Breaking News

စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ မွန်ပြည်သစ်ပါတီရဲ့ အကွဲ

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၄ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄


စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ မွန်ပြည်သစ်ပါတီရဲ့ အကွဲ 

အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ NMSP လို့ အတိုကောက်ခေါ်ဆိုတဲ့ မွန်ပြည်သစ်ပါတီဟာ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ် အကြာမှာတော့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး၊ လက်နက်ကိုင်တပ်ရဲ့ ဒုတိယစစ်ဦးစီးချုပ်တို့ပါဝင်တဲ့ အင်အားစုတချို့က မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ဆိုတဲ့ အမည်နဲ့ ခွဲထွက်ခဲ့ကြောင်း ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့မှာ အများသိရှိအောင် ကြေညာခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီမှာ ဗဟိုကော်မတီဝင် ၆ ဦး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၃ ဦး နဲ့ တပ်ရင်း ၁ ရင်းပါရှိတယ်လို့ သတင်းဖေါ်ပြချက်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၁ ဦးရှိတဲ့အနက် ၃ ဦးက ခွဲထွက်တဲ့ အဖွဲ့ထဲပါဝင်ပြီး ၈ ဦးက နကိုရှိရင်း အဖွဲ့ MNSP မှာ ကျန်ခဲ့တဲ့ သဘောဖြစ်ပါတယ်။ 

လက်နက်ကိုင်အင်အား အနေနဲ့တော့ လောလောဆယ် သိရသလောက် တပ်ရင်း  ၁ ရင်း ပါသွားတယ်လို့သာ သိရပြီး ရာထူးတာဝန်ယူထားသူအနေနဲ့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ လက်နက်ကိုင် တပ်ဖွဲ့ရဲ့ ဒု စစ်ဦးစီးချုပ် နိုင်စလွန်းထော၊ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ်တို့ ပါဝင်တယ်လို့ သတင်းဖေါ်ပြမှုတွေအရ သိရပါတယ်။ 

လွန်ခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးသီတင်းပတ်ကနေ ဇန်နဝါရီလလယ်လောက်အထိ ကျင်းပတဲ့ မွန်ပြည်သစ်ပါတီ ၁၁ ကြိမ်မြောက် ဗဟိုညီလာခံမှာ ဗဟိုအလုပ်အမှုဆောင် ၂ ဦးထပ်တိုးချဲ့ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

MNSP ပါတီအနေနဲ့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့ဘဲ၊ စစ်ကောင်စီက ဖိတ်ခေါ်တဲ့ NCA ရေးထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့ တဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ၃ ကြိမ်လုပ်ဆောင်ခဲ့ပြီး ဘယ်လိုဆွေးနွေးမှု ရလဒ်တွေရှိခဲ့တယ်ဆိုတာမျိုးတော့ လူသိရှင်ကြား ထုတ်ပြန်ခဲ့တာမရှိပါဘူး။ ယခုခွဲထွက်တဲ့ MNSP (AD) အဖွဲ့ က၄င်းတို့ခွဲထွက်ရခြင်း အကြောင်းကို ပြောဆိုရာမှာ စစ်ကောင်စီနဲ့ ၃ ကြိမ်ဆွေးနွေးရာမှာ တပ်နေရာချထားမှုတွေနဲ့ ပတ်သက်လို့ သဘောတူညီမှု မရရှိခဲ့ကြောင်း ပြောဆိုထားပါတယ်။ ယမန်နှစ်နှောင်းပိုင်းက မွန်ပြည်သစ်ပါတီရဲ့ တပ်တချို့ မုဒုံမြို့နယ် မော်လမြိုင်-သံဖြူဇရပ်ကားလမ်းနဘေး ရှိနယ်မြေတချို့မှာ နေရာယူ လှုပ်ရှားခဲ့တဲ့ သတင်းတချို့လည်း ထွက်ပေါ်ခဲ့ဖူးတာ ဖြစ်ပါတယ်။ 

MNSP (AD) က ပြောဆိုရာမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဗဟိုညီလာခံမှာ MNSP အနေနဲ့ NCA လမ်းကြောင်းအတိုင်း ဆက်လက် ရပ်တည်သွားမယ်ဆုံးဖြတ်ခဲ့တာ အပေါ်မူတည်ပြီး အခုလို ခွဲထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ လည်းဆိုပါတယ်။ ပင်မ MNSP ဘက်ကတော့ အခုခွဲထွက်ခြင်းနဲ့ ပတ်သက်လို့ ဘာမှ မှတ်ချက်ပြုပြောဆိုတာ မတွေ့ရသေးပါဘူး။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း MNSP အနေနဲ့ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်မှု မရှိတဲ့အပေါ် အချို့သော မွန်လူငယ်ထုတွေအနေနဲ့ အားမရတဲ့ ခံစားချက်တွေ၊ အမြင်တွေ ရှိကောင်းရှိနေကြမှာလည်း ဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်နယ်၊ ဒေသတွေအနက် မွန်ပြည်နယ်ဟာ လက်နက်ကိုင် တိုက်ပွဲ ဖြစ်ပွားမှုအနည်းဆုံး ပြည်နယ်လို့ ဆိုနိုင်ပါတယ်။ မွန်ပြည်နယ်ရဲ့ ဒေသအချို့ နဲ့ မွန်လူမျိုးတွေ အများစုနေထိုင်ကြတဲ့ ကရင်ပြည်နယ်ထဲက တိုက်နယ်မြို့၊ ကျေးရွာကြီးအချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားတာမျိုး တွေသာရှိပြီး မွန်ပြည်သစ်ပါတီ အနေနဲ့တော့ စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်တာမျိုး ခုချိန်ထိ မရှိခဲ့ပါဘူး။  မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ် အစပ်ဖြစ်တဲ့ ကြာအင်းဆိပ်ကြီးနဲ့ ကျိုက်မရော မြို့နယ်တို့ထဲက ချောင်းနှစ်ခွ တံတား၊ စံပယ်ဂူ စတဲ့နေရာတွေမှာ ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက ကေအန်ယူ နဲ့ ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်တွေ၊ ရဲစခန်းတွေကို တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပြီး အပြန်အလှန်အားဖြင့် စစ်ကောင်စီက ပြန်လည်သိမ်းယူဖို့ ထိုးစစ်ဆင်ခဲ့ကာ မွန်လူမျိုးတွေ နေထိုင်ကြတဲ့ ကျေးရွာတွေအများအပြား ပျက်စီးတာ ဖမ်းဆီးခံရတာ၊ အသက်ဆုံးရှုံးတာတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

ယမန်နှစ် အစောပိုင်းကလည်း မွန်လူမျိုးတွေ အများစုနေထိုင်ကြတဲ့ ကရင်ပြည်နယ်ထဲက ကော့ဘိန်း၊ ခရား၊ ကမ်းနီစတဲ့ ကျေးရွာတွေမှာ ကေအန်ယူ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ရှိသလို၊ မွန်ပြည်နယ်ထဲက သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်၊ ရေးမြို့နယ်တို့မှာတော့ စစ်ကောင်စီ တပ်နဲ့ ဒေသအလိုက်ဖွဲ့စည်းကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ ကေအန်ယူ တပ်တွေနဲ့ တိုက်ပွဲတွေ ပြီးခဲ့တဲ့ ၃ နှစ်တာအတွင်း ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ 

မွန်ပြည်နယ် အတွင်း အထက်ကဒေသတွေက လွဲလို့ မြို့တွေ၊ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိခဲ့ဘဲ မွန်ပြည်သစ်ပါတီ အနေနဲ့လည်း မြေပေါ်က မွန်ညီညွတ်ရေးပါတီ၊ မွန်အရပ်ဖက်အဖွဲ့အစည်းတွေ နဲ့ ထိတွေ့ဆက်ဆံရေး ရှိခဲ့ပြီး စစ်ကောင်စီအဖို့တော့ မွန်ပြည်နယ်မှာ မွန်ပြည်သစ်ပါတီရဲ့ လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိတဲ့အတွက် စစ်မျက်နှာတခု သက်သာရာရတဲ့ အနေအထားလို့ ယူဆထားပါလိမ့်မယ်။ 

တဖက်မှာ မွန်လူမျိုးတွေ နေထိုင်တဲ့ ဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားလာတာကို မွန်ပြည်သူလူထု အနေနဲ့ မလိုလားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လူငယ်ထုထဲက နဲ့ လက်နက်ကိုင်တပ်ဖွဲ့ထဲက အင်အားစု တချို့ကတော့ စစ်အာဏာရှင်တပ်ကို တခြားသော စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ အတူ ပူးပေါင်းတိုက်ခိုက်လိုကြမှာ ဖြစ်ပါတယ်။

ဒီအခြေအနေ အားမလိုအားမရဖြစ်မှု၊ နိုင်ငံရေး၊ စစ်ရေး လမ်းကြောင်းကွဲလွဲမှုက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အတိအလင်း ဖော်ထုတ်လိုက်တဲ့ သဘောဖြစ်ပါတယ်။ 

အသစ်ခွဲထွက်တည်ထောင်လိုက်တဲ့ လက်နက်ကိုင် အဖွဲ့ရဲ့ အမည်ကိုလည်း သက်တမ်းရင့် မွန်ပြည်သစ်ပါတီ ဆိုတဲ့အမည်အတိုင်းသာ ယူထားပြီး  “(စစ်အာဏာရှင်ဆန့်ကျင်ရေး)”ဆိုတဲ့ ဝိသေသနဲ့ ခွဲခြားထားတာ သာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်ထဲမှာ MSRF မွန်ပြည်တော်လှန်ရေး တပ်၊ MSDF မွန်ပြည်ကာကွယ်ရေး တပ်နဲ့ ၊ ရေးမြို့ နယ်တဝိုက် အခြေစိုက်တဲ့ Ye Guerrila Force, Ye Air Force၊ ရေးဘီလူး အစရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရှိကြပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC လိုနိုင်ငံရေး အဖွဲ့အစည်း၊ မွန်ပြည်တော်လှန်ရေး အဖွဲ့အစည်း MSRO အစရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေလည်း ရှိကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ MNSP နဲ့ MNSP (AD) တို့ကတော့ အင်အားကြီးမားတဲ့ အဖွဲ့တွေ ဖြစ်ပြီး ကျန်တဲ့ အဖွဲ့တွေက ဒေသအလိုက် ဖွဲ့စည်းထားတဲ့ အဖွဲ့ငယ်တွေလို့ ဆိုနိုင်မှာဖြစ်ပါတယ်။ 

အခုလို လက်နက်ကိုင် အဖွဲ့အစည်းရဲ့ ခွဲထွက်တဲ့ အဖွဲ့ခွဲပေါ်ထွက်လာခြင်းက မွန်ပြည်နယ်ထဲက စစ်ရေး အခြေအနေနဲ့ နိုင်ငံရေး နယ်ပယ်ကို ဘယ်လောက် သက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာတော့ အခုချိန်မှာ ခန့်မှန်းဖို့ စောလွန်းနေသေးပြိး စောင့်ကြည့်ကြရဦးမယ့် အနေအထားလို့ သုံးသပ်ရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar