Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃၃


ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃၃

(မိုးမခ) ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၄


ထင်းပုံပေါ် အိပ်၍ သည်းခြေရည် လျက်သူ

ဝူနိုင်ငံမှာ ဘုရင်ဟားလွီ (阖闾Helu) နန်းတက်ပြီးနောက် ဘီစီ ၅၀၆ ခုနှစ်မှာ ချူ (Chu) တို့ကို တိုက်ခိုက်အောင်မြင်ပြီး ဝူနိုင်ငံဟာ အင်အားကြီးနိုင်ငံတစ်နိုင်ငံ (Hegemony) အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဘီစီ ၄၉၆ မှာ ယွဲ့နိုင်ငံ (越Yue) က အင်အားကြီးမားလာပြီး ဝူ ရဲ့ အင်အားကြီးနိုင်ငံနေရာကို အစားထိုးဝင်ရောက်လာနိုင်ခဲ့ပါတယ်။

ယွဲ့နိုင်ငံဟာ အစောပိုင်းသမိုင်းတွေမှာ ထည့်သွင်းဖော်ပြခြင်း မခံခဲ့ရပါဘူး။ ယွဲ့ နဲ့ ဝူ နှစ်နိုင်ငံ စစ်ဖြစ်ကြတဲ့ ဘီစီ ၆ ရာစု ရောက်တော့မှာသာ သမိုင်းထဲမှာ ယွဲ့နိုင်ငံ ဆိုတာကို စပြီး ပြောလာတာ ဖြစ်ပါတယ်။ 

ယွဲ့နိုင်ငံရဲ့ အကြီးအကဲတွေဟာ တရုတ်ပြည်ရဲ့ ပထမဆုံးမင်းဆက်ဖြစ်တဲ့ ရှ(Xia) မင်းဆက်ရဲ့ ၆ ယောက်မြောက် ဧကရာဇ် ထံက ဆင်းသက်လာတဲ့ မျိုးဆက်တွေလို့ သမိုင်းတချို့က ဆိုပါတယ်။ ဆိုလိုတာက ရှ ခေတ်ကတည်းက ရှိခဲ့တဲ့ တိုင်းငယ်ပြည်ငယ် ဖြစ်ပါလိမ့်မယ်။ ဘယ်ခုနှစ်က ဘယ်သူ တည်ထောင်တယ်ဆိုတဲ့ သမိုင်းအထောက်အထား တိတိကျကျ မရှိပါဘူး။ ယွဲ့နိုင်ငံဟာ ဒီကနေ့ခေတ် တရုတ်ပြည်ရဲ့ ကျဲ့ကျန်း (Zhejiang) ပြည်နယ်ထဲမှာ တည်ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ယွဲ့ နဲ့ ဝူ ဟာ စစ်ပွဲငယ်တွေ အကြိမ်ကြိမ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုးဇာတ်အနေနဲ့ တွေ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ကတော့ အဲဒီ စစ်ပွဲတွေဟာ ယွဲ့နိုင်ငံက မင်းသမီးတစ်ပါးက စတယ်လို့ ဆိုပါတယ်။ ယွဲ့မင်းသမီးတစ်ပါးကို ဝူမင်းသားတစ်ပါးနဲ့ လက်ထပ်ပေးထားရာမှာ မင်းသမီးက ဝူနိုင်ငံမှာ မနေလိုဘဲ၊ ယွဲ့နိုင်ငံဆီ ပြန်ထွက်ပြေးရာကနေ နှစ်နိုင်ငံ မကျေနမလည်စဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

အခြားတစ်ဖက်မှာလည်း ချူကို နိုင်ပြီး ဩဇာကြီးတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာတဲ့ ဝူအတွက် စစ်စိတ်စစ်မာန် တက်ကြွနေသလို၊ ယွဲ့က အင်အားကြီးလာတာကို မကျေနပ်တာလည်း ဖြစ်နိုင်ပါတယ်။ 

ဘီစီ ၄၉၆ မှာ ယွဲ့နိုင်ငံရဲ့ အကြီးအကဲ ယွမ်ချန်း (Yuanchang) သေဆုံးပါတယ်။ ယွမ်ချန်း ဟာ ယွဲ့နိုင်ငံကို တည်ငြိမ်ပြီး အင်အားကြီးမားအောင် ဆောင်ရွက်ခဲ့တယ်လို့ ဆောင်းပါးအချို့မှာ ရေးတာဖတ်ရပေမယ့် သူ့အကြောင်းကို အသေးစိတ်ကို ရှာမတွေ့ပါဘူ။ ယွမ်ချန်း ရဲ့ အရိုက်အရာကို သားဖြစ်သူ ကိုးကျန့် (句踐 Goujian) က ဆက်ခံပါတယ်။ 

ယွဲ့ချန်း သေဆုံးတာကို အခွင့်ကောင်းယူပြီး ဝူဘုရင် ဟားလွီ (阖闾Helu) က ယွဲ့ကို ဝင်တိုက်ပါတယ်။ အဲဒီလို ကျူးကျော်တိုက်ခိုက်ရင်း ကျွေ့လီ (槜李 Zuili)တိုက်ပွဲအတွင်းမှာ ဟားလွီ ဒဏ်ရာ ရခဲ့ပါတယ်။ အဲဒီဒဏ်ရာနဲ့ပဲ ဘီစီ ၄၉၅ မှာ သေဆုံးတာမို့ ဟားလွီ ရဲ့သား ဖူချ (夫差Fucha) နန်းတက်ပါတယ်။ ဖူချိုင် (Fuchai) လို့လည်း ရေးတာ တွေ့ရပါတယ်။ ဝူက ယွဲ့ကို လက်စားချေဖို့ ဖူချ ကို တာဝန်ပေးခဲ့ပါတယ်။ 

ဘီစီ ၄၉၄ မှာ ယွဲ့ဘုရင် ကိုးကျန့် ဟာ ကောလဟလ တစ်ခုကို ကြားရပါတယ်။ အဲဒါကတော့ ဝူဘုရင် ဖူချ ဟာ ယွဲ့ကို အနိုင်တိုက်ဖို့ စစ်ပြင်နေတယ်ဆိုတဲ့ သတင်းပါ။ ဒါကိုကြားတဲ့အခါ ကိုးကျန့် ဟာ လက်ဦးမှုယူပြီး ဝူကို ဝင်တိုက်ဖို့ ပြင်ပါတယ်။ သူ့ရဲ့ အကြံပေးအမတ် ဖန်းလိ (范蠡 Fanli) က အလောတကြီး ဝင်မတိုက်သင့်ကြောင်း အကြံပေးပေမယ့် ကိုးကျန့် က လက်မခံခဲ့ပါဘူး။ ကိုးကျန့် ရဲ့ စစ်ပြင်ဆင်မှု သတင်းကိုလည်း ဝူဘုရင် ဖူချ က ပြန်ကြားပြီး စစ်ချီလာပြန်ပါတယ်။ ဖူကျောက် (Fujiao) ဆိုတဲ့ အရပ်မှာ တပ်နှစ်တပ် ဆုံကြပြီး တိုက်ကြတဲ့အခါ ဝူက နိုင်ပြီး ယွဲ့က ရှုံးခဲ့ပါတယ်။ ယွဲ့ရဲ့ နယ်မြေတော်တော်များများကို ဝူ တပ်တွေက သိမ်းပိုက်လိုက်ပါတယ်။ 

အမတ်ကြီး ဖန်းလိ ရဲ့ အကြံပေးချက်အရ ယွဲ့ဘုရင် ကိုးကျန့် ဟာ အမတ်ကြီး ဝမ်ကျုံး (文種 Wen Zhong) သံတမန်အဖြစ် ရွေးချယ်ပြီး ဝူရဲ့ အမတ်ချုပ်ကြီးဖြစ်တဲ့ ပေါဖီ (伯嚭 Bo Pi) ဆီ စေလွှတ်ပြီး လာဘ်ထိုးစေပါတယ်။ အမတ်ချုပ်ကြီးပေါဖီက ဝူဘုရင် ဖူချ ယွဲ့ပြည်ကနေ တပ်တွေဆုတ်ပေးရအောင် နားချပေးဖို့ပါ။ 

ပေါဖီ ကလည်း ယွဲ့နဲ့ ယာယီအားဖြင့် သင့်သင့်မြတ်မြတ် နေသင့်ကြောင်း ဘုရင်ဖူချ ကို လျှောက်တင်ပါတယ်။ အဲဒီအချိန်မှာ ဘုရင်ဖူချ ကလည်း ချီနယ်မြေတွေထဲကို နယ်ချဲ့ဖို့ အာရုံကျနေချိန်ပါ။ ဒါကြောင့် ယွဲ့ကို မသိမ်းပိုက်သေးဘဲ ယာယီ စစ်ပြေငြိမ်းထားဖို့ သဘောတူခဲ့ပါတယ်။ သူ့ရဲ့တပ်တွေကို ယွဲ့မြေပေါ်ကနေ ဆုတ်ခွာခိုင်းလိုက်ပါတယ်။ ဒါပေမဲ့ အပြန်အလှန်အားဖြင့် ယွဲ့ဘုရင် ကိုတော့ ဝူနန်းတော်ကို ဆင့်ခေါ်ပြီး ဝန်ထမ်းအဖြစ် ထားလိုက်ပါတယ်။ တကယ်တော့ ရန်သူကို မသတ်ဘဲ နှိမ်ထားလိုက်တဲ့ သဘောပါ။ ယွဲ့ဘုရင် ကိုးကျန့် ကို ကျွန် အဖြစ် နှိမ့်ချဆက်ဆံခြင်းပါပဲ။ 

ဝူတပ်တွေ နောက်ဆုတ်သွားတဲ့အခါ ယွဲ့ဘုရင် ကိုးကျန့် ဟာ သူ့မိဖုရားနဲ့ အမတ်ကြီး ဖန်းလိ တို့ကို ခေါ်ပြီး ဝူနန်းတော်ကို သွားရောက်ပြီး အမှုထမ်းခဲ့ရပါတယ်။ အဲဒီကာလဟာ ယွဲ့နိုင်ငံနဲ့ ဘုရင်ကိုးကျန့် အတွက် အရှက်တကွဲအကျိုးနည်း ဖြစ်ခဲ့ရတဲ့ ကာလပါပဲ။ တချို့ပုံပြင်တွေမှာ ကိုးကျန့်ကို ဝူဘုရင်က မြင်းဇောင်းမှာ အလုပ်သမားအဖြစ် ထားတယ်လို့ ပြောကြပါတယ်။

ကိုးကျန့်ဟာ ဝူနန်းတော်မှာ အလုပ်ကို ကျိုးကျိုးနွံနွံ၊ ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့ပါတယ်။ ကြာလာတာနဲ့အမျှ ဝူဘုရင် ဖူချ ဟာ ကိုးကျန့် ကို ယုံကြည်လာပါတယ်။ ပြန်တော်လှန်တော့မှာ မဟုတ်ဘူးလို့ စိတ်ချလာပါတယ်။ သုံးနှစ်အကြာမှာ ကိုးကျန့် ကို ပြန်တော်ပြန်ခွင့်ပေးလိုက်ပါတယ်။ 

ကိုးကျန့်ဟာ ယွဲ့ထီးနန်းကို ပြန်ရတဲ့အခါ အမတ်ကြီး ဝမ်ကျုံး၊ အမတ်ကြီး ဖန်းလိ တို့ရဲ့ အကူအညီနဲ့ တိုင်းပြည်တည်ဆောက်ရေးကို ဖိပြီး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးနဲ့ ပညာရေး ကို အဆင့်မြှင့်တင်ခဲ့သလို၊ စစ်တပ်ကိုလည်း တိတ်တဆိတ် တည်ဆောက်နေခဲ့တာပါ။ တိုင်းပြည်ကို အဲဒီလို တည်ဆောက်နေချိန်မှာ တစ်ဖက်ကလည်း သူ့ရဲ့ စိတ်ချရတဲ့ အမတ်တွေကို ဝူနန်းတော်ထဲ လွှတ်ပြီး တံစိုးလက်ဆောင်တွေနဲ့ ဖျက်ဆီးပါတယ်။ ဝူနန်းတော်ရဲ့ အင်အား လျော့နည်းလာအောင်ပါ။ အဲဒီအချိန်မှာ ဖူချ နဲ့ ဝူနန်းတော်ကတော့ ကိုးကျန့်ကို စိတ်ချလက်ချ လွှတ်ထားပြီး ချီ နဲ့ တိုက်ဖို့ကိုပဲ အာရုံစိုက်နေခဲ့တာပါ။ 

ကိုးကျန့် ဟာ ယွဲ့ရဲ့ ဘုရင် ပြန်ဖြစ်လာပေမယ့် ဘုရင်တစ်ပါးလို ခန့်ခန့်ညားညား ဇိမ်ခံပြီး မနေတော့ဘူးလို့ ဆိုပါတယ်။ သူဟာ အိပ်တဲ့အခါ ထင်းပုံပေါ်မှာ အိပ်ပါသတဲ့။ လယ်သမားတွေ စားတဲ့ ဆင်းရဲသား အစားအစာတွေကိုပဲ စားပါသတဲ့။ ထမင်းမစားခင်မှာ သည်းခြေရည်ကို လျက်လေ့ရှိပါသတဲ့။ ခါးတဲ့အရသာကို ခံစားဖို့ပါ။ ဒီလိုလုပ်ရတဲ့ အကြောင်းကတော့ သူ့ရဲ့ ကျွန်တစ်ယောက်အဖြစ် ခါးသီးခဲ့ရတဲ့ နေ့ရက်တွေကို မေ့မသွားစေဖို့ ဖြစ်ပါတယ်။ 

ကိုးကျန့်ရဲ့ အဲဒီအဖြစ်ကို အခြေခံပြီး တရုတ်ဘာသာစကားမှာ ဒီကနေ့အထိ သုံးစွဲနေဆဲ စကားအလင်္ကာ (အီဒီယမ်) တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒါကတော့ “ဝေါ့ရှင်းချန်းတန်(臥薪嚐膽wò xīn - cháng dǎn)” ဆိုတဲ့ စကားပါပဲ။ “ထင်းပုံပေါ်အိပ်၍ သည်းခြေရည်ကို လျက်သည်” ဆိုတဲ့အဓိပ္ပာယ်ပါ။ မိမိရဲ့ အရှုံးအပေါ် အမှတ်သည်းခြေရှိရှိနဲ့ ရည်မှန်းချက် ကြီးကြီးထားပြီး ကြိုးစားတာကို ဝေါ့ရှင်းချန်းတန် ဆိုတဲ့ စကားနဲ့ တင်စားပြောဆိုကြတာ ဖြစ်ပါတယ်။ 

နောက်ပိုင်းမှာ ဝူနိုင်ငံအနေနဲ့ ချီကို တိုက်ဖို့ပဲ အာရုံစိုက်နေတာကို အခွင့်ကောင်းယူပြီး ကိုးကျန့် က ဝူကို ဝင်တိုက်ပါတယ်။ ဘီစီ ၄၈၂ မှာ ဝူဘုရင် ဖူချ ဟာ သူ့ရဲ့ ဩဇာကို ပြန်လည်စုစည်းနိုင်ဖို့ နိုင်ငံစုံ အစည်းအဝေးခေါ်ယူပါတယ်။ ဒါပေမဲ့ ယွဲ့ရဲ့ အင်အားကို ကောင်းကောင်း မတုံ့ပြန်နိုင်ခဲ့ပါဘူး။ ဝူ အိမ်ရှေ့မင်းသား ယို(You) ကိုတောင် ယွဲ့က သုတ်သင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဝူ နဲ့ ယွဲ့ အကြားမှာ အဆင့်အတန်းပြန်တူလာပါတယ်။ 

ကိုးကျန့်ရဲ့ နန်းသက် ၂၄ နှစ်မြောက်တဲ့ ဘီစီ ၄၇၃ မှာ ကိုးကျန့် ဟာ ဝူမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကိုးကျန့် ဟာ ဖူချ ကို အညံ့ခံခိုင်းပါတယ်။ ဖူချ ကတော့ အညံ့ခံဖို့ ငြင်းဆန်ခဲ့တာကြောင့် နောက်ဆုံး သူ့ကိုယ်သူ အဆုံးစီရင်စေခဲ့ပါတယ်။ ကိုးကျန့် ဟာ ဝူ ကို ယွဲ့နိုင်ငံထဲ ထည့်သွင်းလိုက်တဲ့အတွက် ဝူနိုင်ငံ ဆိုတာ မြေပုံပေါ် ပျောက်သွားပါတယ်။ 

ဝူ ကို ရပြီးတဲ့နောက် ကိုးကျန့်ဟာ ဝူနန်းတော်ထဲက အကျင့်ပျက် အမတ်တွေအားလုံးကို ရှင်းလင်းပါတော့တယ်။ တချိန်က သူ့ကို ကူညီပေးခဲ့တဲ့ ပေါဖီ ကိုတောင် အလွတ်မပေးပါဘူး။ ယွဲ့နိုင်ငံ ဝူ လက်အောက် ကျရောက်စဉ်က ပေါဖီကို လာဘ်ထိုးပြီး ဝူတပ်တွေ ပြန်ရုပ်သိမ်းအောင် ကြိုးပမ်းခဲ့တာပါ။ တကယ်တော့ ကိုးကျန့် ဟာ ဖူချ မှားခဲ့တဲ့ အမှားမျိုး ထပ်မမှားချင်တာပါ။ သူသာ လာဘ်စားတဲ့ အမတ်ကို ဆက်ထားရင် တချိန်မှာ သူဟာလည်း ဖူချ လို အကျနာမှာကို ကြိုတွက်ထားခဲ့ပုံ ရပါတယ်။ 

ဒီလိုနဲ့ ကိုးကျန့် ရဲ့ ယွဲ့နိုင်ငံဟာ နွေဦးဆောင်းဦးကာလရဲ့ ဩဇာကြီးတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာပြီး၊ တချို့သမိုင်းတွေက ကိုးကျန့် နဲ့ ယွဲ့ ကို ဝူပါး လို့ခေါ်တဲ့ ဘုရင်ခံနိုင်ငံ ငါးခုအနက် တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့ကြပါတယ်။ 

~~~~~~~~~~~~~~~~~~~~

👉ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတိုများ (၁ — ၃၂) 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar