခြွင်ချိုး(春秋 Chunque) လို့ခေါ်တဲ့ နွေဦးဆောင်းဦးကာလ၊ တနည်းအားဖြင့် အရှေ့ဘက်ကျို့ခေတ်ရဲ့ ပထမပိုင်း ဟာ ဘီစီ ၇၇၂ နဲ့ ဘီစီ ၄၇၆ ကြားလို့ သတ်မှတ်ထားပါတယ်။ 

ခြွင်ချိုး ရဲ့နောက်မှာ ကျန့်ကော်ရှီတိုင့် (战国时代 Zhànguó Shídài) လို့ ခေါ်တဲ့ စစ်မက်ထူပြောသောကာလ ပေါ်ပေါက်လာပါတယ်။ နာမည်နဲ့လိုက်အောင် စစ်ပွဲတွေ ထူပြောပြီး စည်းလုံးမှုပျက်ယွင်းတဲ့ ကာလ ဖြစ်တယ်လို့ ဆိုရမှာပါ။ ကျို့ဧကရာဇ် ရဲ့ အင်အား ချည့်နဲ့လှသလို၊ ဧကရာဇ်အောက်က ဩဇာကြီးတဲ့ နိုင်ငံကြီးတွေလည်း အစည်းပြေနေတဲ့ ကာလ ဖြစ်ပါတယ်။ 

ခြွင်ချိုး ကနေ ကျန့်ကော်ရှီတိုင့် ကို ကူးပြောင်းဖို့ အဓိက အချက် ၂ ချက်က တွန်းပို့ခဲ့ပါတယ်။ ပထမတစ်ခုက စန်းကျားဖန်းကျင် (三家分晉Sānjiā Fēn Jìn) လို့ခေါ်တဲ့ ကျင်နိုင်ငံ ပြိုကွဲတဲ့ဖြစ်စဉ်ပါ။ ဒုတိယတစ်ခုကတော့ ထျန်ရှစ်တိုက်ချီ (田氏代齊Tián shì dài qí) ဆိုတဲ့ဖြစ်စဉ်ပါ။ ချီ(Qi)နိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို ထျန်(Tian) မိသားစုက အစားထိုးပြီး ရယူလိုက်တဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ Usurpation of Qi by Tian လို့ မှတ်တမ်းတင်ကြပါတယ်။ 

ချီ ဟာ ကျို့လက်အောက်ခံ နိုင်ငံကြီး တစ်နိုင်ငံပါ။ ဝူပါး (五霸 Wǔ Bà) လို့ခေါ်တဲ့ အင်အားကြီး ဘုရင်ခံနိုင်ငံ ငါးနိုင်ငံ အနက် ချီ ဟာ ကျို့နန်းတော်က ပထမဆုံး အသိအမှတ်ပြုခဲ့ရတဲ့ ဘုရင်ခံနိုင်ငံပါ။ 

ချီ ဟာလည်း နိုင်ငံငယ်တွေကို သူ့လက်အောက်ထဲ ဆွဲသွင်းထားတဲ့ နိုင်ငံ တစ်နိုင်ငံပါ။ ဒါကြောင့် ချီမှာ နိုင်ငံရေးအာဏာကို အင်အားကြီး မိသားစုတွေက ခွဲဝေရယူထားကြပါတယ်။ နွေဦးဆောင်းဦးကာလရဲ့ နှောင်းပိုင်းကာလတွေအထိ ချီနန်းတော်ရဲ့ ဘုရင်ရာထူးကို ကျန်း (姜Jiang) မိသားစုက ချုပ်ကိုင်ထားပါတယ်။ အဲဒီ ကျန်းမိသားစုဝင်တွေ ဆိုတာ ရှန်းခေတ်ကို ဖြိုချပြီး ကျို့ခေတ်ကို ထူထောင်နိုင်ဖို့ စစ်ရေးမဟာဗျူဟာ ခင်းပေးခဲ့သူ ကျန်းဇစ်ယာ (Jiang Ziya) ရဲ့ မျိုးဆက်တွေပဲ ဖြစ်ပါတယ်။ 

ဘီစီ ၆၇၂ မှာ ချန် (陈 Chen) နိုင်ငံဟာ ပြည်တွင်းမငြိမ်မသက်မှုတွေ ဖြစ်ပါတယ်။ ချန်နိုင်ငံထဲက မင်းသား ချန်ဝမ် (Chen Wen) ဟာ ချီနိုင်ငံအောက်ကို ခိုလှုံလာပြီး ချန်အိမ်တော်အဖြစ် ရပ်တည်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ချန် အိမ်တော်ဟာ ထျန်အိမ်တော် ဖြစ်လာတာပါ။ 

ဘီစီ ၅၄၅ အရောက်မှာ ထျန်အိမ်တော်ရဲ့ ဩဇာနဲ့ အင်အားဟာ အတော်ကြီးမားလာပါတယ်။ ထျန် ဟာ အခြား အင်အားကြီးတဲ့ မိသားစုတွေနဲ့ ပူးပေါင်းပြီး၊ ချင် (慶Qing)၊ လွမ်(欒Luan) နဲ့ ကောင်း(高Gao) မိသားစုတွေကို နှိမ်နှင်းလိုက်ပါတယ်။ 

တချိန်တည်းမှာ ထျန် အိမ်တော်ဟာ အင်အားငယ်တဲ့မိသားစုတွေနဲ့၊ ချီပြည်သူတွေကို စည်းရုံးမှုတွေ လုပ်ပါတယ်။ ထျန်အိမ်တော်ခေါင်းဆောင် ဟွမ်ဇီ (Tian Huanzi) ဟာ ချီနန်းတော်က အပိုင်စားနယ်မြေ မပေးထားတဲ့ ရာထူးကြိးတချို့ကို နယ်မြေအချို့ ခွဲဝေအုပ်ချုပ်စေပါတယ်။ စားနပ်ရိက္ခာ မလောက်ငှတဲ့ ဆင်းရဲသားတွေထံ စားနပ်ရိက္ခာတွေ ဝေခြမ်းစေပါတယ်။ 

ဟွမ်ဇီ ကို ဆက်ခံတဲ့ စီးဇီ (Tian Xizi) လက်ထက်အရောက်မှာ လယ်သမားတွေကို အလွန်သက်သာတဲ့ အတိုးနှုန်းနဲ့ ငွေချေးပေးတဲ့ အစီအစဉ်ကို တိုးချဲ့ ဆောင်ရွက်ခဲ့ပါတယ်။ 

အဲဒီအချိန်မှာ ချီရဲ့ တရားဝင် အကြီးအကဲ ကျန်းအိမ်ကတော့ လာဘ်စားတာနဲ့ နာမည်ကြီးနေချိန်ပါ။

ဘီစီ ၄၈၉ မှာ ကျန်းမိသားစုခေါင်းဆောင် ဘုရင်ကျင် (Jing) ကွယ်လွန်ပါတယ်။ ချီ နန်းတော်ရဲ့ လက်ရုံး အင်အားကြီး မိသားစုတွေ ဖြစ်တဲ့ ကောင်း(高Gao) နဲ့ ကော်(國 Guo) တို့က ဘုရင်ကျင်ရဲ့အငယ်ဆုံးသားတော် မင်းသားထူ (Tu) ကို ထီးနန်းပေးလိုပါတယ်။ ထျန်မိသားစုကတော့ အခြားမင်းသားတစ်ပါးဖြစ်တဲ့ ယန်ရှန်း (Yangsheng) ကို နန်းတင်လိုပါတယ်။ ဒါကြောင့် စီးဇီ ဟာ ကောင်း နဲ့ ကော် နှစ်အိမ် ကို အင်အားသုံး ဖယ်ရှားလိုက်ပြီး ယန်ရှန်း ကို ဘုရင်သောက် (悼) အမည်နဲ့ နန်းတင်လိုက်ပါတယ်။ သူ့ကိုယ်သူတော့ နန်းရင်းဝန် အဖြစ် ကြေညာပါတယ်။ ချီ နိုင်ငံမှာ ထျန်မိသားစုဟာ ဩဇာအကြိးဆုံး ဖြစ်လာပါတယ်။ 

နောက်ပိုင်း ထျန် အိမ်မှာ စီးဇီ ရဲ့ အရိုက်အရာကို ချန်းဇီ (Chengzi) က ဆက်ခံပါတယ်။ 

ဘီစီ ၄၈၅ အရောက်မှာ ချန်းဇီက  ချီ နန်းတော်ရဲ့ ဘုရင်သောက် ကို ဖယ်ရှားပြီး သားတော် ကျန်း (Jian) ကို နန်းတင်ပြန်ပါတယ်။ ဘီစီ ၄၈၁ မှာ ဘုရင်ကျန်း ရို သတ်ပြန်ပြီး ကျန်း ရဲ့ ညီအစ်ကိုတော်သူ ဖျင် (Ping) ကို နန်းတင်ပြန်ပါတယ်။ 

ထျန် မိသားစု ဟာ အင်အားကြီးမားရုံမက ချီနန်းတော်ကို နောက်ကွယ်က ကြိုးကိုင်သူ (de facto)၊ တနည်းအားဖြင့် တရားဝင်မဟုတ်စော်လည်း အာဏာကို လက်တွေ့ချုပ်ကိုင်ကျင့်သုံးသူ ဖြစ်လာတာပါ။ 

ဘီစီ ၃၉၁ မှာ ချန်းဇိ ရဲ့ မြစ်တော်သူ ဟယ် (Tian He) က ချီဘုရင် ခန်း (Kang) ကို ဖယ်ရှားလိုက်ပြန်ပါတယ်။ ဖယ်ရှားတယ် ဆိုပေမယ့် ခန်း ကို သတ်မပြစ်ပါဘူး။  

ဒါပေမဲ့ ချီနန်းတော်အတွက် ဘုရင်အသစ်လည်း အစားမထိုးပါဘူး။ ဒါကြောင့် ချီနန်းတော်ဟာ ဘီစီ ၃၉၁ နဲ့ ၃၈၆ ကြားမှာ ထီးနန်းလွတ်နေခဲ့ပါတယ်။ 

ဘီစီ ၃၈၆ မှာ ဟယ် က နန်းကျဘုရင် ခန်းကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ သူ့ကိုယ်သူ ချီ ရဲ့ ဘုရင်အဖြစ် ကြေညာပါတယ်။ အဲဒီနှစ်မှာပဲ ကျို့ နန်းတော်က ဟယ် ကို ချီနိုင်ငံရဲ့ ဘုရင်အဖြစ် အသိအမှတ်ပြုခြဲသလို ထျန်မိသားစုကိုလည်း ချီရြဲ အုပ်စိုးသူ မိသားစုအဖြစ် တရားဝင် သတ်မှတ်ပေးခဲ့ပါတယ်။ 

ဘီစီ ၃၇၉ မှာ နန်းကျဘုရင် ခန်း ကွယ်လွန်ပြီး ချီရဲ့ နိုင်ငံရေးမှာ ကျန်း  မျိုးဆက် ပြတ်တောက်သွားပါတော့တယ်။ 

ထျန်းရဲ့ မျိုးဆက်ဘုရင်တွေဟာ ဘီစီ ၂၂၁ မှာ ချီ ကို ချင် (Qin) က ဝင်သိမ်းတဲ့အချိန်အထိ ထီးနန်းကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

ချီ နိုင်ငံရဲ့ ထျန်ရှစ်တိုက်ချီ ဇာတ်လမ်းဟာ ကျင်နိုင်ငံရဲ့ စန်းကျားဖန်းကျင် နဲ့ ခေတ်ပြိုင်ပေါ်ပေါက်ခဲ့ပြီး၊ အဲဒီဖြစ်စဉ် နှစ်ခုဟာ နွေဦးဆောင်းဦးကာလရဲ့ အဆုံးပိုင်း ဖြစ်သလို စစ်မက်ထူပြောသောကာလ ရဲ့ အစပိုင်းလည်း ဖြစ်ပါတယ်။ 

~~~~~~~~~~~~~~~~~~~~

👉ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတိုများ (၁ — ၃၄) 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar