Breaking News

လှကျော်ဇော - ပူတင်ရဲ့ အင်တာဗျူး

လှကျော်ဇော - ပူတင်ရဲ့ အင်တာဗျူး

(မိုးမခ) ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၄


အခုတလော သတင်းမီဒီယာတွေမှာ အတော်ဂယက်ရိုက်နေတဲ့ အကြောင်းအရာတခုကတော့ ရုရှားသမ္မတ ပူတင်ကို အမေရိကန်သတင်းထောက် တာကာ ကာလ်ဆင်က မော်စကိုမှာ တွေ့ဆုံမေးမြန်းချက်ပါ။ ၆-၂-၂၀၂၄ မှာ ၂ နာရီကျော်ကြာ ပြုလုပ်ထားတဲ့ ဒီမေးမြန်းခန်းကို ၉-၂-၂၀၂၄ မှာ ထုတ်လွှင့်သွားပါတယ်။

စလွှင့်ကတည်းက သတင်းမီဒီယာ(အထူးသဖြင့် အနောက်တိုင်းမီဒီယာ)တွေမှာ ပွဲဆူနေပြီးသတင်းထောက် ကာလ်ဆင်ခမျာ ပူတင်ကို ပွဲထုတ်ရပါ့မလား ဆိုပြီး ဝိုင်းသမနေကြတာကို မရှုမလှ ခံနေရပါတယ်။

ဒါ့အပြင်  ရုရှားရဲ့ အတိုက်အခံခေါင်းဆောင် အကျဉ်းထောင်ထဲမှာ သေဆုံးသွားတဲ့ကိစ္စ ပေါ်လာတော့ ပိုညံစီသွားတာပေါ့။

ရုရှားသတင်းမီဒီယာများက "ပူတင်ရဲ့ ဝါဒဖြန့်ချိရေးဆိုင်ရာ အောင်ပွဲတရပ်" လို့ဆိုထားတဲ့ ဒီ ပူတင်ရဲ့ အင်တာဗျူးမှာ ပူတင် ဘာတွေ ပြောခဲ့သလဲ။ ကြည့်ရအောင်ပါ။

၁။ ယူကရိန်းသမိုင်းကြောင်း။

ယူကရိန်းဆိုတာ 'နယ်စပ်ဒေသက လူများ'လို့ အဓိပ္ပာယ်ထွက်တယ်ဆိုတာက စလို့ ယူကရိန်းဒေသသမိုင်းကြောင်းကို ၉ ရာစုကစလို့ ခေတ်အဆက်ဆက် ရုရှားအင်ပါယာထဲ ရောက်လိုက် တခြားဥရောပမှာ ပေါ်ခဲ့တဲ့ အင်ပါယာများ (ဥပမာ-အောတမန်အင်ပါယာ)ဆီ ရောက်လိုက်နဲ့ နောက် ၁၇ ရာစုကစလို့ ရုရှားအင်ပါယာလက်အောက် ရောက်လာတဲ့ သမိုင်းကြောင်းကို အသေးစိတ် ပြောပြသွားတာ တွေ့ရပါတယ်။

 ၁၉၁၇ ခုနှစ် အောက်တိုဘာတော်လှန်ရေးအပြီး ဆိုဗီယက်ယူနီယံခေတ်မှာ လီနင် တို့ ၊ စတာလင် တို့က မိမိတို့ပြည်ထောင်စုတွင်းက လူမျိုးစုများဖွံ့ဖြိုးတိုးတက်ရေးပေါ်လစီအရ ယူကရိန်းကို ပြည်နယ်ဖွဲ့ပေးရာမှာ ယူကရိန်းအရှေ့ဘက်ရှိ တချို့ ရုရှားပြည်နယ်များ (ဥပမာ- ဒွန်ဘတ်စ်၊လူဟန့်)ကို ထည့်ဖွဲ့ပေးလိုက်ပါတယ်။

ဒီနောက်မှာလည်း ယူကရိန်းဟာ ရုရှားများရဲ့ အကူအညီနဲ့ တိုးတက်ဖွံ့ဖြိုးလာခဲ့ပြီး ရုရှားပြည်မကြီးနဲ့လည်း အလွန်ဆက်ဆံရေးကောင်းခဲ့ပါတယ်။

၂။ နေတိုးကိစ္စ။ 

"၁၉၉၁ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားပြီးနောက် အနောက်နိုင်ငံမျာက ရုရှားခေါင်းဆောင် ဖြစ်တဲ့ ဂိုဘာချော့ဗ်ကို နေတိုးကို ဆက်မတိုးချဲ့တော့ပါဘူး"လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ အခု ၅ ကြိမ် ရှိပြီ တိုးနေတာ။ နေတိုးကို ဥရောပရဲ့ လုံခြုံရေးစနစ်သစ် ဖော်ဆောင်မယ်လို့ဆိုတော့ ကျွန်တော်တို့လည်း နေတိုးထဲ ပါဝင်ပါရစေ" လို့ ကျွန်တော်ကိုယ်တိုင် ၂၀၀၀ ပြည့်နှစ်က ကလင်တန်နဲ့ တွေ့စဉ် တောင်းဆိုဖူးပါတယ်။ သမ္မတယာဆင် ကိုယ်တိုင်လည်း အမေရိကရောက်စဉ် "အခုတို့တတွေ ဘူဇွာတွေ ဖြစ်ကုန်ပြီ၊ တို့ တိုင်းပြည်မှာလည်း ဈေးကွက်စီးပွားရေး လုပ်ဆောင်နေပြီ။ ဒါကြောင့် တို့ကို မင်းတို့ အနောက်နိုင်ငံများက ကူညီထောက်ပံ့သင့်တာပေါ့" လို့ ပြောဆို အကူအညီတွေ တောင်းခဲ့ဖူးပါတယ်။

ဘုတ်ရ်ှအကြီးခေတ်မှာလည်း ကျွန်တော်တို့က ဒုံးပျံကာကွယ်ရေးစနစ်တွေ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးဖူးပါတယ်။

ဘာမှ ဖြစ်မလာပါဘူး။ ကျွန်တော်တို့နားက ယူဂိုစလပ်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်ပစ်တယ်။ ကျွန်တော်တို့ ကော့ကေးရှပ်ဒေသက ခွဲထွက်ရေးအကြမ်းဖက်သမားတွေကို အစစအရာရာ ထောက်ပံ့ပေးခဲ့တယ်။ ရုရှားဗဟိုအစိုးရရဲ့ အတိုက်အခံဟူသမျှကို အမေရိကန်က(စီ-အိုင်-အေ)က တောက်လျှောက် အထောက်အပံ့ပေးနေတာပဲ။

အမေရိကန် နိုင်ငံရေးစနစ်မှာ အရွေးကောက်ခံပုဂ္ဂိုလ်များ (သမ္မတများကို ဆိုလို) က ဘာမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ သူတို့နောက်က အဆောက်အအုံအဖွဲ့အစည်းများက (Institutions) ချုပ်ကိုင်ထားတာပဲ။ ကျွန်တော် အမေရိကန်သမ္မတများနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုတွေ ရှိပါတယ်။ဒါပေမဲ့ သူတို့နဲ့ ပြောဆိုဆွေးနွေးရာမှာ ဘယ်လောက် အဆင်ပြေပြေ၊ သူတို့နောက်က(C. I。A)ကအဆုံးအဖြတ်ပေးပါတယ်။

၃။ မင်န်စ်သဘောတူညီချက် (Minks Agreement) 

ယူကရိန်းနဲ့ ရုရှား တောက်လျှောက်ဆက်ဆံရေးတွေ ကောင်းခဲ့ပေမယ့် ၂၀၀၄ ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့ (ရုရှား လိုလားတဲ့) ယူနိုကိုဗစ်ကို(အနောက်နိုင်ငံများအားပေးမှုနဲ့ လိမ္မော်ရောင်တော်လှန်ရေး) နဲ့ ဖြုတ်ချပြီး ဗစ်တာယူရှန်ကို တက်လာတယ်။ နောက်ပိုင်း ဇာလန်စကီး သမ္မတဖြစ်လာတယ်။

အဲဒီကာလတလျှောက် ယူကရိန်းအစိုးရကို အနောက်နိုင်ငံများ(စီ-အိုင်-အေနဲ့ နေတိုးကို ဆိုလိုဟန်တူ)က လွှမ်းမိုးထားခဲ့ပြီး နာဇီဝါဒ (အမျိုးသားရေးအရ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားအများ နေထိုင်တဲ့ ပြည်နယ်များကို ရုရှားစာ မသင်ရ၊ ရုရှားစကား မပြောရ ဆိုတဲ့ ဥပဒေတွေ ထုတ်၊ ရုရှားလူမျိုးဆန့်ကျင်ရေးတွေ လုပ်တာကို ဆိုလို) သွတ်သွင်းလာလို့၊ အဲဒီဒေသတွေမှာ ခွဲထွက်ရေးလှုပ်ရှားမှုတွေ ပေါ်လာတော့၊ ယူကရိန်းက အကြီးအကျယ် နှိမ်နှင်းရာမှာ နေတိုးက ၀င်ဗုံးကြဲပေးခဲ့တယ်။

ဒီစစ်ပွဲကို ရပ်ဖို့ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ ယူကရိန်းနဲ့ ခွဲထွက်ရေး လှုပ်ရှားမှုခေါင်းဆောင်တွေ အပါ တွေ့ဆုံ ဆွေးနွေးပြီး မင်န်စ်သဘောတူညီချက်ကို ၂၀၁၄ မှ ာရခဲ့ပေမယ့် အနှောင့်အယှက်အမျိုးမျိုးကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ဘူး။ ဇာလန်စကီးက လက်မှတ်ထိုးဖို့ သဘောတူပြီးသား၊ အဲဒါ ဘောရစ်ဂျွန်ဆင်က လာတားတာ၊ ကျွန်တော်ကတော့ စေ့စပ်ဆွေးနွေးရေးတံခါး အမြဲဖွင့်ထားတယ်။ အခုလည်း ယူကရိန်းစစ် ရပ်ချင်ရင်အလွယ်လေး၊ အမေရိကန်က လက်နက်တွေမပို့နဲ့တော့၊ သုံး-လေးရက်အတွင်း စစ်ပြီးသွားမှာ။

၄။ နေတိုးက (ရုရှား ခြိမ်းခြောက်မှု)လို့ ပြောနေတာ သက်သက် ပြောနေတာ။ ကျွန်တော်တို့က ဘာလို့ တခြား နိုင်ငံတွေ (ဥပမာ-ပိုလန်) ၀င်တိုက်ရမှာလဲ။ ကျွန်တော်တို့အတွက် ဘာအကျိုးကျေးဇူးမှ မရှိတာ၊ အမေရိကန် စစ်သားတွေ ဒီစစ်ပွဲမှာ ပါလာရင်တော့ ကမ္ဘာစစ်အထိ ဖြစ်သွားနိုင်ပြီးအားလုံးဒုက္ခရောက်ကုန်မှာပေါ့။ အမေရိကန်ကလည်း ဒီလောက်အဝေးကြီး ဘာလာလုပ်ချင်တာလဲ။ ကိုယ့်နိုင်ငံပြဿနာတွေ--နယ်စပ်ပြဿနာတွေ၊ ကြွေးကိစ္စ စတာတွေ အရင်ရှင်းဦးလေ။

၅။ ဂျာမနီကို ရုရှားက ပို့တဲ့ ပင်လယ်ရေအောက် ဓာတ်ငွေ့လိုင်းကို ဘယ်သူ ဖောက်ခွဲသလဲ။ ဒါကို စဉ်းစားတဲ့အခါ ဒီဖောက်ခွဲမှုဟာ ဘယ်သူ့အတွက် အကျိုးရှိသလဲ ဆိုတာရော၊ ဒီလို ဖောက်ခွဲနိုင်တဲ့ အရည်အချင်း ဘယ်သူ့မှာ ရှိတယ် ဆိုတာရော ထည့်သွင်းစဉ်းစားရမှာ၊ ဘောလ်တစ်ပင်လယ်အောက်က ပိုက်လိုင်းကို ဖောက်နိုင်ဖို့ဆိုတာ နိုင်ငံတော်အဆင့် အတတ်ပညာရှိမှ ဖြစ်နိုင်မှာ၊ ကမ္ဘာ့ဝါဒ ဖြန့်ချိရေးတခုလုံးက အမေရိကန်က အုပ်စီးထားတာ။ ကျွန်တော်တို့မှာ ဘာအထောက်အထားရှိရှိ ဘယ်မှာမှ တင်ပြလို့ရတာ မဟုတ်ဘူး။ ဂျာမနီ အနေနဲ့ကလည်း တခြားပိုက်လိုင်းတွေ ရှိတာပဲ။သူတို့က မဖွင့်ဘူးလေ၊ ပြီးတော့ ဈေးကြီးပေးပြီး အမေရိက က အရည်လုပ်ထားတဲ့ ဓာတ်ငွေ့တွေ ဝယ်တယ်။

၆။ အမေရိကန်ရဲ့ ဒေါ်လာကို နိုင်ငံအတော်များများက နိုင်ငံတကာကုန်သွယ်ရေးမှာသုံးတဲ့ ငွေကြေးအဖြစ် သုံးပြီး မိမိတို့ရဲ့ အရန်ငွေကြေးအဖြစ်လည်း သဘောထားခဲ့ကြတာပါ။ ဒါပေမဲ့ အမေရိကန်ကပဲ၊ဒေါ်လာကို လက်နက်လို သဘောထားပြီး စိတ်မထင်တဲ့ နိုင်ငံတွေကို တဖက်သတ်ပိတ်ဆို့မှုတွေ လုပ်တာ၊ အမေရိကန်မှာ ထားတဲ့ အဲဒီနိုင်ငံက အရန်ငွေတွေကို သိမ်းပစ်တာတွေ လုပ်လာလို့ အမေရိကန်မိတ်ဆွေနိုင်ငံများအပါ နိုင်ငံအတော်များများက တခြားငွေကြေးတွေကို အရန်ငွေအဖြစ် အသုံးပြုလာကြတာ ဖြစ်တယ်။

ရုရှားအနေနဲ့ကလည်း နိုင်ငံတကာကုန်သွယ်ရေးမှာ ၅၀% က ဒေါ်လာနဲ့ပဲ လုပ်ခဲ့တာ။ အခု သူတို့ရဲ့ ပိတ်ဆို့ အရေးယူမှုတွေကြောင့် ၁၅ ရာခိုင်နှုန်းအထိ ကျသွားတာ။ အမေရိကန်စီးပွားရေးလည်းထိခိုက်တာပါပဲ။ သူ့အပြစ်နဲ့ သူပဲ။ ကိုယ့်ဟာကိုယ်ရှာတဲ့ ဒုက္ခပါ။

၇။ BRICS အဖွဲ့အစည်း

သတင်းထောက်က ဒီအဖွဲ့စည်းကို တရုတ် အုပ်စီးသွားမှာ စိတ်မပူဘူးလား" လို့ မေးတာကို ပူတင်က— 

"တရုတ်နဲ့ ရုရှားဟာ အိမ်နီးချင်းနိုင်ငံများအဖြစ် အတူယှဉ်တွဲနေတာ ကြာပြီ၊ တရုတ်ရဲ့ သံခင်းတမန်ခင်းပေါ်လစီတွေကလည်း ဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့နည်း၊ အပေး-အယူလုပ်တဲ့နည်းတွေ သုံးတာ၊ ဒါကြောင့် စိတ်မပူပါဘူး။

တရုတ်က ရုရှားနဲ့ ဆက်ဆံရေးတွေကောင်းတာ မှန်တယ်။ ဥရောပနိုင်ငံများနဲ့လည်း ကောင်းတာပဲ။ အခု BRICS ရဲ့ အရှိန်ကလည်း အလွန်ကြီးလာပြီ။ ၁၉၉၂ ခုနှစ်က ဂျီ-၇ နိုင်ငံများက ကမ္ဘာ့စီးပွားရေးရဲ့ ၅၇ ရာခိုင်နှုန်း၊ ဘရာစ်နိုင်ငံများက ၁၆ ရာခိုင်နှုန်းပဲ ရှိတာ။ အခု ၂၀၂၀ မှာ ဂျီ-၇ က ၃၀ ရာခိုင်နှုန်းထိ ကျသွားပြီး ဘရာစ်က ၃၀ ရာခိုင်နှုန်း ကျော်သွားပြီ။

အခု ကမ္ဘာ့စီးပွားရေးမှာ ဝယ်ယူနိုင်အားနဲ့ တွကရင် တရုတ်ဟာ နံပါတ် ၁ ဖြစ်နေပါပြီ။ ရုရှားဟာ မကြုံစဖူး ပိတ်ဆို့မှု အမျိုးမျိုးကြားကပဲ ဥရောပမှာ စီးပွားရေးတိုးတက်မှုက နံပါတ် ၁ ဖြစ်နေတာပါ။ တကယ်တော့ အမေရိကန်ဟာ တဖြည်းဖြည်း ကျဆင်းနေပါပြီ။ တခြားနိုင်ငံက စီးပွားရေးများ အလွန်တက်နေတာ တွေ့လာရပါပြီ။ (ဥပမာ- အင်ဒိုနီးရှား)။ ၂၀၁၄ ကတည်းက ပြဿနာတွေရှင်းဖို့ အကြိမ်ကြိမ် ပြောခဲ့တာပါ။ သူတို့က နေတိုးအခြေခံစခန်းတွေ ဖွင့်ဖို့ပဲ စိတ်အားသန်ခဲ့တာ။ တကယ်လို့ မင်န်စ် သဘောတူညီချက်သာ အကောင်အထည်ဖော်နိုင်ရင် ဒီစစ်ပွဲ ဖြစ်စရာ အကြောင်းမရှိပါဘူး။"

ဒါတွေကတော့ ပူတင်ရဲ့ ပြောဆိုချက်တွေ ဖြစ်ပါတယ်။

လွတ်လပ်ပါတယ် ဆိုတဲ့ အနောက်နိုင်ငံသတင်းဌာနများက ဘယ်တုန်းကမှ ထုတ်မပြောခဲ့တဲ့ ကြောင်းအရာတွေ ပါလာတော့ဆွေ့ဆွေ့ခုန်တာ သဘာဝကျပါတယ်။ အထူးသဖြင့် အခုလို အမေရိကန်မှာ ယူကရိန်းစစ်စရိတ်ဆက်ထောက်ပံ့၊ မထောက်ပံ့ ငြင်းခုံနေရချိန် အရေးကြီး ကာလကြီးလေ။

အဲဒီသတင်းကို စတင်တဲ့အချိန် သတင်းထောက် တာကာကာလ်ဆင် က နိဒါန်းအနေနဲ့ ဒီလို ပြောသွားပါတယ်။

"ကျွန်တော့်အနေနဲ့ ဒီတွေ့ဆုံမေးမြန်းခန်း လုပ်တာဟာ ရုရှားကို ချစ်လို့၊ ပူတင်ကို သဘောကျလို့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော့် တိုင်းပြည် အမေရိကားကို ချစ်လို့ပါ။ ကျွန်တော်တို့ရဲ့ အခွန်ထမ်းပြည်သူတွေက သူတို့ရဲ့အခွန်တွေကို အစိုးရက ဘယ်နေရာတွေမှာ သုံးနေတယ် ဆိုတာ သိစေချင်လို့ပါ"တဲ့။

အခုလို ကမ္ဘာမှုပြုတဲ့ ခေတ်မှာ ဘယ်သတင်းမှ ထိမ်ချန်လို့ မရတော့ပါဘူး။

လှကျော်ဇော။

၂၀-၂၀-၂-၂၀၂၄။

ကိုးကား။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar