ရဲဘော်တေး - အပိုင်ကျွန်မျိုး နိုင်လွန်ကြိုး
ရဲဘော်တေး - အပိုင်ကျွန်မျိုး နိုင်လွန်ကြိုး
(မိုးမခ) ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၄
ရခိုင်တွေပြန်လို့ ပြောချင်တာ။ အဘတော်ခေါင်မိဖုရား ခေါကြူမကြောင့် ဘောအူပွတွေ ဒစ်လည်ပြီး မဆီမဆိုင် ရခိုင်ဆိုင်တွေ လစ်လို့ ပြောရတော့သာပဲ။
ဟော ခု စစ်ဥကို ထောက်ခံပွဲလုပ်သာ ရှိသေး၊ စစ်ပင်စင် လာထုတ်ရင် ကိုယ်တိုင်လာရမတဲ့၊ မာမာချာချာ ဆိုရင် တခါတည်းများ တပ်ကို သတင်းပို့ခိုင်းမလား မသိ၊ မအလကို ငါကိုင်တုတ်နေကြရဲ့။
ဘောမတွေ ရွာလည်ချက်တော့၊ သူတို့သားသမီးတွေ အရင်လစ်ရမလား၊ သူတို့ အရင်လစ်ရမလား၊ ဘယ်တပ်မှာ ပြန်ဆုံကြမလဲ၊ ကံကုန်ရင် ပြန်ဆုံအုံးမလား၊ အားဟားဟား ဟစ်နေကြတာ၊ ခုတော့ ဘောမရပ်ကွက်မှာ ဒေးဗစ်လား အဲအဲ ဒေးဗစ်လှိုင်ရဲ့ "သင်တို့ကိုယ်တိုင် စစ်မှုထမ်းရမယ့်အချိန်ရောက်ပြီ" ဆိုတဲ့အသံကြီး ကြားရသလိုကို ဖြစ်ဖြစ်နေကြတာတဲ့။ သင်ကိုယ်တိုင် အိုးပစ် အိမ်ပစ် လစ်ချိန်ရောက်လာပြီကိုး။
ဖြစ်ရှာမှာပဲ။ နဂိုကမှ ပြည်သူက မကြည်ဖြူရတဲ့ကြားထဲ ချီးပုံလို ကွင်းရှောင်အောင် ခဏခဏလုပ်ခိုင်းပြီးမှ ကိုယ်တိုင်ရော မိန်းမရော သားသမီးရောမလွတ်အောင် စစ်မှုထမ်းဥပဒေထုတ်တာဟာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့သားသမီးတွေကို ကာကွယ်ပေးဖို့ တပ်တွင်း မောင်းသွင်းတဲ့အကွက်ကြီးလေ။ သက်ဦးဆံပိုင် ကျွန်မွေးကွက်ကြီး ဆိုတာ ရှင်းနေတာပဲ။ ပိုပြီးရှင်းတာက ပြည်ပထွက်ဖို့လဲ စစ်မှုထမ်းဟောင်းမိသားစုနဲ့ စစ်မှုထမ်းဆဲ အောက်ခြေမိသားစုဝင်တွေကို ပတ်စပို့စ် ထုတ်မပေးဘူး။ အောက်ခြေတပ်မိသားစုဆိုတာ သူတို့အတွက် အပိုင်ကျွန်မျိုး နိုင်လွန်ကြိုးတွေပေါ့။
သေဆိုသေ ရှင်ဆိုရှင်ပဲ၊ ခု စစ်ပွဲတွင်း အခြေအနေတွေသာ ကြည့်။ သေရွာမှာ နေရှာရ၊ သေခါမှလွတ် ကျွန်ဝဋ်က ကျွတ်တော့မည် ဆိုသလို။ ခုချိန်ထိ ရခိုင်မှာ ကျဆုံးစာရင်း ထုတ်ပြန်မပေး၊ သက်ဆိုင်သူတွေက ဘယ်နေ့ ရက်လည်ရမှန်း မသိ၊ ဘောမတွေ ရွာလည်တဲ့အထဲမှာ ရက်လည်ပါ ပါတယ်။ တချို့လဲ သူ ထုတ်တာစောင့်နေလို့ကတော့ နှစ်တောင် လည်ရမှာမဟုတ်ဘူးဆိုပြီး ကိုယ့်ဘာသာတွက်ချက် ရက်လည်နေကြတယ်။
ကိုယ့်ဘာသာရေးယုံကြည်မှုအရ အမျှမှ ဝေမပေးရရင် သေသူအတွက် စိတ်မဖြောင့်နိုင်ဘူးလေ။ သားသမီးဝတ္တရား ငါးပါးထဲတောင် လှူမျှဝေ၍ ထည့်ထားတာဆိုတော့ ကျန်ရစ်တဲ့ သားမယားမိဘဆွေမျိုး သူငယ်ချင်းအပေါင်းအသင်းတွေအဖို့ အမျှဝေမပေးရတာဟာ တာဝန်မကျေတဲ့အပြင် ဘာတဲ့ မောဟနဲ့သေ တိရစ္ဆာန်ပြည် ဒေါသနဲ့သေ ငရဲပြည်လို့ ဘုန်းကြီးတွေကို မုန့်ဟင်းခါးကပ်တိုင်း နာရတဲ့တရားတွေအရဆိုရင် တမလွန်မှာ မင်းဘာသာဘာဖြစ်ဖြစ် ငရဲနစ်နစ် တိရစ္ဆာန်ဖြစ်ဖြစ် ပြိတ္တာဖြစ်ဖြစ် ပစ်ထားလိုက်တာဟာ ရက်စက်ရာတောင် ကျသေး မဟုတ်လား။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar