လှကျော်ဇော - တရုတ်ရဲ့ မဟာဗျူဟာ ကမ္ဘာ့အမြင် (၄)
လှကျော်ဇော - တရုတ်ရဲ့ မဟာဗျူဟာ ကမ္ဘာ့အမြင် (၄)
(မိုးမခ) ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၄
ကမ္ဘာလုံခြုံရေးဆိုင်ရာ အဆိုပြုချက် (Global Security Initiative GSI)
လူသားများရဲ့ ဘ၀မျှော်လင့်ချက်ဟာ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် နေထိုင်ရဖို့ ဖြစ်ပါတယ်။
ဒီအတွက် နေထိုင်စားသောက်ရေး အဆင်ပြေဖို့ (တနည်းပြောရရင် ဖွံ့ဖြိုးတိုးတက်ရေးရှိဖို့) လိုပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးရှိဖို့ ဆိုရင် ငြိမ်းချမ်းရေးရှိရမှာ ဖြစ်တဲ့အတွက် ဒီအချက် (၂) ချက်ဟာ အပြန်အလှန် ဆက်စပ်နေတာပါ။ ဒါတွေရဲ့ အခြေခံလိုအပ်ချက်ကတော့ လူသားများအတွက် ဘက်စုံက ဘ၀လုံခြုံရေးပါ။
ဒါ့ကြောင့်ပဲ တရုတ်က ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆိုပြုချက် တင်အပြီးမှာ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ အဆိုပြုချက်ကို ၂၀၂၂ ခုနှစ် ဟိုင်နန်ကျွန်းမှာ ကျင်းပတဲ့ ပိုအာ့ အာရှညီလာခံမှာ ရှီကျင့်ပင် က တင်ပြလိုက်ပါတယ်။ ဒီအဆိုပြုချက်မှာ ပါတာတွေကတော့—
ကမ္ဘာ့လုံခြုံရေးဆိုင်ရာပြဿနာတွေကို ဖြေရှင်းရေးအတွက် အကြံပြုချက် ၆ ချက် ပါပါတယ်။
၁။ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့အတွက် ရေရှည်ခံတဲ့၊ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့လုံခြုံရေးအတွက် အမြင်တူသူတွေ အတူတကွ လုပ်ဆောင်ကြရန်။
၂။ နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရန်၊ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်မစွက်ရန်နှင့် နိုင်ငံအသီးသီးက ပြည်သူများအနေနဲ့ မိမိတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းနဲ့ လူမှုရေး စနစ်များကို လွတ်လပ်စွာ ရွေးချယ်ခွင့်ကို လေးစားကြရန်။
၃။ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာချုပ်ရဲ့ မူများကို လေးစားလိုက်နာရန်၊ စစ်အေးခေတ် အတွေးအခေါ်များကို ဖယ်ရှားရန်၊ တဖက်သတ်ဝါဒ (unilateralism) များကို ဆန့်ကျင်ပြီး အစုအဖွဲ့ (bloc)ဖွဲ့ပြီး ထိပ်တိုက်ရင်ဆိုင် တွေ့မှုများကို ရှောင်ရန်။
၄။ နိုင်ငံအားလုံးရဲ့ လုံခြုံရေးဆိုင်ရာ တရားဝင် စိုးရိမ်ပူပန်မှုများကို လေးလေးနက်နက် ထည့်သွင်းစဉ်းစားပေးရမှာဖြစ်ပြီး၊ ခွဲခြားမှုမရှိတဲ့ လုံခြုံရေးမူကို ကိုင်စွဲကာ၊ ဟန်ချက်ညီတဲ့၊ ထိရောက်မှုရှိတဲ့၊ရေရှည်ခံမယ့် လုံခြုံရေးဆိုင်ရာ ယန္တရားတရပ်ကို တည်ဆောက်ရမယ်။ မိမိနိုင်ငံ လုံခြုံရေးအတွက် တခြား နိုင်ငံလုံခြုံရေးကို မထိခိုက်စေသင့်ဘူး။
၅။ နိုင်ငံအချင်းချင်းအကြား ပဋိပက္ခများ မတူညီမျှမှုများကို စေ့စပ်ဆွေးနွေးပြီး ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်။
အဲဒီအတွက် ကြိုပမ်းမှုအားလုံးကို ထောက်ခံပေးရမယ်။ စံချိန်စံညွှန်း (၂) မျိုး ထားရှိတာ၊ တဖက်သတ် ပိတ်ဆို့အရေးယူတာ၊ လက်တံရှည်ဥပဒေများ အသုံးပြုတာ ရှောင်ရမယ်။
၆။ သမားရိုးကျ ဖြစ်လေ့ဖြစ်ထရှိတဲ့ နယ်ပယ်များမှာ ဖြစ်ဖြစ်၊ အစဉ်အလာမရှိတဲ့ နယ်ပယ်များမှာပဲဖြစ်ဖြစ်၊ လုံခြုံရေးကို ထိန်းသိမ်းကြရမှာဖြစ်ပြီး၊ ဒေသဆိုင်ရာ ပဋိပက္ခများကိုပဲ ဖြစ်ဖြစ်၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ(ဥပမာ အကြမ်းဖက်ဝါဒ၊ ရာသီဥတု ပြောင်းလဲမှု၊)ကို ဖြေရှင်းရာမှာလည်း အတူတကွ ပူးပေါင်းဆောင်ရွက်ရမယ်။
တရုတ်က တဘက်က အဲသလို အကြံပေး တင်ပြချက်တွေတင်သလို သူတို့ ဘာတွေ လုပ်ထားတယ် ဆိုတာလည်း ပြောထားပါတယ်။
၁။ သူတို့မှာ အိမ်နီးနားချင်း (၁၄) နိုင်ငံရှိတဲ့ အနက် (၁၂) နိုင်ငံနဲ့ နယ်နိမိတ်ပြဿနာများ ငြိမ်းချမ်းစွာဖြေရှင်းပြီးပြီ။ ဗီယက်နမ်နဲ့ဆိုရင် ရေကြောင်းဆိုင်ရာ နယ်နိမိတ်ပြဿနာတောင် ဖြေရှင်းပြီးပြီ။
၂။ ကုလသမဂွလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်တဦးအဖြစ် တာဝန်ဝတ္တရားများရော၊ အထူးတာဝန်များကိုရော ကျေပွန်စွာ ဆောင်ရွက်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးစောင့် လုပ်ငန်းများမှာရော၊ တာဝန်များရော၊ တပ်သားများ ပေးပို့ရာမှာရော ကျေပွန်စွာ ဆောင်ရွက်ခဲ့တယ်။
၃။ ပေါ်ထွက်လာနေတဲ့ အပူကွက်ပြဿနာများကို ဖြေရှင်းရေးမှာလည်း တရုတ်ဟာ တာဝန်သိနိုင်ငံကြီး တရပ်အနေနဲ့ ကိုးရီးယားကျွန်းဆွယ် အရေး၊ ပါလက်စတိုင်းအရေး၊ အီရန် အဏုမြူအရေး၊ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန် အရေးများမှာ တာဝန်ယူ လုပ်ဆောင်နိုင်သမျှလုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့ပါတယ်။
၄။ ယူကရိန်းပြဿနာမှာလည်း နိုင်ငံရေးအရ နိုင်ငံတကာအနေနဲ့ ပါဝင်ဖြေရှင်းပေးရေးအတွက်အကြံပေးချက်များကို တင်ပြရုံမက၊ အထူးသံတမန်တဦး ခန့်အပ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့စေလွှတ်ကာ အမြင်များကို ဖလှယ်တာ၊ ညှိနှိုင်းတာတွေ လုပ်ခဲ့ပါတယ်။
၅။ အရှေ့အလယ်ပိုင်းက နိုင်ငံကြီး ၂ နိုင်ငံဖြစ်တဲ့ ဆော်ဒီအရေဗျနဲ့ အီရန်အကြား ပြန်လည်ရင်ကြားစေ့ရေးကို တရုတ်က လုပ်ဆောင်ပေးလိုက်ခြင်းဖြင့် နိုင်ငံအချင်းချင်းကြား ပဋိပက္ခများကိုတွေ့ဆုံဆွေးနွေး အဖြေရှာရေး နမူနာကောင်းကို ပြသလိုက်ပါတယ်။
၆။ အစဉ်အလာမရှိတဲ့ ပြဿနာများကို (ဥပမာ- ကမ္ဘာ့စားနပ်ရိက္ခာ လုံလောက်ရေး)လည်း ဒေသဆိုင်ရာအဖွဲ့အစည်းများကတဆင့် (ဥပမာ-G20-Brics) ကြိုးစားလုပ်ဆောင်ပေးခဲ့တယ် စတာများကို ဖော်ပြထားတာ တွေ့ရပါတယ်။
ဒါ့အပြင် နိဂုံးအနေနဲ့ ဒီလို ရေးထားတာလည်း တွေ့ရပါတယ်။
တရုတ်အနေနဲ လုံခြုံရေးနဲ့ ပတ်သက်တဲ့အမြင် ၃ ရပ် ရှိပါတယ်တဲ့။
၁။ စစ်ပွဲတွေမှာ၊ ပဋိပက္ခတွေမှာ အနိုင်ရသူ မရှိတတ်ဘူး။
၂။ ရှုပ်ထွေးလှတဲ့ သမိုင်းဆိုင်ရာ ပဋိပက္ခတွေကို လွယ်လွယ်ဖြေရှင်းလို့ မရနိုင်ဘူး။ စိတ်ရှည်လက်ရှည် အချိန်ယူ ဖြေရှင်းဖို့ လိုပါတယ်။
၃။ နိုင်ငံကြီးများအကြား ထိပ်တိုက် ရင်ဆိုင်တွေ့မှုကို ရှောင်ကြဉ်ရမယ်။
ဒါတွေကတော့ တရုတ် တင်သွင်းထားတဲ့ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ အဆိုပြုချက် အကျဉ်းချုပ် ဖြစ်ပါတယ်။
လှကျော်ဇော
၁၃-၂-၂၀၂၄
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar