Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၄

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၄

(မိုးမခ) ဖေဖော်ဝါရီ ၃ ၊ ၂၀၂၄


နွေဦးဆောင်းဦးကာလ - ကျန်းနယ်စားနဲ့ ကျို့နန်းတော်တို့ လမ်းခွဲ

ကျို့ခေတ်ရဲ့ ၁၂ ယောက်မြောက် ဧကရာဇ်၊ တနည်းအားဖြင့် အနောက်ဘက်ကျို့ခေတ်ရဲ့ နောက်ဆုံးဧကရာဇ် ဖြစ်သူ ယို ကို ယောက္ခမတော်သူ ရှန်းနယ်စားကြီးက ဖြုတ်ချခဲ့ပြီး အနောက်ဘက်ကျို့ခေတ် အဆုံးသတ်ခဲ့တယ် ဆိုတာ လေ့လာခဲ့ကြပါပြီ။ အဲဒီလို ဧကရာဇ်ကို ဖြုတ်ချရာမှာ ရှန်းနယ်စားကြီးဟာ ချွမ်းရုံ မျိုးနွယ်စုတွေနဲ့ ပူးပေါင်းခဲ့ရပါတယ်။ တပြိုင်နက်တည်းမှာ ကျို့လက်အောက်ခံဖြစ်တဲ့ ကျန်းနိုင်ငံ (Zheng) ကလည်း ရှန်းနယ်စားကြီးကို ကူညီခဲ့ပါတယ်။ 

ဧကရာဇ်ယို ကို ဖြုတ်ချပြီးတဲ့နောက် ရှန်းနယ်စားကြီးနဲ့ ချွမ်းရုံတွေ၊ ကျန်း တွေက နယ်စားကြီးရဲ့မြေး (ဧကရာဇ် ယို ရဲ့ သား) ကို ဖျင် ကို နန်းတင်ပြီး မြို့တော်ကို အရှေ့ဘက်ကို ရွှေ့လာတာမို့ ဘီစီ ၇၇၁ မှာ အရှေ့ဘက်ကျို့ခေတ် စတင်ရတာပါ။ ဒါကြောင့်  နွေဦးဆောင်းဦးကာလရဲ့ အစမှာ အရှေ့ဘက်ကျို့နန်းတော်အပေါ် ကျန်းနိုင်ငံရဲ့ ကျေးဇူးတွေ အများအပြား တင်ရှိခဲ့တယ်လို့ ဆိုရမှာပါ။ 

အဲဒီအတွက် ကျို့နန်းတော်နဲ့ ဧကရာဇ်ဖျင် တို့ကလည်း ကျန်း နိုင်ငံကို ပစားပေးခဲ့ပါတယ်။ ကျို့နန်းတော်ရဲ့ လက်ရုံးနိုင်ငံအဖြစ် သူကောင်းပြုခဲ့ပါတယ်။ ကျန်းနယ်စား ကျောင်း (鄭莊公Zhuang) ကို ဧကရာဇ်ဖျင်ရဲ့ လက်ဝဲရံ အကြံပေး အဖြစ်ခန့်အပ်ခဲ့ပါတယ်။ ဒါကြောင့် ကျို့အင်ပါယာရဲ့ အရေးကိစ္စတွေမှာ ကျောင်း ဟာ အရေးပါသူ ဖြစ်လာသလို၊ ဩဇာလည်း ကြီးမားလာပါတယ်။

ဧကရာဇ်ဖျင် က ကျောင်း ကို ဒီလိုနေရာပေးတာဟာ အခြားအကြောင်း ရှိပါသေးတယ်။ ကျောင်း ဦးဆောင်နေတဲ့ ကျန်းနိုင်ငံဟာ ကျို့ နန်းတော်နဲ့ အရှေ့ဘက်က နိုင်ငံငယ်တွေအကြားမှာ ကြားခံနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် အရှေ့ဘက်က ကျို့နန်းတော်ကို ဝင်တိုက်တာမျိုး မရှိအောင် ကြားကနေ ကာကွယ်ပေးနိုင်တာက ကျန်းနိုင်ငံ ဖြစ်နေတာပါ။ 

နောက်ထပ်တစ်ချက်က ကျောင်း ကို ကျို့နန်းတော်ထဲ ခေါ်ပြီး ဧကရာဇ်ရဲ့ လက်ဝဲရံ အဖြစ် ကပ်ထားလိုက်တဲ့အတွက် ကျောင်းရဲ့ ခြေလှမ်းကို စောင့်ကြည့်နိုင်သလို၊ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားပြီးသားလည်း ဖြစ်နေတာပါ။ ဒါဟာ ပဒေသရာဇ်နိုင်ငံရေးပါပဲ။ 

အဲဒီလို ကျို့နန်းတော်က ကျောင်း ကို အနုနည်းနဲ့ ထိန်းချုပ်ထားပေမယ့် တစ်ဖက်မှာတော့ ကျန်းနိုင်ငံဟာ ကျောင်းရဲ့ ဦးဆောင်မှုအောက်မှာ အင်အားကြီးလာနေပါတယ်။ ကျန်း ဟာ လူ၊ ချီ အစရှိတဲ့နိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။ ကျန်းရော၊ လူရော၊ ချီရော ဟာ ကျို့အင်ပါယာနဲ့ မလွတ်ကင်းသူတွေဆိုပေမယ့် ဧကရာဇ်ရဲ့ ဩဇာလည်း အပြည့်မသက်ရောက်တဲ့နိုင်ငံငယ်တွေပါ။ အဲဒီလို ကျန်း၊ လူ၊ ချီ မဟာမိတ်ဖွဲ့နိုင်မှုကြောင့် အရှေ့ဘက်ကနိုင်ငံငယ်အချို့ကို ကျန်း အောက်ကို သိမ်းသွင်းနိုင်ခဲ့ပြီး အင်အား ပိုမိုတောင့်တင်းလာနိုင်ခဲ့တာပါ။ ဒါပေမယ့် အဲဒီအခြေအနေမှာတောင် ဧကရာဇ်ဖျင် ဟာ ကျောင်းနဲ့ ဆက်ဆံရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားခဲ့ပါတယ်။ 

ဘီစီ ၇၂၀ အရောက်မှာ ဧကရာဇ်ဖျင် လွန်ပါတယ်။ ဖျင်ရဲ့ သားဖြစ်သူ ဟွမ် (Huan 桓) က ကျို့အင်ပါယာရဲ့ ဧကရာဇ် ဖြစ်လာပါတယ်။ အဲဒီမှာ ကျို့ နဲ့ ကျန်း အကြား ဆက်ဆံရေးမပြေလည်ဖို့ အခြေအနေတွေ ဖန်တီးလာတော့တာပါ။ ဟွမ် ဟာ ကျန်းအပေါ် ဖခင်ဖြစ်သူ ဖျင်လောက် အလေးမပေးတော့ပါဘူး။ 

ဘီစီ ၇၁၇ မှာ ကျန်းနယ်စား ကျောင်း ဟာ ကျို့နန်းတော်ကို ဧကရာဇ်ဟွမ် နဲ့ တွေ့ဖို့လာခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ဧကရာဇ်က သူ့အပေါ် လေးလေးစားစား ဆက်ဆံခဲ့ခြင်းမရှိဘူးလို့ ကျောင်း က ခံစားခဲ့ရပါတယ်။ ဒါဟာ ကျို့ နဲ့ ကျန်း တို့ရဲ့ကြားက အက်ကြောင်းအစ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ အဲဒီအချိန်မှာ ကျန်းနိုင်ငံ ဟာ ကျို့မြို့တော်ရဲ့ လုံခြုံရေးကို တာဝန်ယူထားရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျို့နန်းတော်အတွက် အန္တရာယ်အငွေ့အသက်တွေ မြင်လာရပြီ လို့ ဆိုရမှာပါ။ 

တချို့သမိုင်းတွေမှာတော့ ဟွမ် က ဧကရာဇ်ဖြစ်လာကတည်းက ကျောင်း ကို ကျို့နန်းတော်ရဲ့ လက်ဝဲရံ အကြံပေး ဆိုတဲ့ ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ ဆိုပါတယ်။ ဗဟိုရဲ့ အုပ်ချုပ်ရေးယန္တရားကနေ ဖယ်ရှားခံလိုက်ရတဲ့ ကျောင်း ဟာ ဒီအပေါ်မှာ ဆန္ဒပြတဲ့အနေနဲ့ ကျို့နန်းတော်ကို အခစား လုံးဝမဝင်တော့ဘူးလို့ ဆိုပါတယ်။ ဧကရာဇ် ဟွမ် က ခေါ်တာတောင် မသွားတော့ပါဘူး တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျို့ နဲ့ ကျန်း ကြားမှာ တင်းမာမှုက အတော်ပြင်းထန်ခဲ့မှာပါ။ 

အဲဒီအခြေအနေတွေကြောင့် ဘီစီ ၇၀၇ မှာ ကျို့ နန်းတော်က ကျန်းနိုင်ငံကို ဝင်တိုက်ပါတော့တယ်။ ဧကရာဇ်ဟွမ် ဟာ ရာဇမာန်တက်ပြီး ဘာကိုမှ မြင်တော့တဲ့ ပုံမပေါ်ပါဘူး။ အဲဒီတိုက်ပွဲကို ရွှီးကယ် (繻葛Xuge) တိုက်ပွဲလို့ သမိုင်းမှာ ထင်ရှားပါတယ်။

ကျို့ဧကရာဇ် ဟွမ် ဟာ လက်အောက်ခံနိုင်ငံအချို့က တပ်တွေကို ဆင့်ခေါ်ခဲ့ပါတယ်။ ကျို့တပ်တွေရဲ့ ညာတောင်ပံမှာ ချိုက် (Cai) နဲ့ ဝေ (Wey) နိုင်ငံတပ်တွေက တာဝန်ယူရပြီး၊ ဘယ်တောင်ပံကိုတော့ ချန် (Chen) နိုင်ငံရဲ့ တပ်တွေက တာဝန်ယူရပါတယ်။

ကျန်းနယ်စား ကျောင်းကတော့ သူ့ရဲ့ ကျန်းတပ်တွေနဲ့ပဲ ခုခံပါတယ်။ ညာတောင်ပံကို တာဝန်ယူရတဲ့ ချိုက် နဲ့ ဝေ ဟာ ကျို့ နဲ့ စစ်ခင်းထားတဲ့ နိုင်ငံတွေပါ။ ဒါကြောင့် ကျို့ဧကရာဇ် က ခေါ်ယူပြီး စစ်တိုက်ခိုင်းတာကို မတတ်သာလို့ လိုက်နာပြီး တိုက်ရသူတွေ ဖြစ်ပါတယ်။ တခါ ဘယ်တောင်ပံကို တာဝန်ယူရတဲ့ ချန် ကလည်း ပြည်တွင်းစစ် ဖြစ်ထားလို့ စစ်ပန်းနေတဲ့အချိန်ပါ။ ဒါကြောင့် ကျန်းတပ်တွေဟာ အလယ်က ကျို့တပ်ကြီးကို အရင်မတိုက်ဘဲ တောင်ပံက စစ်ပန်းနေပြီးသာ တပ်တွေ၊ စစ်မတိုက်ချင်တဲ့ တပ်တွေကို အရင်ဖိပြီး တိုက်ပါတယ်။ ခဏလေးအတွင်း အဲဒီ တောင်ပံက တပ်တွေ ကျကုန်တာပါပဲ။ 

ချိုက်၊ ဝေ၊ ချန်း တပ်တွေ ကျကုန်ပြီဆိုမှ အလယ်က ကျို့တပ်ကို ဝင်တိုက်ပါတယ်။ ကျို့ဧကရာဇ် ဟွမ် ရဲ့ ပခုံး ကို မြားထိသွားပြီး ကျို့တပ်တွေ ရှုံးပါတယ်။

စစ်ပွဲအပြီးမှာ ကျို့ ရဲ့ သိက္ခာဟာ ရစရာမရှိအောင် ကျဆင်းသွားပါတယ်။ မိုးနတ်မင်းရဲ့ ဗျာဒိတ်ခံ ဧကရာဇ်ရဲ့ ပခုံးကို မြားမှန်ပြီး တပ်ပျက်ခဲ့တဲ့ အခြေအနေ မဟုတ်ပါလား။ အဲဒီဖြစ်စဉ်ကြောင့် ကျို့လက်အောက်ခံ နိုင်ငံငယ်တွေဟာလည်း ကျို့ နန်းတော်အပေါ် မလေးစားတော့ပါဘူး။ ဧကရာဇ်အဖြစ် သဘောလောက်သာ လက်ခံထားကြပြီး အောက်ခြေမှာတော့ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ လုပ်ဆောင်လာကြပါတယ်။ ဒါကြောင့် ဘုရင်ခံ (hegemony) တွေ ပေါ်ပေါက်လာဖို့ အကြောင်းဖန်လာတာပါ။ 

ဟွမ် ဧကရာဇ် ဟာ ဘီစီ ၆၉၇ မှာ ကွယ်လွန်ပါတယ်။ လက်အောက်ခံနိုင်ငံတွေက အခွန်ဆက်သတာတွေ၊ ရိုသေလေးစားတာတွေ လျော့ကျလာတာကြောင့် ဧကရာဇ်ရဲ့ နာရေးအတွက်တောင် လုံလောက်တဲ့ ရန်ပုံငွေ မရခဲ့လို့ နောက်ထပ် ၁၀ နှစ်အကြာမှ သင်္ဂြုဟ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

စစ်နိုင်သွားတဲ့ ကျန်းနိုင်ငံရဲ့ ဇာတ်လမ်းကလည်း သိပ်မကောင်းလှပါဘူး။ ကျောင်း က ဘီစီ ၇၀၁ မှာ ကွယ်လွန်ပါတယ်။ သားဖြစ်သူက ကျန်းနိုင်ငံကို ဆက်ခံပြီးတဲ့နောက် အနှစ် ၂၀ လောက်ကြာတဲ့ ပြည်တွင်းစစ်ကြီး ဖြစ်ပြီး တိုင်းပြည်က ချည့်နဲ့သွားတယ်လို့ ဆိုပါတယ်။ 

နွေဦးဆောင်းဦးကာလမှာ ဖြစ်ပွားခဲ့တဲ့ ကျန်း နဲ့ ကျို့ အကြားက လမ်းခွဲဇာတ်လမ်းကနေ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး သင်ခန်းစာတွေ အများအပြား ထုတ်ယူနိုင်မယ်လို့ ယူဆမိပါတယ်။ 

~~~~~~~~~~~~~~~~~~~~~

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀ 👉https://www.moemaka.com/2024/01/blog-post_162.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁ 👉https://www.moemaka.com/2024/01/blog-post_872.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂ 👉https://www.moemaka.com/2024/01/blog-post_8245.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၃ 👉https://www.moemaka.com/2024/01/blog-post_308.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၄ 👉https://www.moemaka.com/2024/01/blog-post_799.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၅ 👉https://www.moemaka.com/2024/01/blog-post_399.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၆ 👉https://www.moemaka.com/2024/01/blog-post_234.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၇ 👉https://www.moemaka.com/2024/01/blog-post_1968.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၈ 👉https://www.moemaka.com/2024/01/blog-post_153.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၉ 👉https://www.moemaka.com/2024/01/blog-post_665.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၀ 👉https://www.moemaka.com/2024/01/blog-post_793.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၁ 👉https://www.moemaka.com/2024/01/blog-post_608.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၂ 👉https://www.moemaka.com/2024/02/blog-post_01.html

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၃ 👉https://www.moemaka.com/2024/02/blog-post_02.html



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar