ရခိုင်ပြည်နယ်မှာ အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်နဲ့ ရခိုင်ပြည်နယ် အနာဂတ် မျှော်မှန်းချက်
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၅ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄
ရခိုင်ပြည်နယ်မှာ အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်နဲ့ ရခိုင်ပြည်နယ် အနာဂတ် မျှော်မှန်းချက်
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် ၃ လကျော်အကြာမှာတော့ စစ်ကောင်စီ အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့ ဒေသအများစုကို လက်လွှတ်လိုက်ရပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်က နယ်ခြားစောင့် စခန်းတွေ အများအပြားလည်း တခုပြီးတခု လက်လွှတ်နေရတဲ့ အနေအထားနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ တဖြည်းဖြည်း အောက်ဘက်ကို ဆုတ်ခွာလာနေရတဲ့ အခြေအနေ ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ကနေ ခုခံနိုင်မလားဆိုတာတောင် မသေချာတဲ့ အနေအထားနဲ့ ရမ်းဗြဲ၊ ကျောက်ဖြူတို့လို ကျွန်းတွေအထိ တိုက်ပွဲတွေ ဖြစ်ပွားလာနေပြီး ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲ၊ တောင်ကုတ်၊ အရှေ့ဘက် စစ်ဌာနချုပ်ရှိရာ အမ်းမြို့စတာတွေသာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ဒေသအဖြစ် တွေ့ရတော့တဲ့ အခြေအနေဖြစ်ပါတယ်။
၁၀၂၇ အောက်တိုဘာ စစ်ဆင်ရေးမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ AA လက်နက်ကိုင် အဖွဲ့က ရခိုင်မြေပေါ်မှာ နိုဝင်ဘာလ ဒုတိယပတ်က စတင်ပြီး တိုက်ခိုက်ခဲ့ပြီး ၂၀၁၇ ကနေ ၂၀၂၂ ခုနှစ်အတွင်း တိုက်ခိုက်မှု ၂ ကြိမ် ဖြစ်ပွားပြီးနောက် အပစ်ရပ်ထားတာကို အဆုံးသတ်ကာ ခုတကြိမ်မှာ စစ်အင်အား ချိနဲ့နေပြီဖြစ်တဲ့ စစ်ကောင်စီတပ်တွေကို ရခိုင်ပြည်နယ်မြေထဲကနေ အားလုံး ဖယ်ရှားဖို့ အထိ ရည်မှန်းချက်ထားပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။
ယခင် ၂ ကြိမ် ၂ ခါဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထက် ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေကို AA ဘက်က လူအင်အား လက်နက်အင်အားနဲ့ ဖိပြီးတိုက်ခိုက်လာချိန်မှာ စစ်ကောင်စီ အနေနဲ့ ရှမ်းမြောက်၊ ရှမ်းတောင်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီဒေသတွေမှာ စစ်မျက်နှာဖွင့် ရင်ဆိုင်နေရချိန်ဖြစ်ပြီး ရှမ်းမြောက်မှာ မြို့တွေ ဆယ်ဂဏန်းနဲ့ချီ လက်လွှတ်ဆုံးရှုံးထားတဲ့ သာဓကတွေကြောင့်လည်း စစ်ကောင်စီတပ်တွေကို စိတ်ဓါတ်ရေးရာအရ ကျဆင်းစေသလို မြေပြင်မှာလည်း ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကို စစ်ကူပို့နိုင်ခြင်း မရှိတော့တာ တွေ့ရပြီး ရှမ်းမြောက်က သာဓကတွေနဲ့ ဆင်တူတဲ့ ရာနဲ့ချီတဲ့ တပ်ရင်းအလိုက် လက်နက်ချတာတွေ တခုမက ဖြစ်ပျက်ခဲ့ပြီး ပလက်ဝဒေက ဗျူဟာကျတဲ့ စစ်စခန်းတွေ၊ အထိုင်တပ်ရင်းတွေ ဆက်တိုက်ဆိုသလို ဆုံးရှုံးခဲ့ရတဲ့ အနေအထားဖြစ်ပြီး AA လက်နက်ကိုင် အဖွဲ့အနေနဲ့ အပြင်းအထန် သီတင်းပတ်နဲ့ချီ တိုက်ရသည့်တိုင် မြို့တမြို့ပြီးတမြို့ သိမ်းယူနိုင်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ လူဦးရေနည်းပါးတဲ့ ချင်းပြည်နယ်ရဲ့ တောင်ဘက်အစွန်က ပလက်ဝမြို့အပြင် လူဦးရေများပြားစွာနေထိုင်တဲ့ မင်းပြား၊ ပေါက်တော တို့လို မြို့တွေကို သိမ်းယူနိုင်ခဲ့ပြီး ရခိုင်သမိုင်း၊ ယဥ်ကျေးမှုအရ တန်ဖိုးရှိတဲ့ မြောက်ဦးမြို့၊ နဲ့ အထက်က ကျောက်တော်မြို့တို့ကိုပါ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
ယခင်ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားတဲ့အခါ မြေပြင်တပ်တွေအတွက် လက်နက်ကြီး ကူပစ်ပေးပြီးအရေးပါတဲ့ အခန်းကဏ္ဍက ရှိခဲ့တဲ့ စစ်ကောင်စီ ရေတပ် အနေနဲ့လည်း အခုတကြိမ်မှာ မြေပြင်တိုက်ပွဲတွေကို အဆုံးအဖြတ်ဖြစ်အောင် အကူအညီပေးနိုင်ခြင်း မရှိတော့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ ၇ ရက်၊ ၈ ရက်တွေက ကျောက်တော်က တပ်ရင်းတွေ စစ်ကောင်စီစခန်းတွေက စစ်တွေမြို့ဆီ ဦးတည် ဆုတ်ခွာလာတဲ့ ရေတပ်ရဲ့ ကမ်းထိုးရေယာဥ်တွေ ကုလားတန်မြစ်ထဲ AA ရဲ့ တိုက်ခိုက်ပစ်ခတ်မှု ခံရပြီး ရေယာဥ် ၃ စီးနစ်မြုပ်ခဲ့ကာ လက်နက်ကိုင်အဖွဲ့ဝင်တွေရော၊ မိသားစုဝင်တွေပါ သေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုကြပါတယ်။ ဘယ်လောက်ထိ သေဆုံးသလဲ၊ ဘယ်လိုသေဆုံးသလဲ ဆိုတာတွေတော့ အသေးစိတ် အတည်ပြုဖို့ ခက်ခဲတာတွေ့ရပါတယ်။ ဒီအဖြစ်အပျက်လိုပဲ နယ်ခြားစောင့်ရဲကင်းစခန်းတွေ တောင်ပြိုလက်ဝဲ၊ တောင်ပြိုလက်ယာတို့မှာလည်း ယခုလဆန်းမှာ AA တပ်တွေရဲ့ တိုက်ခိုက်တာ ခံရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ရာနဲ့ချီ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ပလက်ဝဒေသမှာ တကြိမ် အိမ်နီးချင်းနိုင်ငံထဲ ထွက်ပြေးဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဘက် ပြန်ပို့တာတွေ ရှိခဲ့သလို မကြာခင် ရက်သီတင်းပတ်က မောင်တောမြို့နယ်ထဲက နယ်ခြားစောင့်စခန်းတွေ တခုပြီးတခု လက်လွှတ်လိုက်ရတဲ့ အဖြစ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။ ယခုနောက်ဆုံးအသုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ခိုလှုံဝင်ရောက်သွားတဲ့ နယ်ခြားစောင့်ရဲ ၃၃၀ ကို ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ ရေလမ်းကြောင်းနဲ့ မြန်မာနိုင်ငံဘက် ပြန်ပို့တဲ့ အကြောင်းသတင်းတွေထဲမှာ တွေ့ရပါတယ်။
ဒီလို အခြေအနေတွေကြောင့် စစ်တွေမြို့ အခြေစိုက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့၊ ကုလသမဂ္ဂအဖွဲ့တို့ရဲ့ ရုံးခွဲတွေ၊ ဝန်ထမ်းတွေလည်း စစ်တွေမြို့ကနေ ပြောင်းရွှေ့နေကြတယ်လို့ သတင်းတွေထဲ မှာ တွေ့ရမှာဖြစ်သလို မြို့ခံတွေထဲကလည်း ပြည်မဘက်ကို ယာယီအားဖြင့် တိမ်းရှောင်ကြဖို့ တခုထည်းသော ထွက်ခွာတဲ့ နည်းလမ်းဖြစ်တဲ့ လေယာဥ်လက်မှတ်ရရှိဖို့ သူ့ထက်ငါ ခက်ခက်ခဲခဲနဲ့ ဝယ်ယူနေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်တွေနဲ့ ရန်ကုန် လေယာဥ်လက်မှတ် တစောင်အတွက် မြန်မာကျပ်ငွေ အနည်းဆုံး ၇ သိန်းကနေ အများဆုံး ၁၀ သိန်းထိရှိနေတယ်လို့ ဆိုကြပါတယ်။ အကယ်၍သာ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်နဲ့ ဆက်သွယ်ထားတဲ့ ရေလမ်းနဲ့ ကားလမ်းတွေကို ပိတ်ဆို့မထားခဲ့ဘူးဆိုရင် လေယာဥ်လက်မှတ်က အခုလို မတန်တဆ စျေးဖြစ်ဖို့ အကြောင်းမရှိပေမယ့် စစ်ကောင်စီက တိုက်ပွဲပြန်လည်ဖြစ်ပွားလာတဲ့နေ့ကတည်းက ရခိုင်ပြည်နယ်ကို ကုန်စည်ဝင်ရောက်မှု၊ ဝင်ထွက်မှုတွေကို လုံးဝ မရှိတော့လောက်တဲ့ အနေအထားမျိုးမဖြစ်ရုံတမယ် ကန့်သတ်ခဲ့တာက ဒေသခံတွေ၊ ရခိုင်ပြည်နယ်မှာ ရောက်နေတဲ့ အခြားဒေသက သူတွေအဖို့ အခက်အခဲတွေနဲ့ ကြုံကြရတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က တခြားသော ပြည်နယ်၊ တိုင်းရင်းသားဒေသတွေထက်ကို စစ်ပွဲဖြစ်ပွားမှုကို ထည့်သွင်းမတွက်ချက်သေးဘဲ၊ သဘာဝဘေးအန္တရာယ် မကြာခဏ ကျရောက်လေ့ရှိတာ၊ ဖွံ့ဖြိုးမှုနောက်ကျပြီး ဒေသခံတွေအနေနဲ့ စိုက်ပျိုးရေး နဲ့ ရေလုပ်ငန်း တို့ကိုသာ အားကိုးမှီခိုနေကြရတဲ့ ဖွံ့ဖြိုးမှုနောက်ကျဆုံး ပြည်နယ်တခုဖြစ်နေခဲ့တာ ဆယ်စုနှစ်များစွာကတည်း အခြေအနေဖြစ်ပြီး အခုလို စစ်ပွဲရဲ့ ဒဏ်၊ စစ်ကောင်စီရဲ့ ပိတ်ဆို့ ဖြတ်တောက်ရေး ဒဏ်တွေကြောင့် ရခိုင်လူထု အဖို့ ဒုက္ခမျိုးစုံကို တပြိုင်နက်ထဲ ရင်ဆိုင်ကျော်ဖြတ်နေကြရတဲ့ အနေအထားဖြစ်ပါတယ်။ သို့ပေမယ့် တဖက်မှာတော့ အခုတကြိမ် တိုက်ပွဲတွေကနေ စစ်တပ်ရဲ့ အုပ်ချုပ်၊ စိုးမိုးထားမှုကို အဆုံးသတ်ကာ ရခိုင်တွေ မိမိတို့ဘာသာ ဆုံးဖြတ်ပိုင်ခွင့်၊ အုပ်ချုပ်ပိုင်ခွင့်နဲ့ ကိုယ်ပိုင်ပြဌါန်းမှုနဲ့ ပြန်လည်ထူထောင်နိုင်ကြမလားဆိုတဲ့ မျှော်လင့်ချက်က တဖြည်းဖြည်း ပေါ်ထွက်လာပြီလို့ ဆိုနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar