အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၇ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၇ )
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄
14/2/24
Diary in the darkness
မုံရွာမှာ လူငယ်လေးဆယ်ကျော်ကို စစ်မှုထမ်းဖို့ ဖမ်းသွားတဲ့ သတင်းတက်လာတယ်။ တမြို့လုံး လူရှင်း တိတ်ဆိတ်နေတဲ့ ဓာတ်ပုံတွေ တက်လာတယ်။ သူငယ်ချင်းတစ်ယောက်က fb ပေါ်မှာ ကယ်ကြပါဗျို့ လို့ တင်ထားတယ်။ ဖုန်းဆက်မေးတော့ လှိုင်သာယာ အဝေးပြေးဂိတ်မှာ လူငယ်တွေကို စစ်တပ်က ဖမ်းခေါ်သွားတာ သူကိုယ်တိုင် တွေ့လိုက်ရလို့တဲ့။
တောင်ဒဂုံမှာ လူငယ် ၁၈ ယောက်ကို အုပ်ကြီးနဲ့ နောက်ပါ လက်နက်ကိုင်တွေက စစ်သား စုဆောင်းရေးအတွက် ဖမ်းသွားတဲ့သတင်း တက်လာတယ်။ ကျူရှင်ဆရာ တစ်ယောက်ကတော့ သူ့သားတွေ PDF ထဲဝင်ဖို့ ခွင့်တောင်းနေတယ်။ သူ ဘာလုပ်ရမလဲတဲ့။ ဖခင်မဲ့ မြေးသုံးယောက်ရဲ့ အဘိုးကတော့ သူ့မြေးတွေတွေအတွက် စိတ်ပူလို့ ညမအိပ်နိုင်တဲ့အကြောင်း ဖုန်းဆက်လာတယ်။ ရခိုင်ရှေ့နေတစ်ယောက်က ပြောတယ်၊ ရခိုင် မြန်မာ အဓိကရုဏ်း ဖန်တီးဖို့ စစ်တပ်နဲ့ ကြံ့ဖွတ်တွေက ရန်ကုန်နဲ့ မန္တလေး နေရာအနှံ့မှာ စာကပ် နေကြတယ်။ သူတို့ ဘာလုပ်ကြရင် ကောင်းမလဲတဲ့။ ကျွန်တော်လည်း ဘာမှ မပြောတတ်တော့ပါဘူး။ PDF ထဲဝင်ဖို့ ဆိုတာ ၊ တဖက်နိုင်ငံကို သွားဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ စိတ်ချယုံကြည်ရတဲ့ အဆက်အသွယ်ရှိတယ်ဆိုရင်တော့ မိမိ ယုံကြည်ရာလမ်းကို ရွေးသင့်ပါတယ်။ ဒီအချိန်မှာ တယောက်ကိုတစ်ယောက် အာမခံပေးဖို့ ခက်ခဲလှပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ NUG ကလည်း အစစ အရာရာ အောင်အောင်မြင်မြင် ဖြေရှင်းပေးဖို့ဆိုတာ အခက်အခဲတွေ အများကြီး ရှိမှာပါ။ ဘာပဲဖြစ်ဖြစ် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ကိုယ့်သေတွင်း ကိုယ်တူးနေတာတော့ သေချာတယ်။ ပြည်သူတွေက စစ်ကောင်စီ ခေါင်းပေါ် မြေဖို့ပေးဖို့ ကြိုးစားရမယ့် အချိန်ပါပဲ။
တနေ့က တောင်ငူက အမျိုးတစ်ယောက်ကဖုန်းဆက်တယ်။ ဇရပ်ကြီးမှာရှိတဲ့ အမျိုးတွေရဲ့ဆိုင်တွေ အိမ်ကြီးတွေ မီးထဲ ပါသွားပြီတဲ့။ ကြံ့ဖွတ်တွေလည်း နေပြည်တော်ကို ပြေးကြပြီတဲ့။ တောင်ငူက ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်တွေ အများကြီး ရောက်နေကြတယ်။ ဇရပ်ကြီးဘက်က ခြေလျင်ပြေးခဲ့ကြတာတဲ့။ အဘိုး အဘွားတွေ ကိုယ်ဝန်သည်တွေ ပါတယ်။ စိတ်ထိခိုက်စရာ မြင်ကွင်းတွေတဲ့။
ရခိုင်မှာ စစ်သင်္ဘောတစ်စီးကို အေအေက ထပ်မြှုပ်လိုက်တယ်။ ဒါနဲ့ဆို အေအေက မြှုပ်လိုက်တဲ့ စစ်ကောင်စီ စစ်သင်္ဘော လေးစီးရှိပြီ။
စစ်ကောင်စီဟာ တောလှန်ရေးကို မခုခံနိုင်တော့ လူထုကို ရသလောက် နှိပ်စက်မယ်ဆိုတဲ့ ဗျူဟာကို ကျင့်သုံးနေတယ်။
လူထုကလည်း ဘယ်လောက် ဒုက္ခရောက်ရောက် စစ်ကောင်စီနဲ့ မပူးပေါင်းဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ချထားတဲ့သူ များတယ်။
လူထု ရွံမုန်းတဲ့ စစ်တပ်က စစ်မှုမထမ်းမနေရ အမိန့်ထုတ်လိုက်တာဟာ သူတို့ရဲ့ နိဂုံးကို ပိုမိုမြန်ဆန်အောင် လုပ်လိုက်တာပါပဲ။ ငရဲကို ဖြတ်လမ်းက အမြန်ဆုံး သွားနေကြပြီ ထင်ပါရဲ့။
အောင်ပွဲနီးလေလေ အကျပ်အတည်းတွေ ပိုများလေလေပါပဲ။
အန်ကယ်တူမီး
14/2/24
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar