Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အလှူတကာတွင် ဗျူဟာအလှူသာ အမြတ်ဆုံး

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အလှူတကာတွင် ဗျူဟာအလှူသာ အမြတ်ဆုံး

(မိုးမခ) ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၄


“အလှူတကာတွင် ဗျူဟာအလှူသာအမြတ်ဆုံး” ဟု ကျမ်းထွက်ရှိ၍လော မပြောတတ်။ မအလနှင့် သူ့စစ်တပ်သည် တဗျူဟာပြီး တဗျူဟာ လှူလာလိုက်သည်မှာ ရှမ်းမြောက် လောက်ကိုင်ဗျူဟာမှ ချင်းအစပ် နုံးဘူး တရွန်အိုင်ဗျူဟာများစွာ၊ ထိုမှဆက်ကာ ရခိုင်ရိုးမအနှံ့အပြား၊ အဲသလောက်မအားလပ်သည့်ကြားမှ ခု မြောက်ဖျားမှာ ဗျူဟာစီခမ်းကြီးကိုလဲ လှူဒါန်းပြီးကြောင်း ရဟန်းရှင်လူ သူတော်ကောင်းများ နှစ်ထောင်းအားရ သာဓုခေါ်ကြရန် ထုတ်ပြန်လာသည်။

သူတကာမတူ ဗျူဟာအလှူတွင် ပါဝင်စာရင်း ဖြည့်တင်းမနိုင် လက်နက်ကြီးငယ်အသွယ်သွယ်အလှိုင်လှိုင် သံချပ်ကာနှင့် တင့်ကားယဉ်မျိုးစုံမြိုင်မြိုင် ဒုံးစင်တွေပါ ပြုံးရွှင်စွာနှင့် ကျည်မျိုးစုံသေတ္တာတွေ မိုးကောင်းကင်တိုင် ရိက္ခာဆေးဝါး ဆန်ဆီဆားနှင့် ကားလေးကားကြီး အသီးသီးလဲ ဂိုဒေါင်လိုက်အပြိုင်၊ အချို့နေရာတွင် မြို့ကြီးနယ်ကြီးတွေပါ အပြီးတိုင် လှူဒါန်းလိုက်သည်မှာ ဝေဿန္တရာလက်မှိုင်ချရလောက်သည်အထိပင်။

အစက အဆိုတော်ဗျူဟာကို အလကားသက်သက် ဖမ်းဆီးထောင်ချလိုက်သည်ဟု အထင်ရှိခဲ့သည်မှာ မှားရချေတော့သည်။ အတိတ်တဘောင် နိမိတ်ဆောင်ဆိုသည့်အတိုင်း အတိတ်နိမိတ်ယုံကြည်အားထားသူများပီပီ ဗျူဟာကို ဖမ်းသည်မှာ ဗျူဟာတွေ လှူဒါန်းဖို့ အရိပ်ပြတာပါလားဟု ယခုမှပင် သိမြင်တော့သည်။ အလိုတော်ပြည့်သည်အထိ ဗျူဟာအကုန်လှူဒါန်းပြီးစီးမှသာ အဆိုတော်ဗျူဟာကို ဖမ်းဆီးမှုကိစ္စပြီးမြောက်မည်ဟု ယူဆရချေသည်တမုံ့။

“တစတစ စွန့်ဝံ့မှလျင် ဘဝနောက်နှောင်း ဆက်တိုင်းကောင်း” ဆိုသည့် ဆရာတော်များ၏ ဩဝါဒတော်များနှင့်အညီ ဗျူဟာမှသည် သူတကာပျော်ပြုံးအောင် မြတ်လှတမူ တပ်မအလှူကိုလည်း နတ်မျှမတူအောင် ပေးနေပါပြီ။ နတ်သိကြားပင်လျှင် တပ်သားတို့အလှူအပြင်အဆင်ကို မယှဉ်သာ၍ အစီအစဉ်ညံ့ဖျင်းမှုဖြင့် မာတလိကို အင်းစိန်ပို့လိုက်ပေပြီ။ ယခုအခါ စစ်တိုင်းနှင့် ပြည်နယ်ပါလှူဖို့အထိ တိကနဲပြတ်အောင် ဆုံးဖြတ်ပြီးပေပြီ။ ရှမ်းမြောက်တုန်းက မြန်မာကိလေသာအဟုန်ဖြင့် ချီတုံချတုံဖြစ်နေသေးသည်။ အဲဒီအချိန်က ဒို့တာဝန်အရေးသုံးပါးဆိုသည့် လောဘ ဒေါသ မောဟများ ယခုလောက်မပါးသေးပေတကား။ 

တပ်ရင်း ဗျူဟာ တပ်မ စစ်တိုင်း အလှူတော်ကြီးကဆုန်စိုင်းပြီး မကြာခင် နေပြည်တော်အပါအဝင်ပြည်အလုံး အိမ်ရှေ့မင်းသား ဂျင်နရေးရှင်းဇီများကို လွှဲအပ်၍ ထောင်ရပ်မှာ မြှောင်ကပ်ကာ အမှောင်ဇာတ်ကို နိဂုံးကမ္ပတ် အဆုံးသတ်တော့မည်ဖြစ်ကြောင်း သတင်းကောင်း မောင်းဆော်သံပေးလိုက်သည် ဒေါင်းတော်လှန်ရေး အောင်စေသတည်း။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar