Breaking News

စစ်ဘေးရှောင်ဒုက္ခသည်တွေ အကူအညီပေးရေး ထိုင်းနိုင်ငံရဲ့ အစီအစဥ်

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၆ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄


စစ်ဘေးရှောင် ဒုက္ခသည်တွေ အကူအညီပေးရေး ထိုင်းနိုင်ငံရဲ့ အစီအစဥ် 

ယမန်နှစ်က ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲပြီးနောက်မှာ ပထမအများဆုံး အနိုင်ရတဲ့ ရှေ့သို့ချီပါတီ MFP က အစိုးရမဖွဲ့နိုင်အောင် ထိုင်းစစ်တပ်နဲ့ ဘုရင်စနစ်ကို ကာကွယ်သူတွေက တားဆီးခဲ့ကြကာ ဒုတိယအများဆုံး အနိုင်ရတဲ့ ပါတီဖြစ်တဲ့ သက်ဆင်မျိုးဆက်ပါတီက ဝန်ကြီးချုပ်ရာထူးကို ရယူနိုင်ခဲ့ပါတယ်။ ဆယ်စုနှစ်တခုနီးပါးအတွင်း ဝန်ကြီးချုပ်ရာထူးကို အရပ်သားထဲက ပြန်လည်ရရှိခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ စစ်တပ်နဲ့ နိုင်ငံရေးသမားတွေ အကြား ထိပ်တိုက်မတိုးအောင် သတိထားရင်း လုပ်ဆောင်နေတဲ့ သဘောလို့လည်း အကဲခတ် ပြောဆိုသူတွေက မှတ်ချက်ချကြတာ ဖြစ်ပါတယ်။ 

ဆယ်စုနှစ် တခုနီးပါးအတွင်းမှာ အရပ်သားအစိုးရ ပြန်ဖြစ်လာတဲ့နောက် ထိုင်းအရပ်သား အစိုးရဟာ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ လူသားချင်းစာနာမှုအကူအညီပြဿနာကို ကိုင်တွယ်ဖို့ ကြိုးစားလာတာ တွေ့နေရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ သက်ရောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းအတွက် တရားမဝင် ခိုးဝင်မှုတွေ၊ တရားဥပဒေ မစိုးမိုးတဲ့နယ်စပ်ဒေသတွေမှာ အခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ကျွန်ပြုမှု၊ မြင့်တက်လာတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတွေ နဲ့ လူသားချင်းစာနာမှုလိုအပ်နေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်အရေး ကိစ္စတွေက စစ်အာဏာသိမ်းပြီးနောက် ပိုမိုကျယ်ပြန့်လာနေတာ ဖြစ်ပါတယ်။ 

အရပ်သား အစိုးရဖွဲ့စည်းပြီး နောက် လအတန်ကြာမှာတော့ ထိုင်းအစိုးရအနေနဲ့ မြန်မာ့အရေး နဲ့ ပတ်သက်လို့ နိုင်ငံရေး ပြဿနာကို ကြားဝင်ဖြေရှင်းတာမျိုးအထိ ရည်မှန်းချက်မထားပေမယ့် ဒုက္ခသည်အကူအညီပေးရေး ကိစ္စလို လူသားချင်းစာနာမှု အကူအညီပေးရေးကို လုပ်ဆောင်ဖို့ အမေရိကန် နိုင်ငံနဲ့လည်း ဆွေးနွေးသလို မကြာခင်က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာကျင်းပတဲ့ ညီလာခံမှာလည်း ထိုင်းနိုင်ငံအနေနဲ့ လုပ်ဆောင်မယ့် စစ်ဘေးရှောင်ဒုက္ခသည်အကူအညီပေးရေး ကိစ္စကို ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ မကြာသေးခင်ကာလက ထိုင်း- မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကို သွားရောက်ပြီး စစ်ဘေးရှောင်ဒုက္ခသည် အကူအညီပေးရေး လုပ်ဆောင်မယ့်နေရာ အနေအထားတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ သတင်းတွေ ဖော်ပြခဲ့ကြပြီး အခုရက်ပိုင်းအတွင်းမှာတော့ ရှေ့ပြေးအစီအစဥ် pilot program လို့ သတ်မှတ်ခေါ်ဝေါ်ထားတဲ့ အကူအညီပေးရေး အစီအစဥ်ကို လာမယ့် မတ်လ ပထမပတ်မှာ စတင်မယ့်အကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်ဟာ မြန်မာရဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေအနက် အရင်းနှီးဆုံးလို့ ပြောဆိုနိုင်တဲ့ အနေအထားရှိပြီး တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအိုတို့က စစ်တပ်အချင်းချင်း ဆက်ဆံရေးထက် ပိုပြီး ထိုင်း-မြန်မာစစ်တပ် ၂ တပ်အကြားဆက်ဆံရေးက နီးစပ်တာဖြစ်ပါတယ်။ ထိုင်း စစ်တပ်အကြီးအကဲတွေဟာ မကြာခဏ နေပြည်တော်သွားရောက်လေ့ရှိပြီး သက်ဆိုင်ရာ အဆင့်တူ စစ်တပ်အကြီးအကဲတွေနဲ့ နယ်စပ်က လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဖြစ်စေအခြားသော အကြောင်းအရာတွေဖြစ်စေ ဆွေးနွေးကြပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း တွေ့ဆုံလေ့ရှိကြတာ ဖြစ်ပါတယ်။ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်ဆက်ဆံရေးက လက်နက်ဝယ်ယူရေး ကိစ္စလိုမျိုးအထိတော့ ရှိတယ်လို့ မကြားသိရသော်လည်း ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို မကြာခဏ တွေ့ဆုံဆက်ဆံတဲ့ တခုထည်းသော ဒေသတွင်း အိမ်နီးချင်းနိုင်ငံရဲ့ စစ်တပ်ဖြစ်တာ ထင်ရှားပါတယ်။ 

သို့ပေမဲ့ တဖက်မှာလည်း ထိုင်းနိုင်ငံအနေနဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး၊ လူအခွင့်အရေးလေးစားလိုက်နာရေး စတဲ့ ရှုထောင့်တွေအရ မြန်မာအတိုက်အခံ လုပ်သူတွေကို ဖမ်းဆီးပြီး ပြန်ပို့တာတွေ အထိတော့ မြန်မာစစ်တပ်အလိုကျ လုပ်ဆောင်တာ မတွေ့ရပါဘူး။ ထိုင်းအရပ်သား အစိုးရ အနေနဲ့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီပေးဖို့ ရှေ့ပြေးအစီအစဥ်အနေနဲ့ လုပ်ဆောင်လာခြင်းဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်အထဲက တချက်ကို အကောင်အထည်ပေါ်ဖို့ ကြိုးစားတာ ဖြစ်နိုင်သလို အာဆီယံအတွင်းမှလည်း ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုခံရလာစေဖို့ သြဇာရှိလာစေဖို့ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ 

အာဆီယံအဖွဲ့အတွင်း ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ နဲ့ မလေးရှားနိုင်ငံတွေဟာ သြဇာရှိဖို့ အပြိုင်အဆိုင်ကြိုးစားကြတဲ့ အနေအထားမျိုးလည်း ရှိနေပြီး မြန်မာနိုင်ငံအရေးမှာတော့ ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းလည်း ဖြစ်တာကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကောင်းကျိုးဆိုးပြစ်ကို ရယူခံစားရတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်လို့ အခြားသောအာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထက် ပိုပြီးလုပ်ဆောင်ဖို့ စိတ်အားထက်သန်တာလည်း ဖြစ်ပါတယ်။ ယခင် ပရာယွတ်အစိုးရလက်ထက်မှာလည်း စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ စစ်အာဏာသိမ်းပြီးနောက် ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရသူဖြစ်ခဲ့ပြီး အာဆီယံ အဖွဲ့အစည်းကိုယ်စားပြုတာထက် ထိုင်းနိုင်ငံကို ကိုယ်စားပြုကာ တွေ့ဆုံခဲ့တဲ့ အဖြစ်အပျက်လည်း ယမန်နှစ်က ဖြစ်ပွားခဲ့တာပါ။ 

အခုလာမယ့် မတ်လ ဆန်းမှာ စတင်မယ့် လူသားချင်းစာနာမှုအကူအညီပေးရေးအစီအစဥ်မှာ ထိုင်းနိုင်ငံ အနေနဲ့ မြန်မာဘက်က မြန်မာနိုင်ငံကြက်ခြေနီ အသင်းနဲ့ ဆက်သွယ်ပြီး ပေးအပ်မယ့် အချက်ကို အမျိုးသားညီညွတ်ရေး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဟာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်က အဖွဲ့အစည်းဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းမဟုတ်တဲ့ အချက်ကို ထောက်ပြနေကြတာလည်း ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အုပ်ချုပ်ရေး ဝန်ထမ်းတွေနဲ့ မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့က စစ်ဘေးရှောင်တွေဆီ အမှန်တကယ်ထိတွေ့ကူညီနိုင်ပါ့မလား ဆိုတဲ့ အချက်ကို သံသယရှိကြတာ ဖြစ်ပြီး တဖက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အတူ အမျိုးသားညီညွတ်ရေး အစိုးရတို့ကို ထိုင်းဘက်က အသိအမှတ်ပြု ဆက်သွယ်ဆောင်ရွက်တာမျိုးကို NUG, KNU တို့က လိုလားတာ ဖြစ်ပါတယ်။ သို့ပေမယ့် ထိုင်းနိုင်ငံဘက်ကတော့ NUG ကို တရားဝင် အသိအမှတ်ပြုထားတဲ့ အနေအထားမဟုတ်သေးတဲ့ အချက်ကြောင့်လည်း အခု ကိစ္စမှာ တရားဝင် ဆက်သွယ်ပြောဆိုတာတွေ မတွေ့ရတဲ့ သဘောဖြစ်ပါတယ်။ 

မတ်လဆန်း စတင်မယ့်အစီအစဥ်မှာ ကူညီပေးမယ့် ပစ္စည်းတွေက အစားအစာခြောက်တွေနဲ့ အမိုးအကာတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။ မြဝတီကနေ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီမယ့် ကိစ္စဟာ ပြီးခဲ့တဲ့ ၃ နှစ်တာအတွင်း ပထမဆုံးအကြိမ် ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ အချင်းချင်းဆက်သွယ်ဆောင်ရွက်တဲ့ ပထမဆုံး ဖြစ်ရပ်တခု ဖြစ်လာမှာပါ။ 

တိုက်ပွဲတွေ နေရာအနှံ့ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအဖို့တော့ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတာ ကရင်ပြည်နယ် တခုထည်းတင်မကပဲ စစ်ကိုင်း၊ ရခိုင်၊ ရှမ်းမြောက်၊ ရှမ်းတောင်၊ ကချင်နဲ့ တနင်္သာရီတိုင်းတို့မှာ သိန်း သန်းချီရှိနေတာလည်း ဖြစ်ပါတယ်။ ဒီအစီအစဥ်ဟာ လိုအပ်ချက်ရဲ့ အပုံ ၅၀ ပုံတပုံ သို့မဟုတ် အပုံ ၁၀၀ ပုံတပုံဖြစ်ကောင်းလည်း ဖြစ်နိုင်ပေမယ့် ဘာမှမရှိတာထက် စာရင် ကူညီနိုင်တာ အားပေးသင့်တယ်လို့လည်း အချို့ရဲ့ ထင်မြင်ယူဆချက်တွေ ရှိနေတာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar