မိုးကျော်ဇင် - တိုက်ယူခဲ့ရတဲ့ ရေတစ်ပေါက်
တိုက်ယူခဲ့ရတဲ့ ရေတစ်ပေါက်
မိုးကျော်ဇင်
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၄
စာရေးဆရာ ရန်ကုန်ဘဆွေက “ တိုက်ယူရတဲ့ မျက်ရည်တစ်ပေါက်” ဆိုတဲ့ ဝတ္ထုတစ်အုပ် ရေးခဲ့ဖူးပါတယ်။ ဟုတ်ကဲ့၊ ကျွန်တော်တို့ မြန်မာသင်္ဘောသားတစ်စုကတော့ ရေတစ်ပေါက်အတွက် တိုက်ပွဲတစ်ခု တိုက်သလို တိုက်ခိုက်ပြီး ရယူခဲ့ရပါတယ်။
**********
ပြန်တွေးကြည့်တော့ အနာက မကျက်သေး။ ဒဏ်ရာက ပူပူနွေးနွေးပဲရှိသေးတယ်။ ပူပူနွေးနွေးဆို ဒီ နိုဝင်ဘာ လထဲမှာပဲ ဖြစ်ခဲ့တာကိုး။
ကျွန်တော်တို့ သင်္ဘောပေါ် ရောက်ပြီး ၁ လခွဲလောက်အထိကတော့ ပုံမှန်ပါပဲ။ အလုပ်မှာ လည်း ဖိအားမရှိသလို သိပ်ခက်ခဲနေကြတာမျိုးတွေလည်း မရှိပါဘူး။ ပုံမှန်ဂျူတီ၊ ပုံမှန်အလုပ်နဲ့ပဲ စခန်းသွားနေခဲ့ကြတာပါ။ ချက်ကြီးကလည်း ဖြစ်ပေမဲ့ အချက်အပြုတ် ကောင်းပါတယ်။ သူ ချက်တဲ့ ဟင်းချိုတွေဆို ကျွန်တော်တို့ သိပ်သဘောကျခဲ့ကြတယ်။ နွားနို့တို့ ၊ ကော်ဖီတို့၊ Juice တို့ နဲ့ ပတ်သက်ပြီး ရှားရှားပါးပါး ဖြစ်ပေမဲ့ ပုံမှန် စားရေးသောက်ရေးနဲ့ သောက်ရေကိစ္စမှာတော့ ပုံမှန် ရနေကျ အခွင့်အရေးအတိုင်းပါပဲ။
သင်္ဘာက ဆူးအက်ကနေ ဖြတ်ပြီး ရုရှားက Murmansk မှာ ကုန်သွားတင်ပါတယ်။ ပြီးတော့ ဂါနာကို ကုန်ချဖို့ ဆက်သွားရတယ်။ ပထမကြားတာက ဂါနာမှာ ကုန်ချဖို့ စောင့်ရင်း ကျောက် ၁ ပတ်ချမယ်တဲ့။ ဂါနာရောက်ရောက်ချင်း ကျောက်ချရပါတယ်။ နောက် ၂ ရက်အတွင်း ရိက္ခာယူပါတယ်။ ရိက္ခာယူပြီးလို့ သောက်ရေသန့်ခွဲပေးတဲ့အခါမှာတော့ ပုံမှန်ရနေကျထက် ပိုနည်း နေတာကို သတိထားမိခဲ့ကြတယ်။ သင်္ဘောသားတစ်ယောက်အတွက် ၁ လီတာခွဲ ၁၂ ဘူးပဲ ရပါ တယ်။ တကယ်ဆို ဒီပမာဏဟာ ၂ ပတ်စာလောက်ပဲ ရှိတာပါ။ ဒါလည်း ကျွန်တော်တို့ သိပ်မစိုး ရိမ်ခဲ့ကြပါဘူး။ အချိန်တန်ရင် ၊ ကုန်သွားရင် ထပ်ရမယ်ပေါ့။
ဒါပေမဲ့ ကျွန်တော်တို့ထင်တဲ့အတိုင်း ဖြစ်မလာဖို့ အကြောင်းတချို့ မထင်မှတ်ထားဘဲ ဖြစ်ပေါ် လာခဲ့ပါတယ်။ အဲဒါကတော့ ဂါနာမှာ ကျောက်ချချိန်က ၂ လနီးပါး ကြာမြင့်သွားခဲ့တာ ပါပဲ။ အဲဒီအချိန်အတောအတွင်းမှာ သင်္ဘောသားတွေရဲ့ ခွဲတမ်းရထားတဲ့ သောက်ရေသန့်တွေ ကုန် သွားခဲ့တာ ကြာခဲ့ပါပြီ။ ထမင်းစားခန်းထောင့်မှာ ရှိတဲ့ water fountain ကနေ ရေသန့်ဘူးအ လွတ်လေးတွေနဲ့ လာလာယူပြီး သောက်နေရတဲ့ အဆင့်ကို ရောက်နေပါပြီ။ အဲဒီရေတွေကလည်း သံချေးရောင် ဝါကြင်ကြင်တွေ လိုက်နေပြီး သောက်ဖို့ အဆင်မပြေပါဘူး။ ဒါကို သူကြီးကို ပြောပြ တော့ သူကြီးက အဖြေတစ်ခုတည်းပဲ ခဏခဏ ပြန်ပေးပါတယ်။ အဲဒါကတော့ “ ရေစစ်နဲ့ စစ် သောက်ပါ” တဲ့ လေ။
စိတ်ထဲ မကျေနပ်ကြပေမဲ့ နောက်တစ်ခါ ရိက္ခာထပ်အယူကို စောင့်နေကြရပါတယ်။ ဒီတစ်ခါ ရိက္ခာထပ်ယူရင် သောက်ရေသန့် ထပ်ပါလာမယ်။ သောက်ရေသန့် ခွဲတမ်း ထပ်ရမယ်ပေါ့။
ဒီလိုနဲ့ အဲဒီမှာပဲ နောက်တစ်ကြိမ် ရိက္ခာ ထပ်ယူရပါတယ်။ ( အဲဒီအချိန်မှာ ပထမချက်ကြီး စာချုပ်ပြည့်လို့ ဂါနာမှာပဲ ပြန်သွားခဲ့ပါပြီ) ။ အဲဒီအကြိမ်မှာလည်း သောက်ရေသန့်တွေ ထပ်ပါလာ ပါတယ်။ ဒါပေမဲ့ ဒီရေသန့်တွေက ရေဘူးတွေနဲ့ မဟုတ်ဘဲ 500 ml ဆံ့တဲ့ ပလက်စတစ်အထုပ်လေး တွေဖြစ်ပါတယ်။ အဲဒီလိုအထုပ်လေးတွေ ၃၀ ကို အိတ်ကြီးတစ်အိတ်နဲ့ စုထုပ်ထားပါတယ်။ အဲဒီ အခေါက် ဒုတိယအကြိမ် ရိက္ခာယူတော့ အဲဒီလို အိတ်တွေ အတော်များများ ပါလာပါတယ်။ ရိက္ခာသယ်နေကြတဲ့ ကျွန်တော်တို့ စိတ်ထဲမှာတော့ ပြီးတာနဲ့ သောက်ရေသန့် ရတော့မယ်ပေါ့။
ဒါပေမဲ့ အဲဒီညနေသာ ကုန်ဆုံးသွားတယ်၊ ရေသန့်ခွဲပေးဖို့ ဘာသတင်းမှ မကြားရပါဘူး။ အကုန်လုံး ရိက္ခာစတိုထဲသွင်းထားပါတယ်။ ဒီလိုနဲ့ တစ်ပတ်လောက်အထိ ကြာသွားချိန်မှာတော့ ကျွန်တော်တို့ကို ရေသန့်ခွဲတမ်း ထပ်မပေးဘူးဆိုတာ သေချာနားလည်လိုက်ကြရတယ်။ ခက်တာက ဘာလို့ မပေးတာလဲဆိုတာနဲ့ တစ်နေ့က ထပ်ဝယ်ခဲ့တဲ့ရေသန့်တွေကို ဘယ်အချိန်အတွက် ဘာကြောင့်သိမ်းထားတယ်ဆိုတာ ကျွန်တော်တို့ နားမလည်နိုင်ကြပါဘူး။ ဒီလိုနဲ့ သင်္ဘောပေါ်က သံ ချေးရောင် ဝါကြင်ကြင်ရေတွေကိုပဲ ဆက်သောက်နေကြရပါတယ်။
ဒီလိုနဲ့ပဲ ကျွန်တော်တို့ သင်္ဘောဟာ ဂါနာမှာ ကုန်ချပြီးလို့ ရုရှားက ကျွန် တော်တို့ လာခဲ့တဲ့ Murmansk ဆိပ်ကမ်းမြို့ကိုပဲ ကုန်ထပ်တင်ဖို့ ပြန်သွားခဲ့ကြပါတယ်။ အဲဒီ ရုရှားကို ရောက်ဖို့ တစ်ပတ်လောက် အလိုမှာပဲ သူကြီးဟာ ခန္တီတရား လက်ကိုင်ထားပြီး ရဟန္တာဖြစ်လုနီးနီး သည်းခံနေကြတဲ့ သင်္ဘောသားတွေရဲ့ လည်ပင်းကို ထပ်ညှစ်ဖို့ ကြိုးစားပါတော့တယ်။
အဲဒါကတော့ ထမင်းစားခန်းထဲက ကြော်ငြာဘုတ်မှာ “ သောက်ရေသန့်ကို မိမိပိုက်ဆံဖြင့် ဝယ်ယူရမည်” ဆိုတဲ့ စာတန်းကို ရေးထားလိုက်တာပါပဲ။
အဲဒီစာရေးချိန်မှာ ကျွန်တော်မရှိလို့ မသိလိုက်ပါဘူး။ ဒါပေမဲ့ မွန့်တည့် ၁၂ နာရီမှာ ဂျူတီယူ ဖို့ ဆင်းလာတဲ့ စက် ၃ ဟာ အင်္ဂလိပ်ဘာသာနဲ့ F*king ship F*king ship လို့ ကြိမ်းဝါးဆဲရေးပြီး ကွန်ထရိုးခန်းထဲ ဝင်လာတာကို ထူးထူးဆန်းဆန်း တွေ့လိုက်ရတယ်။ ပြီးတော့ သူ့လက်ထဲ ကိုင်လာတဲ့ ရေသန့်ဘူး ( တကယ်တော့ ရေသန့်အစစ်မဟုတ်ဘဲ water fountain ကနေ ခပ်ယူလာတဲ့ ဘူးပါ) ကို ကိုင်ပေါက်လိုက်တာပါပဲ။ ဘာဖြစ်တာလဲ မေးတော့မှ ထမင်းစားခန်းထဲက ကြော်ငြာစာအကြောင်းကို ပြောပြပါတယ်။ မကြာခင် မြန်မာ ဓာတ်ကြိုးလည်း ဆင်းလာတာနဲ့ အဲဒီအကြောင်းကို ထပ်အတည်ပြုပြောပြတဲ့အပြင် သူ့ဖုန်းနဲ့ပါ ဓာတ်ပုံရိုက်ယူလာ ခဲ့တာကို ပြပါတယ်။
ဒါ သူကြီးအနေနဲ့ ကျွန်တော်တို့ သင်္ဘောသားတွေကို အထင်သေးစွာနဲ့ စိန်ခေါ်လိုက်တာပဲ လို့ ကျွန်တော်တို့ ယုံကြည်လိုက်ကြပါတယ်။ ဒီစိန်ခေါ်တာကို ကျွန်တော်တို့ ငြိမ်နေလို့ မဖြစ်တော့ဘူးဆိုတာ နားလည်ထားကြသူတွေမို့ ကျွန်တော်တို့ ပြန်တိုက်ဖို့ ဆုံးဖြတ်ကြတာပဲ။ တိုက်ဖို့ဆိုရင် ကျွန်တော်တို့ လူအင်အားလိုတယ်။ ဒီတော့ တခြားသူတွေကို လိုက်စည်းရုံးကြတာ ပေါ့။ ရွှေတွေအားလုံး တညီတညွတ်တည်း ပါဝင်လာကြပေမဲ့ တခြားလူမျိုးတွေထဲမှာတော့ စက် ၃ နဲ့ စက် ၂ ၊ ပေါင်း ၂ ယောက်ပဲ ပါဝင်ဖို့ သဘောတူကြတယ်။ စောစောက သူကြီးမကောင်းဘူး၊ မတရားဘူး အော်နေကြသူ တွေဟာ အခုတော့ အဖြေတစ်ခွန်းတည်းကို ခေါင်းတခါ ခါနဲ့ ညှိနှိုင်းထားသလို ပြန်ပေးကြတယ်လေ။ “ ငါတို့ ပြန်ခါနီးပြီ” တဲ့။ ဆိုလိုတာက ပြန်ခါနီးပြီမို့ အတိုက်အခံ မလုပ်ချင်ဘူးဆိုတဲ့ သဘောပေါ့။ တကယ်က သူတို့ပြန်ဖို့ဆိုတာ ၁ လခွဲမက လိုပါသေးတယ်။ ( ဒီစာ ကို ရေးနေတဲ့ အချိန်အထိ သူကောင်းသား သူတော်ကောင်းတွေ မပြန်ရ သေးပါဘူး။)
စက်ချုပ်ကဆို “ မတရားဘူးဆိုတာ ငါလည်း သိပါတယ်။ မင်းတို့ ရုံးကို တိုင်သင့် တယ်၊ဒါပေမဲ့ ငါပြောတယ်ဆိုတာ မဖြစ်စေနဲ့နော်၊ ငါ ဘာမှ မသိဘူးလို့ပဲ သဘောထား” ပါတဲ့။ ကျေးဇူးတင်ရမလိုလို၊ ဒေါသဖြစ်ရမလိုလိုပါပဲ။ တကယ်ဆို သူပါဝင်လာမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ စကားအများကြီးပြောစရာမလိုဘဲ ပြီးသွားနိုင်ပါတယ်။
ကျွန်တော်တို့ ရွှေတွေကတော့ ရှင်းရှင်းပဲ ကြေညာထားပါတယ်။ မင်းတို့တစ်ယောက်မှ မပါလည်း ရတယ်။ ငါတို့ရွှေတွေချည်းပဲ ပြောမှာပဲလို့။ ဒီလိုနဲ့ ကျွန်တော်တို့ မျှော်လင့်နေကြတဲ့ ညနေထမင်းစားချိန်ကို ရောက်လာပါတော့တယ်။
**********
ကျွန်တော်တို့က ၅ နာရီမတ် တင်းဆို စားပြီးကုန်ကြတာ များပါတယ်။ အဲဒီညနေမှာတော့ ကျွန်တော်တို့မြန်မာတွေ အားလုံး ထမင်းစားပြီး တစ်ယောက်မှ ထမပြန်သွားသေးဘဲ သူကြီးရောက်လာမယ့်အချိန်ကို ထိုင်စောင့်နေ ခဲ့ကြတယ်။ စက် ၃ နဲ့ စက် ၂ လည်း မထကြဘဲ ထိုင်စောင့်နေကြတာပေါ့။ ကျန်တဲ့ တချို့လည်း ဝင်ပြောဖို့ ငြင်းကြပေမဲ့ ပွဲကြည့်ဖို့ စောင့်နေကြသေးတယ်။
ညနေ ၆ နာရီထိုးဖို့ ၁၅ မိနစ်မှာ သူကြီး ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်တာနဲ့ ကျွန်တော်တို့ ရွှေတွေ ရုတ်တရက် ထပြီး သူကြီးထိုင်နေတဲ့ စားပွဲကို သွားကြတာပဲ။ ပထမတော့ သူကြီး ကြောင် ပြီး ကျွန်တော်တို့ကို ကလေးမျက်နှာလေးနဲ့ ပြန်မော့ကြည့်တယ်။ အဲဒီမှာ တိုင်ပင်ထားတဲ့အတိုင်း မေးခွန်းတွေ တစ်ယောက်တစ်ခွန်း ဝိုင်းမေးကြတော့တာပဲ။ တကယ်လည်း ဒီလို မေးခွန်းတွေ အများကြီးမေးတဲ့နည်းနဲ့ တိုက်စစ်ဖွင့်ဖို့ ကျွန်တော်တို့ တိုင်ပင်ထားကြပြီးသားပါ။ ငါတို့သောက်ရေ အတွက် ငါတို့ပိုက်ဆံနဲ့ ဝယ်ဖို့ လုံးဝသဘောမတူနိုင်ဘူးဆိုတော့ သူကြီးက ကုမ္ပဏီက သောက်ရေ အတွက် သီးသန့်မပေးတဲ့အကြောင်း ပြောနေသေးတာ။ ပြီးတော့ ပြောသေးတယ်။ ဒီဂါနာမှာ ဈေး ကြီးကြောင်း၊ ဈေးချိုတဲ့ ဆူးအက်ရောက်မှ ဝယ်မယ်လုပ်သေးတာ။ တကယ်က ဆူးအက်ကို ရောက်ဖို့ ၁ လခွဲလောက် ထပ်လိုသေးတာကို။ ဒါနဲ့ ငါတို့သင်္ဘောက World Wide ဖြစ်ပြီး ဆူးအက်မှာ ကျောက်ချတဲ့ Storage ship မဟုတ်ဘူးလို့ ပြန်ပြောကြရတယ်။ နောက်ဆုံး သူကြီး လျှော့သွားတယ်။ တစ်လကို လီတာ ၃၀ ပေးဖို့ သဘောတူလိုက်တယ်။
နောက်တစ်နေ့ညနေ ထမင်းစားပြီးတော့ ကုန်းချုပ်က တစ်ယောက် ရေသန့် ၁၅ လီတာ ယူဖို့နဲ့ ရုရှားရောက်ရင် နောက်ထပ် ၁၅ လီတာ ထပ်ပေးမယ့်အကြောင်း အသိပေးပါတယ်။ အဲဒီ တော့မှ ဂါနာမှာ ဒုတိယအကြိမ် ရိက္ခာယူတော့ ဝယ်တင်ထားတဲ့ ရေသန့်အိတ်တွေကို ပြန်ခွဲပေး တော့တာပါပဲ။ ကျွန်တော်တို့လည်း ဒီတော့မှ သူကြီးဟာ ကျွန်တော်တို့ကို ရေပြန်ရောင်းစားဖို့ ကြို တင်ကြံစည်ထားတာကို နားလည်လိုက်ပါတော့တယ်။
ဒီနေရာမှာ ထူးခြားချက်လို့ ပြောရမလားမသိတဲ့အချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ စောစောက အတူတိုက်ဖို့ စည်းရုံးတော့ ပြန်ခါနီးမို့ အတိုက်အခံမလုပ်ချင်ဘူးပြောကြတဲ့ သူကောင့်သားတွေဟာ ကျွန်တော်တို့ အတိုက်အခံပြောပြီး ရလာတဲ့ အခွင့်အရေးကိုတော့ လိပ်ပြာ လုံလုံပဲ မျက်နှာပြောင်တိုက် ရယူကြသွားကြပါတယ်။ ( ကျေးဇူးဆိုတဲ့ စကားလေးတစ်ခွန်းတောင် မပြောဘဲနဲ့လေ)
**********
တကယ်တော့ သင်္ဘောတစ်စီးပေါ်မှာ သောက်ရေသန့်ဆိုတာ အခြေခံအကျဆုံး ရိက္ခာပါပဲ။ ကုမ္ပဏီနဲ့ ချုပ်ဆိုတဲ့ ကျွန်တော်တို့ စာချုပ်တွေထဲမှာ ( mineral water ) လို့ သီး သန့်အသုံးအနှုန်းနဲ့ ပါဝင်ပြီးသားပါပဲ။ ဒါပေမဲ့ ရိက္ခာငွေ ကိုင်ထားသူ သူကြီးဟာ တခြားရိက္ခာတွေ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရသင့်သလောက် မပေးခဲ့တာကို ကျွန်တော်တို့ သည်းခံနေခဲ့ကြတယ်။ အဲဒီသည်းခံတာကိုပဲ သူက အခွင့်အရေးအဖြစ် အသုံးချပြီး နောက်ထပ် အကြိမ်ကြိမ် အကျိုးအမြတ် ထုတ်ဖို့ ကြိုးစားတဲ့အပြင် အခြေခံအကျဆုံးနဲ့ အလိုအပ်ဆုံးရိက္ခာဖြစ်တဲ့ သောက် ရေသန့်ကိုတောင် အချိန်အတော်ကြာ ဖြတ်တောက်ထားပြီး ( တကယ်တော့ စနစ်တကျ ကြိုတင်ကြံစည်မှုပါပဲ) သင်္ဘောပိုက်ဆံနဲ့ ဝယ်ထားတဲ့ ရေသန့်ကို သင်္ဘောသားတွေဆီ ပြန်ရောင်းချဖို့ ထပ်မံကြိုးစားခဲ့တာ ပဲဖြစ်ပါတယ်။
အခုတော့ သောက်ရေသန့်နဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ ရပိုင်ခွင့်တွေ ပုံမှန်ပြန်ရနေပါပြီ။ သင်္ဘောလိုက်ခဲ့တဲ့ နှစ်ကာလများစွာအတွင်း သောက်ရေလေးတစ်ပေါက်အတွက် တိုက်ပွဲဝင်ရသလို အတိုက်အခံ ပြောခဲ့ကြရတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ဒီလိုအရာရှိမျိုးကိုလည်း ပထမဆုံးအကြိမ် တွေ့ရခြင်း ဖြစ်ပါတယ်။
တချို့ကတော့ ပြောကြပါတယ်။ ဘာမှဖြစ်လာမှာ မဟုတ်ဘဲ ဘာလို့ အမုန်းခံပြောနေမှာလဲတဲ့။
ဒီနေရာမှာ အထက်အရာရှိကို ပြန်ဆန့်ကျင်တာနဲ့ ကိုယ့်ရပိုင်ခွင့်ကို ကိုယ့်ဘောင်ထဲက တောင်းဆိုတာကို ကွဲကွဲပြားပြား နားလည်ထားသင့်ပါတယ်။
ကျွန်တော်တို့ အမုန်းခံ ပြောခဲ့ကြတာ သောက်ရေသန့်သတ်သတ်အတွက် မဟုတ်ပါဘူး။ အဲဒီသောက်ရေသန့်ထဲမှာပါဝင်နေတဲ့ တရားမျှတမှုနဲ့ အမှန်တရားအတွက် အဓိက ဖြစ်ပါတယ်။ အဲဒီ အရာနှစ်ခုကိုရဖို့အတွက် တခြားတန်ဖိုးကြီးအရာတွေ ရင်းဖို့ဆိုတာ အသာထား၊ အမုန်းတောင် မခံချင်ပါဘူးဆိုတဲ့ အတွေးဟာ လိမ္မာ ပါးနပ်သူတွေရဲ့ အတွေးဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စေချင်တာပါပဲ။ ။
မိုးကျော်ဇင်
၃၀/ ၁၁/ ၂၀၂၃
-
#MoeMaKaMedia
#WhatsHappeningInMyanmar