လေခဏီ - နိဂုံး၏ အဆုံးသတ်
လေခဏီ - နိဂုံး၏ အဆုံးသတ်
(မိုးမခ) ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၄
အထက်တန်းစာမေးပွဲဖြေပြီးချိန် မှန်းထုတ်လိုက်သည်မို့ မိဘများ နှလုံးမအား ဗျာများနေရပြီ။
အချိန်ကား ကိုယ့်လူ သူ့လူမရွေး ကပ်ဘေးဆိုက်ချိန်တည်း။
အရင်က ကိုယ့်လူ သူ့လူ ခွဲ၏။ ခု ကိုယ့်လူပါအသုံးချတော့မည်မို့ အရင်းအဖျားသာ ခွဲတော့မည်။ အဖျားအနား ကြံ့ဖွတ်အမာခံများနှင့် မဘသများ ကြောက်အားပိုနေကြပြီ။
သူတို့နယ် သူတို့လူဟူသမျှ အပူကြွရပြီ။ သူရို့နယ် ဧရာဝတီလည်း သေပါပြီကိန်းဆိုက်လာပြီ။ လူတွေကို သေနတ်ထိုးချိန်ခေါ်သွားနေပြီ။ သူတို့ လူပအိုဝ်းတွေလဲ ကိုယ့် သမီး သား ဘယ်သွားထားရမှန်းမသိကြတော့။ အရင်လို PNO ကတဆင့် သူကြီးရေ ဘယ်နှယောက်ပေး တောင်းစရာမလိုတော့။ ဘယ်လမ်းက စောင့်ခေါ်ခေါ် ရသွားပြီ။ ကျောင်းအပြန် မောင်းပြန်ချိန်စောင့်နေရုံသာ။
စစ်မှုထမ်းဥပဒေ ထုတ်ခြင်းသည် အာဏာထိမ်းမှုအပေါ် ထပ်မံအာဏာသိမ်းလိုက်ခြင်းပင်။ အရင်အာဏာထိမ်းတာက ညှာတာတွေ ရှိသေးသည်၊ အခုဟာက မညှာမတာ အာဏာကုန်ချတော့မည်ဟုမဆိုလို။ တကယ်တော့ ကိုယ့်ဘက်အဖို့တော့ ဓားနှင့် ခုတ်သတ်သည်နှင့် သေနတ်နှင့်ပစ်သတ်သည်သာ ကွာသည်။ ဒီဥပဒေ၏ တကယ့်အနှစ်သာရက အရင်က သူ့လူ ကိုယ့်လူ ခွဲသည်။ အခု မခွဲတော့ဟု ဆိုလိုခြင်းပင်။
အချုပ်အားဖြင့် ဆိုရလျှင် စစ်မှုထမ်းဥပဒေသည် တတိုင်းပြည်လုံးကို ငါတို့ကလွဲ ဘယ်သူမှမရှိဟုဆိုလိုက်ခြင်းပင်။ ငါတို့ ဆိုသည်မှာ အသူနည်း။ မဘသလား၊ မဟုတ်။ ကြံ့ဖွတ်လော၊ နိုး။ ခရိုနီလား၊ ဝေးစွ။ ဘောင်းဘီကျွတ်လား၊ ဖွတ်တွေနားထား။ အားအားယားယား ကာကွယ်စောင့်ရှောက်မနေနိုင်။
ငါတို့ဆိုသည်မှာ အခု ဘောင်းဘီဝတ်ထားသူ တချို့ကိုသာ ဆိုသည်။ အကုန်မဟုတ်။ အထူးသဖြင့် ရှေ့တန်းစစ်မျက်နှာက လူတွေ မပါ။ ရခိုင်မှာ ဖြစ်သွားသည့် သင်္ဘောပေါ်က အဖြစ်အပျက်များကိုကြည့်ရင် အသိသာ။ လက်နက်ချခွင့် မပေး၊ သူတို့ကပင် အပေါ်က လာပစ်လိုက်သေးသည်။ ဗိုလ်မှူးချုပ်မင်းမင်းထွန်း ကိုယ့်ဘာသာ သတ်သေသွားရှာ။ နိုင်ရင်ရှင်မယ်။ ဘယ်သူမှ လာမကယ်။ မိသားစုနှင့် ရဲဘော်တွေ အလဟဿ အချည်းနှီးမသေအောင် လက်နက်ချခဲ့သည့် ရှမ်းမြောက်က ဗိုလ်မှူးချုပ်များကို သေဒဏ် ထောင်ဒဏ် ခတ်လိုက်ပြီ။
ငါတို့ဆိုသည်မှာ ဗိုလ်ချုပ်ကြီးများနှင့် သူတို့မိသားစုကိုသာ ဆိုလိုခြင်းဖြစ်သည်။
ဒီသဘောထားနှင့် ဒီအပြုအမူများက လက်နက်ချမှုမှသည် တပ်တွင်းပုန်ကန်မှုဆီ ဦးတည်သွားလေပြီ။ လက်နက်ချခြင်းသည် မလုံခြုံတော့၊ မရေရာတော့။ နှစ်ဦးနှစ်ဖက်အဆင်မပြေတော့။ တဘက်ကလည်း နေရာပေး စောင့်ရှောက်ဖို့ခက်တော့ သူတို့လက် ဝကွက်ပြန်အပ်လိုက်ရကား အရာရှိကိုအရေးယူ တပ်သားကိုပြန်သုံး လုံးလည်ချာလည် ဖြစ်နေသည်။ မပုန်ကန်နိုင်ရင် ဒီဘဝဒီမျှသာဖြစ်သည်။ တော်လှန်ရေးကတော့ စစ်အာဏာရှင်ရှိသ၍ ရပ်မည့်အရာ မဟုတ်။ ဒီတော့ ဆက်အမိန့်နာခံနေရင် မိသားစုနှင့် မတွေ့ရနိုင်တော့သလို မိသားစုလိုက် ကိုယ့်ရှေ့တင် သေပွဲဝင်ရတော့မည်။ သေပွဲဝင်နေကြပြီ။ ကိုယ်ကိုယ်တိုင် ပါဝင်တော်လှန်မှသာ ကိုယ့်ဘဝ ကိုယ့်အသက် ကိုယ့်မိသားစု လွတ်မြောက်တော့မည်။
ဒီစစ်မှုထမ်းဥပဒေက တတိုင်းပြည်လုံးကို စစ်ထပ်မံကြေညာလိုက်တာမို့ လက်နက်ကိုင်အဖွဲ့မှန်သမျှ ဒုတိယမ္ပိ D-Day ကြေညာရန်သာ ရှိတော့သည်။ ဖက်ဒရယ်ဒီမိုကရေစီထူထောင်ဖို့၊ စစ်အာဏာရှင် တိုက်ဖျက်ဖို့ လက်နက်ကိုင်ထားကြသည့်အတွက် တာဝန်လည်း ကျရောက်လာပါပြီ။ ဘယ်တိုင်းရင်းသားမဆို အန္တရာယ်ရှိလာသည့်အတွက်လည်း စစ်အာဏာရူးကို တမူးသာခွင့်ပေးလို့မဖြစ်တော့ပါ။ သူ့လူတွေကတောင် ထောက်ခံမှုများ မပေးနိုင်တော့တဲ့အတွက် တတိုင်းပြည်လုံးက လက်နက်ကိုင်အားလုံးအကုန် တပြိုင်နက်ချလိုက်ရင် တအုံလုံး ပြိုကျမည် ဧကန်ပင် ဖြစ်ပါကြောင်း။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar