Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၈ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၈ )

(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄


16/2/24

Diary in the darkness



မြောက်ပိုင်းမှာ ခွက်ခွက်လန်ရှုံးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်မှာ ပြုတ်ပြုတ်ပြုန်းနေပြီဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ အဆက်မပြတ် တွေ့နေရတယ်။ 

စစ်သင်္ဘောနစ်လို့ ရေထဲမျောနေတဲ့ စစ်ကောင်စီတပ်သားတွေကို ရခိုင်တော်လှန်ရေးတပ်သားတွေက စက်လှေပေါ် ကယ်တင်နေတဲ့ ရုပ်သံဖိုင်တွေ တက်လာတယ်။ အဲဒီလို ကယ်တင်ရာမှာ သာမန်စစ်သားတွေသာမက ဗိုလ်မှူးအဆင့်ရှိသူတွေကိုပါ ကယ်တင်ခဲ့တယ်လို့ သိရတယ်။  အဝါရောင်ပလတ်စတစ်ပုံးခွံတွေကို တွယ်ဖက်လိုက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ သေဘေးကလွတ်မြောက်ရေးအတွက် အထိတ်တလန့် အကူအညီ တောင်းခံနေတာ တွေ့ရတယ်။ 

မြဝတီရုပ်သံမှာတော့ ရေကူး ထွက်ပြေးလာတဲ့ စစ်ကောင်စီမိသားစုတွေကို လှေပေါ်က တော်လှန်ရေးတပ်သားတွေက ဝါးချွန်နဲ့ ထိုးသတ်တယ်လို့ ဇော်မဲလုံးက ပြောသွားတယ်တဲ့။ စစ်ကောင်စီလော်ဘီ ကျော်မျိုးမင်းက ရေနစ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်သားတွေ ကယ်တင်နေတဲ့ ရုပ်သံဟာ ဇာတ်လမ်းဆင်ရိုက်ထားတဲ့ ဗီဒီယိုဖိုင်သာဖြစ်ကြောင်း ပြောသွားတယ်။ ရှင်းလင်းတဲ့ အထောက်အထားတော့ ပြမသွားပါဘူး။ 

လော်ဘီ ဆိုတော့ လော်ဘီအဆင့်လောက်ပါပဲ။ ဒီဗီဒီဖိုင်အစစ် ဟုတ်၊ မဟုတ်ဆိုတာ အချက်အလက် မှန်၊ မမှန် စစ်ဆေးတင်ပြလေ့ရှိတဲ့ မီဒီယာကြီးတွေ ဘာပြောမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဘာပဲဖြစ်ဖြစ် အေအေဟာ စစ်ရေးစစ်မျက်နှာ တခုတည်းသာမက မီဒီယာစစ်မျက်နှာကိုပါ လွမ်းမိုးနေတယ်ဆိုတာသိသာပါတယ်။ 

ရခိုင်ဒေသ စစ်မျက်နှာမှာ အေအေရဲ့ အောင်ပွဲတွေဟာ လျင်မြန်လွန်းတာကြောင့် သတင်းသမားတွေက အချိန်နဲ့တပြေးညီ ထုတ်လွှင့်ဖို့ အသည်းအသန် ကြိုးပမ်းနေရတယ်လို့ သိရပါတယ်။ 

တနေ့က ထုတ်တဲ့ စစ်မှုမထမ်းမနေရ ဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်ကြောင့် လူထုကြားထိတ်ထိတ်ပျာပျာ ဖြစ်ကုန်တယ်။ ဂယက်ကြီးတွေ ထ တယ်။ PDF ထဲပြေးဝင်တဲ့ လူငယ်တွေပိုများလာတယ်။ မိဘတွေကလည်း ခေါင်းငုံ့ပြီး အသေခံရတာထက် တိုက်ရင်းသေရတာက မြတ်တယ် ဆိုတဲ့ အမြင်ဘက်ကို ပြောင်းသွားတယ်။ အကြောက်တရားဟာ အကန့်အသတ်ရှိတယ်ဆိုတဲ့ စကားဟာ မှန်လွန်းတယ်။ လူထုကို အကြောက်တရားသွင်းပြီး အနိုင်ယူလေ့ရှိတဲ့ စစ်ကောင်စီဟာ ခုတော့ သူကိုယ်တိုင် ကြောက်ဒူးတုန်နေတာ မြင်သာတယ်။ စစ်ထဲ မဝင်မနေရ ဥပဒေကို ဝါးတားတား ပြန်လုပ်နေရတယ်။ ရှင်းလင်းပွဲတွေ လုပ်နေရတယ်။ ဒါပေမဲ့ သူ့စကားကို ယုံကြည်သူ မရှိသလောက်ပဲ။ အဆိုးဆုံးက သူစကားကို သူကိုယ်တိုင် ယုံကြည်ပုံမရဘူးဆိုတာ လူထုက သတိပြုမိသွားတာပဲ။

ယုံကြည်မှု ပျောက်ဆုံးသူဟာ မျော်လင့်ချက် ပျောက်တာပါပဲ။ 

မျှော်လင့်ချက်ပျောက်သူဟာ အသက်ပျောက်နေသူပါပဲ။ 

ဟုတ်ပါတယ်။ စစ်ကောင်စီဟာ ဖုတ်ဝင်နေတဲ့ ဖုတ်ကောင်တစ်ကောင်နဲ့ ပိုတူလာတာ ကျွန်တော် သတိပြုမိတယ်။


အန်ကယ်တူမီး

16/2/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar