လေခဏီ - မိစ္ဆာမင်းဆက်ပြုတ်ချိန်
လေခဏီ - မိစ္ဆာမင်းဆက်ပြုတ်ချိန်
(မိုးမခ) ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၄
ရွှေပေါ်ကျွန်းဆရာတော်ရဲ့ တဘောင်ထဲမှာ “နဂါးနတ်မင်း ပြည်တော်ဆင်း မိစ္ဆာမင်းဆက် ပြုတ်လိမ့်မည်” ဆိုတဲ့အချက်ဟာ တော်တော်စိတ်ဝင်စားစရာကောင်းတယ်။
နဂါးနတ်မင်းရဲ့ အလိုတော် ကျားဖြန့်တိုက်ဖျက်ရေးနဲ့ တွဲထားတဲ့ ၁၀၂၇ စစ်ဆင်ရေး ပေါ်ထွက်လာတော့မှဘဲ ဒီတဘောင်စကားက အသက်ဝင်လာတော့တယ်။
မိစ္ဆာမင်းဆက်ဆိုတာ ရှင်းပါတယ်၊ စစ်မင်းဆက်ပဲ ရှိတာပေါ့။ ရွှေပေါ်ကျွန်းဆရာတော် တဘောင် ဆိုတော့ မဆလခေတ် ပေါ်တာဘဲ။ ရှေးတဘောင် မဟုတ်လို့ ဘာသာမတူ မျက်နှာဖြူတွေလား ထင်မှားစရာမလို။ ဒီဘက်ခေတ်မှာ မင်းဆက်က စစ်မင်းဆက်ပဲ ရှိတာ။ မိစ္ဆာပါ ထည့်လိုက်တော့ ပိုသေချာသွားရော။ သူ့တို့ထက်မိစ္ဆာတာလဲ ဘယ်ဘုံမှရှာမနေနဲ့။ ဘုရားကျောင်းကန် ချာတ် ဗလီ ဘုရားရှိခိုးကျောင်းဘာသာရေးအဆောက်အအုံမှန်သမျှဖျက်၊ ဘုန်းကြီးသတ်ထောင်ချ၊ ဘုရားအဆုံးအမမှန်သမျှ ဓားသုံး၊ အဆုံးမဲ့မိုက်ကန်းခဲ့ မိုက်ကန်းဆဲ။ ရိုးရိုးမိစ္ဆာတောင်မဟုတ် ဘာသာပေါင်းစုံမိစ္ဆာ။ ကျားဖြန့်ဆိုတာလဲ မိစ္ဆာစီးပွါးဘဲလေ။ အင်း ခုတော့ နဂါးနတ်မင်း ပြည်တော်ဆင်းလာပြီဆိုတော့ မင်းဆက်မိစ္ဆာ ပြိတ္တာသူခိုး လူဆိုးမုဒိမ်း ကျားဖြန့်ဂိုဏ်းချုပ် ပြုတ်ရတော့မှာပလေ။
“စိတ်ဝမ်းကွဲလျှင် ချက်ချင်းပင် ထိုးစစ်ဆင်လိမ့်မည်” ဆိုတာလဲ သိပ်ထူးတာဘဲ။ တဘောင်မှာ စိတ်ဝမ်းကွဲတဲ့ အခြေအနေက ထည့်ပြောစရာလားလို့ စဉ်းစားမိခဲ့ပြီး အဆက်အစပ်မရှိသလို ခံစားရလို့ အရင်က သိပ်စိတ်မဝင်စားခဲ့။
တော်လှန်ရေး စတော့ သူတို့ချင်း ညီညွတ်ပေမယ့် တော်လှန်ရေးက လူနှစ်ထောင်လောက် သတ်ပြရင် ရပ်ကြလိမ့်မယ်လို့ သူတို့ ထင်ခဲ့သလိုမဟုတ်ဘဲ နှစ်နှစ်ကျော် သုံးနှစ်တွင်း ချဉ်းလာရုံမက အသားကုန် ပြန်ဗျင်းလာကြတော့ ချွေးထွက်ရာက သွေးပျက်လာ။ သွေးပျက်ရာကနေ ပြေးထွက်ရမယ့်အခြေဆိုက်။ ဒါပေမဲ့ ပြေးပေါက်မသာ ပြေးစရာမြေမရှိ ဖြစ်လာတော့ အချင်းချင်း အပြစ်မြင် စိတ်ဝမ်းကွဲကြပါရောလား။
သူတို့က အရင်လို နယ်စပ်သွား တောခို၊ ပြန်မလာဇာတ် ခင်းသူခင်း၊ လည်စင်းခံ ပြန်ဝင်သူဝင်ထင်နေတာ။ ခုဟာက နပ်စပ်က သွားသင်သူသင်၊ ကျန်သူက ကိုယ့်နယ်ကို တပ်ပြင်နှင့်တာ။ အဲတာ ရှေးမြန်မာတွေ ပုန်ကန်တဲ့ဒီဇိုင်းနဲ့ ခေတ်သစ်သူပုန်ဒီဇိုင်း ပေါင်းစပ်လိုက်တာ။ အင်း နည်းပညာပါထပ်ပေါင်းလိုက်တော့ ဖိုက်ဖိုက်ဖိုက် ဖိုက်ပြီးရင်း ဖိုက်တော့တာဘဲလေ။ လက်နက်မရှိခင် မိုင်းဆွဲတာနဲ့ဘဲ တဗိုင်းဗိုင်းလဲတော့တာကိုး။ စစ်မြေပြင်သီးသန့် မရှိ၊ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ပိုင်းကြတော့တာ။ တပ်ထဲမှာဆိုလဲ နှပ်နေရမယ် မထင်နဲ့၊ လက်နက်ကြီး သွားစမ်း၊ ခုတော့ ဒရုန်းကပါ ဗုံးတထမ်းရွက်တော့ အခက်ကြီးကြုံ နားရွက်မီးလှုံ။
ဟော ခုပေါ်လာတဲ့တချက် “စိတ်ဝမ်းကွဲလျှင်” ဆိုတာ မဟာစစ်မှုထမ်းဥပဒေကြီးလေ။ ကိုယ့်လူသူ့လူမရွေး ချဲလင့်လုပ်လိုက်တာ။ မအလက မင်းတို့ကောင်တွေ အကုန်လုံး ဒါထင်တယ်ဆိုပြီး ဘောင်းဘီဇစ်ဆွဲပြတာလေ။ တပ်ပြင်က ကောင်တွေ လောင်ချက်တော့။ ဘောင်းဘီကျွတ်တွေ ဘောမတွေ လိုင်းအောက်လိုင်းပေါ် ကလော်နေကြပြီ။
စိတ်ဝမ်းကွဲမှုကြီးတခုက တပ်ထဲမှာ။ တပ်ထဲမလဲ သရေကြိုးတင်းအောင်ကိုင်ချည်းပဲ ဖြစ်နေတာ။ နောက်တန်းလဲ ဖြုတ်လိုက် တပ်လိုက် အုပ်စုဖွဲ့ကိုက်ကြတာကနေ့စဉ်ရက်ဆက်။ ရှေ့တန်းမှာလဲ ခွဲခြားမှုက ရက်စက် ဟက်တက်။ အရာရှိကြီးတွေရဲ့မိသားစုတွေကိုသာ ကယ်ထုတ်တာ။ အောက်ခြေတပ်သားကို လှပ်ထား။ ရခိုင်မှာဘဲကြည့်၊ တပ်မမှူးက လက်နက်ချမခံ၊ လက်နက်ချမရအောင်လဲ အပေါ်ကလာလာပစ်။ သူ့မိသားစုတွေကျ လွတ်ရာလွတ်ကြောင်းရှာထားပြီးသား။ ပီးတော့ သူက ရေဆင်းကူးပြေး။ AA ရဲ့ အကယ်တင်ခံ။ ရေမကူးနိုင်တဲ့ တပ်သားတွေ တပ်မိသားစုတွေ ကလေးတွေ အကုန်သေ။ ဘောမတွေက မဆီမဆိုင် ရခိုင်ဆိုင်တွေ ပြန်သွားလုပ်၊ အမှန်က ရခိုင်မလင်ကို အုပ်ရမှာ။ ရှမ်းမြောက်မှာ လက်နက်ချပြီး တပ်သားတွေနဲ့ မိသားစုအသက်ကယ်သူတွေကို လက်နက်ချမှုနဲ့ သေဒဏ်ပေးတော့ တပ်မမှူးတွေလဲ ကိုယ်ကျိုးပဲ ကြည့်ကြတော့တယ်။ အဲဒါတော့ ကိုယ်လွတ်ရုန်းပြေးသူ လက်နက်ချသူ လက်နက်ကိုင်ထားလဲ မတိုက်တဲ့သူတွေနဲ့ စိတ်ဝမ်းမျိုးစုံကွဲနေကြတော့ ရခိုင့် ပြည်သိမ်းထိုးစစ်ကြီးဟာ AA အလံတိုင်တွေ တစခန်းပြီးတစခန်း စိုက်နိုင်တော့တာလေ။ အကုန်စိတ်ဝမ်းကွဲနေကြပြီ။ ကြိုက်တဲ့နေရာတိုက် ရပြီ။
ကဲ အဲသည်အခြေအနေမှာ မဟာစစ်မှုတော်ထမ်း ဥပဒေသရမ်းကြီး ထွက်လာတော့ “တပေါင်းစစ်ချီ ဒေါင်းစစ်သည် သောင်းချီတက်လိမ့်မည်” ဆိုတဲ့ တဘောင်စကားဟာ ဘယ်လောက်ခမ်းနားသွားတုန်း။ အနယ်နယ်အမြို့မြို့ ကြိုနှင့်ပြီလေချည်းဘဲ။ မြို့သိမ်းတိုက်ပွဲတွေ ကြိုက်သလောက်ဆင်တော့လို့ ပြောလိုက်သလိုဘဲ။
“မိစ္ဆာရဲ့လမ်းက ကျယ်ပါဘိ
နောက်တက်မယ့်မင်းက ငယ်ပါဘိ” တဲ့။
အဲဒီအချက်ကတော့ အနက်ကိုက လှတာ။
မိစ္ဆာ၊ စစ်မိစ္ဆာတွေဟာ နှစ်ပေါင်းများစွာ ဓားမိုးအုပ်ချုပ်လာတော့ အင်မတန် ထုထည်ခိုင်မာ ခြေတံလက်တံ ရှည်ပါရောလား။ လက်နက်လူသူထူလွန်းတဲ့အပြင် ဆရာတော်သံဃာတော်တွေကကောင်းချီးပေး စိတ်အားကူညီ ခရိုနီ ခရိုနက်တွေ လက်ယှက်ဝန်းရံ နိုင်ငံရေးပရောဟိတ်တွေဝပ်တွားခယ INGO တွေကပါ အမတော်ကြေးပေးနေကြတော့ ညစ်ပတ် သတ်ဖြတ်လမ်းကြောင်းကြီး ဘယ်လောက်ကျယ်မယ် စဉ်းစားကြည့်ပေါ့။ ဘယ်လောက်ကျယ်ကျယ်ပါတဲ့၊ နောက်တက်ဂျင်နရေးရှင်းဇက်ငယ်တွေနဲ့ တွေ့တော့ ဘာရမလဲ သာဝရာဘဲလေ။ သာဝတို့တတွေလဲ လဒငဗစ်ကိုက်ထားသလို ဖြစ်နေပြီ မဟုတ်လား။ အောက်စီဂျင် မရရင် မာလကီးယားတော့မယ်ဆိုတော့ စစ်မှုထမ်းဥပဒေတော်ကြီး ထုတ်ရတော့တာပေါ့။ အဲဒီမှာ လက်ကျန်ဂျင်နရေးရှင်း အကုန်ထွက်လာတော့မှာပါဘဲလေ။
တဘောင်ထဲကအတိုင်း “ထိုနေ့အခါ မင်းမိစ္ဆာ ယတြာဘယ်လိုကောင်းကောင်း တပေါင်းမကျော်ပြီ” လေ။
“မီးကုန်ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန်ထလိမ့်မည်” တဲ့။ နီးပြီပေါ့။ တဖြည်းဖြည်း ဆို့ပိတ်ဖြတ်တောက်လာတာ ကြာပကော။
တပ်တွင်းသူပုန် ထလိုက်တာနဲ့ဘဲ “ သူပုန်ထကာ မင်းမိစ္ဆာ ချက်ချင်းကြလိမ့်မည်” ဘဲပေါ့ကွယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar